သူချစ်တဲ့ စာပို့သမားကြီးရဲ့ပွေ့ဖက်ယုယမှုကို မနက်တိုင်းစောင့်ယူတတ်တဲ့ ခွေးလေး

instagram/the.life.of.moose

အမေရိကန်နိုင်ငံ မီရှီဂန်ပြည်နယ်က ခွေးလေးတစ်ကောင်ဟာ နေ့တိုင်း သူနှစ်သက်တဲ့ စာပို့သမားကြီးအလာကို အချိန်မှန်စောင့်ဆိုင်းပြီး စာပို့သမားကြီးရဲ့ပွေ့ဖက်ယုယတာကို ခံလေ့ရှိတဲ့အကြောင်း unilad သတင်းကနေ သိရပါတယ်။ ခွေးလေးနာမည်က မုစ်ဖြစ်ပါတယ်။ မုစ်အသက်က တစ်နှစ်ခွဲရှိပါပြီ။ Golden Retriever အမျိုးအစား ခွေးလေးတစ်ကောင် ဖြစ်ပါတယ်။

View this post on Instagram

My people❤️🇺🇸✨

A post shared by MOOSE (@the.life.of.moose) on

မုစ်ဟာ မကြာခင်ရက်သတ္တပတ်တုန်းကမှ သူ့ကိုအိမ်ကို လာလေ့ရှိတဲ့ စာပို့သမားအသစ်နဲ့ ခင်မင်ရင်းနှီးသွားခဲ့တာ ဖြစ်ပါတယ်။ တစ်နေ့မှာ စာပို့သမားရဲ့ ထရပ်ကားဟာ မုစ်နေထိုင်ရာ အိမ်ကလေးနားကို ချဉ်းလာပါတယ်။ မုစ်က အိမ်ထဲကနေထွက်ပြီး စာပို့သမားကို သေသေချာချာ အကဲခတ်ပါတယ်။ အနီးကပ်တွေ့ရတော့ စာပို့သမားကြီးဟာ သူ့လိုပဲ ပျော်ရွှင်တတ်ပြီး ဖော်ရွေမယ့်ပုံစံပေါက်တာကြောင့် မုစ်ကလည်း ချက်ချင်းပဲ နှစ်သက်ခဲ့တာ ဖြစ်ပါတယ်။

အခုဆို စာပို့ထရပ်ကားအလာကို မုစ်က စောင့်နေတတ်ပါပြီ။ ထရပ်ကားရပ်တာနဲ့ မုစ်က အမြီးနန့်ပြီး သူ့သူငယ်ချင်း စာပို့သမားကြီးကို ကြိုဖို့ အဆင်သင့်ဖြစ်နေတတ်ပါတယ်။ စာပို့သမားကြီးက သူ့ဆီလမ်းလျှောက်လာပြီး သူ့ကို ပွေ့ဖက်လိုက်တဲ့အခါမှာတော့ မုစ်က အရမ်းကို သဘောကျနေခဲ့တာ ဖြစ်ပါတယ်။

အောက်ဘက်မှာတော့ စာပို့သမားကြီးနဲ့ ခွေးကလေးမုစ်တို့ရဲ့ချစ်စရာကောင်းတဲ့ ဗီဒီယိုဖိုင်လေးကို ဖော်ပြပေးထားပါတယ်။

မုစ်ရဲ့သခင် မီဂန်ကတော့ နေ့တိုင်းတွေ့ရတဲ့ ဒီမြင်ကွင်းလေးက ကြည်နူးစရာပါလို့ ဆိုပါတယ်။ “စာပို့သမားကြီးက ကျွန်မတို့ကောင်လေးကို တော်တော်ချစ်တာ။ မုစ်ကို အမြဲတမ်း နှုတ်ဆက်တယ်။ အခုဆို မုစ်ကလည်း စာပို့သမားကြီးလာတဲ့ အချိန်ကို သိနေပြီ။ အိမ်ရှေ့ကို ထရပ်ကားဆိုက်တာနဲ့ သူက ကြိုဖို့ အနားရောက်နှင့်နေပြီ။ မုစ်က အချစ်လည်း ခံချင်သေးတယ်။ တစ်ခါတစ်လေ ပြေးသွားပြီး စာပို့သမားကြီးက ပွေ့ဖက်တာကို သူကလိုချင်နေသေးတယ်…” လို့လည်း မီဂန်က ပြောပြခဲ့ပါသေးတယ်။

လင်းလင်း (ShweMom)

SHARE