မီးတိုင်အောက်မှာ စာလုပ်နေရတဲ့ ကျောင်းသားလေးကို အိမ်ဆောက်လှူခဲ့တဲ့ သန်းကြွယ်သူဌေး

သန်းကြွယ်သူဌေးကြီးတစ်ဦးဟာ လမ်းမီးတိုင်အောက်မှာ စာလုပ်နေရတဲ့ ကျောင်းသားလေးတစ်ယောက်ကို အိမ်ဆောက်လုပ် လှူဒါန်းခဲ့ကြောင်း သိရပါတယ်။ ကျောင်းသားလေးနာမည်ကတော့ Víctor Martín Angulo Córdoba ဖြစ်ပြီး၊ အသက်တော့ (၁၁)နှစ် ဖြစ်ပါတယ်။

Victor တစ်ယောက် အိမ်စာကို မီးတိုင်အောက်မှာ စိတ်ပါလက်ပါ လေ့လာနေတဲ့ ဓာတ်ပုံဟာ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံခဲ့ပြီးနောက် သူနေထိုင်ရာ ပီရူးက Moche မြို့သာမက ကမ္ဘာအရပ်ရပ်ကို ပျံ့နှံ့ခဲ့ပါတယ်။ သနားကြင်နာသူတွေထဲမှာ ဘာရိန်းနိုင်ငံက သန်းကြွယ်သူဌေး Yaqoob Yusuf Ahmed Mubarak လည်း ပါဝင်ခဲ့ပါတယ်။

 

အသက်(၃၁)နှစ်အရွယ် Yaqoob ဟာ Victor ရဲ့ပုံတွေကိုကြည့်ပြီး ကူညီဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူကိုယ်တိုင်ကလည်း ပီရူးမှာ တစ်ကိုယ်တော်ပရဟိတအလှူရှင်အဖြစ် ဆောင်ရွက်နေသူဖြစ်ပြီး ဘာရိန်းကနေ ပီရူးကို အမြန်လိုက်သွားခဲ့ပါတယ်။

အဲဒီနောက် Victor တို့ မိသားစုနေထိုင်တဲ့အိမ်ကို လျှပ်စစ်မီးရအောင် စွမ်းဆောင်ပေးခဲ့ပြီး၊ သာမန်အိမ်လေးအဖြစ်ကနေ နှစ်ထပ်တိုက်ကလေးအဖြစ် ဆောက်လုပ်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် Victor တက်ရောက်တဲ့ကျောင်းကိုလည်း ပညာရေးဆိုင်ရာ ထောက်ပံ့ပစ္စည်းတွေ ကူညီခဲ့ကြောင်း သိရပါတယ်။

 

Victor ရဲ့ မိခင်အတွက်လည်း စီးပွားရေးလုပ်နိုင်စေဖို့ ငွေအရင်းအနီး စိုက်ထုတ်လှူဒါန်းပေးခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ Yaqoob ရဲ့ထင်မှတ်မထားတဲ့ ကူညီမှုတွေ ရရှိခဲ့လို့ Victor နဲ့ ကာယကံရှင်မိသားစုကလည်း ဝမ်းမြောက်ကြောင်းနဲ့ ကျေးဇူးတင်စကားတွေ ပြောခဲ့ကြတယ်လို့ သိရပါတယ်။

လင်းသုတ (Shwemom)

READ
တောင်ကိုရီးယားသမ္မတရဲ့ ရိုမန်တစ်ဆန်လွန်းတဲ့ ကြည်နူးစရာ ချစ်ဇာတ်လမ်း

Source : mirror.co.uk

SHARE