မက္ကဆီကိုသမ္မတ အန်းဒရက်စ်မန်နြူယယ် လိုပက်ဇ်အော်ဘရာဒိုကတော့ (အမေရိကန်သမ္မတ စီးတော်ယာဉ် Air Force One နဲ့ ပုံစံတူ တည်ဆောက်ထားတဲ့) သူရဲ့လေယာဉ်ကြီးကို ပြန်လည်ရောင်းချဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ အဆိုပါလေယာဉ်ကို ဒေါ်လာ(၂၈)သန်းနဲ့ ဈေးခေါ်ထားပြီး မူရင်းတန်ဖိုးထက် အများကြီးနည်းတဲ့ ဈေးနှုန်းနဲ့ ရောင်းချဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။
သမ္မတအော်ဘရာဒိုကတော့ ဒီလေယာဉ်ကြီးဟာ ဆင်းရဲသားပြည်သူတွေကို စော်ကားလှောင်ပြောင်နေသယောင် ဖြစ်နေတယ်လို့ ခံစားမိတယ်လို့ဆိုပါတယ်။ ဒီလေယာဉ်ကြီးကို ရောင်းချရေးမှာ သူ့ရဲ့ စည်းရုံးလှုံ့ဆော်ရေး အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပုံရပါတယ်။ နောက်ပြီး ယခင်အုပ်ချုပ်ရေးစနစ်တွေရဲ့ မလိုလားအပ်တဲ့ အဆောင်ယောင်တွေကို ရှင်းထုတ်ဖို့ ပြင်ဆင်နေပုံပါ။
View this post on Instagram
လေယာဉ်ကြီးကတော့ Boeing 787 Dreamliner အမျိုးအစားဖြစ်ပြီး၊ အရှည်အားဖြင့် (၁၉၇)ပေရှည်ပါတယ်။ ယခင်သမ္မတဟောင်းဖြစ်တဲ့ အင်နရီကေးပီနာ နီယေတိုရဲ့ စီးတော်ယာဉ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ လေယာဉ်ပါ။ အင်နရီကေးက အဲဒီလေယာဉ်ကို “ပြည်သူ့အစေခံ”(Servant of the Nation )ဆိုပြီး အမည်ပေးခဲ့ပါတယ်။ (၂၀၁၂)ခုနှစ်တုန်းက ၀ယ်ယူခဲ့တာဖြစ်ပြီး Boeing ကုမ္ပဏီကို ဒေါ်လာ(၂၁၈.၇)သန်း ပေးချေခဲ့ရပါတယ်။
လေယာဉ်ကြီးမှာ စကျင်ကျောက်တွေနဲ့ စီခြယ်ထားတဲ့ အဆင့်မြင့်ရေချိုးခန်းနှစ်ခန်း၊ ရုံးခန်း၊ မီးဖိုချောင်နှစ်ခန်း၊ ရေချိုးခန်းတွဲလျှက် အဆင့်မြင့်အခန်းတစ်ခန်း၊ အဆင့်မြင့်အိပ်ခန်းတစ်ခန်းတို့ ပါဝင်ပြီး၊ အရေးကြီးပုဂ္ဂိုလ် (၄၂)ဦးအထိ ကျယ်ကျယ်လွင့်လွင့် နေထိုင်နိုင်အောင် စီမံထားတာဖြစ်ပါတယ်။
သမ္မတ အော်ဘရာဒိုဟာ ဒီလေယာဉ်ကို (၂၀၁၈)ခုနှစ် နှစ်ကုန်ပိုင်းလောက်ကလည်း ရောင်းချဖို့ ကြိုစားခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းက ဒေါ်လာသန်း(၁၃၀)နဲ့ လေယာဉ်ကို ရောင်းချဖို့ ဈေးခေါ်ခဲ့ပေမယ့် ၀ယ်လက်ကို ရှာမတွေ့ခဲ့ပါဘူး။ (၂၀၂၀)ခုနှစ် နှစ်ဆန်းပိုင်းလောက်ကလည်း ဒီလေယာဉ်ကို အပျော်စီးလေယာဉ်အဖြစ် အသွင်ပြောင်းပြီး ပြည်သူတွေကို စီးနင်းခွင့်ပေးဖို့ စဉ်းစားနေတယ်လို့လည်း ပြောခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း သမ္မတအော်ဘရာဒိုက သတင်းမီဒီယာများနဲ့တွေ့ဆုံစဉ်မှာ “ ဒါကြီးက သိပ်ကိုကြီးတယ် … သိပ်ကိုကြီးကျယ်တာက ပြည်သူကို သိမ်ငယ်စေသလိုပဲ … သိပ်ကိုကြီးကျယ်လွန်းတော့ ပြည်သူတွေကို စော်ကားနေတာနဲ့အတူတူပဲ … ဒါက ဇိမ်ခံပစ္စည်းပါ … ဒီတိုင်းပြည်မှာက ပြည်သူအများဆင်းရဲနေကြတယ် … လိုအပ်ချက်တွေ အများကြီး ရှိနေပါတယ် ”လို့ ပြောခဲ့ပါတယ်။
သူက “ ပထမ စိတ်ဝင်စားတဲ့လူကတော့ တစ်ဝက်ကို ငွေသားနဲ့ပေးချေမှာပါ … တစ်ဝက်ကတော့ နိုင်ငံအတွက် လိုအပ်တဲ့ ဆေးပစ္စည်းတွေ ဖြစ်ပါတယ် … .UN က ကြားဝင်နေပေမယ့် ဒုတိယစိတ်ဝင်စားသူကတော့ ငွေသားသက်သက်နဲ့ ဝယ်မှာပါတဲ့ … ရက်အနည်းငယ်အတွင်းမှာ ဒီကောင်ကြီး ရောင်းထွက်မယ်လို့ မျှော်လင့်ရပါတယ် ”လို့ ပြောခဲ့ပါတယ်။
Esto es humildad señores!! Ciudadanos hacen dos filas para fotografiarse con #AMLO en el Aeropuerto de la #CDMX pic.twitter.com/3EdJCUcaXM
— Tony Zarur (@TonyZarur) October 11, 2019
သမ္မတ အော်ဘရာဒိုဟာ သူ့ရဲ့ သမ္မတသက်တမ်းတစ်လျှောက် ဒီလေယာဉ်ကြီးကို တစ်ကြိမ်မှ အသုံးမပြုခဲ့ဖူးပါဘူး။ နိုင်ငံတကာ ခရီးစဉ်တွေအတွက် စစ်ဘက်သုံးလေယာဉ်(သို့) သာမာန်လေကြောင်းလိုင်းက လေယာဉ်တွေနဲ့သာ သွားလာလေ့ရှိပါတယ်။ လေယာဉ်ကို လုံးဝ အသုံးမပြုပဲ ဂိုဒေါင်ထဲ ထည့်ထားတာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်တာကြောင့် လေယာဉ်ကို ရောင်းချဖို့အတွက် ပြန်လည်ပြုပြင်မွန်းမံဖို့ ကုန်ကျစရိတ်ဟာ ဒေါ်လာ(၂၅)သန်းအထိ ရှိခဲ့ပါတယ်။
လင်းသူရိန်