နိုင်ငံတကာ Miss ပြိုင်ပွဲမှာ ပထမဆုံးအကြိမ် သရဖူဆောင်းနိုင်ခဲ့တဲ့ ထိုင်းအလှမယ်

Twitter / Sireethorn Leearamwat

မကြာသေးခင်က ဂျပန်မှာ ကျင်းပခဲ့တဲ့ Miss International 2019 ပြိုင်ပွဲမှာ ထိုင်းနိုင်ငံကိုယ်စားပြုအလှမယ် Sireethorn “Bint” Leearamwat က အခြားပြိုင်ဘက်အလှမယ်တွေကို ကျော်ဖြတ်ပြီး သရဖူရခဲ့ကြောင်း သိရပါတယ်။ အသက်(၂၅)နှစ်အရွယ် Sireethorn ဟာ ယခုပြိုင်ပွဲမှာတော့ ထိုင်းနိုင်ငံအတွက် ပထမဆုံး သရဖူကို ရယူပေးနိုင်ခဲ့တာပါ။

Miss International 2019 ပြိုင်ပွဲကို ပြီးခဲ့တဲ့အင်္ဂါနေ့က ဂျပန်နိုင်ငံ၊ Tokyo Dome မှာ ကျင်းပခဲ့တာပါ။ ဒီပြိုင်ပွဲကို (၁၉၆၀)က  ပထမဆုံး စတင်ကျင်းပခဲ့တာဖြစ်ပြီး၊ နေရာကတော့ အမေရိကန်၊ ကယ်လီဖိုးနီယားမှာတည်ရှိတဲ့ Long Beach မှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲဟာ မယ်တွေအတွက်တော့ အဓိကပြိုင်ပွဲကြီးလေးခုအနက် တစ်ခုအပါအဝင်ဖြစ်ပြီး၊ ထိုင်းကတော့ ယခင်က သရဖူဆောင်းနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

အခြားပြိုင်ပွဲကြီး(၃)ရပ်ကတော့ Miss World, Miss Universe နဲ့ Miss Earth တို့ ဖြစ်ပါတယ်။ သမိုင်းအရတော့ ထိုင်းနိုင်ငံကိုယ်စားပြု အလှမယ်တွဟာ ယခုပြိုင်ပွဲမဟုတ်တဲ့ အခြားကမ္ဘာ့အဆင့်ပြိုင်ပွဲတွေမှာတော့ ဗိုလ်စွဲခဲ့ဖူးပါတယ်။ (၁၉၆၅)ခုနှစ်က ကျင်းပတဲ့ Miss Universe မှာ ထိုင်းကိုယ်စားပြုအလှမယ် Apasra Hongsakula က သရဖူဆောင်းခဲ့ဖူးပါတယ်။ (၁၉၈၈)ခုနှစ်မှာ ကျင်းပတဲ့ Miss Universe ပြိုင်ပွဲမှာလည်း ထိုင်းအလှမယ် Bui Simon က သရဖူရရှိခဲ့ပြီး၊ Miss World နဲ့ Miss Earth တို့မှာတော့ သရဖူရယူနိုင်ခဲ့ခြင်း မရှိသေးပါဘူး။

အခု Miss International 2019 ပြိုင်ပွဲကိုတော့ ထိုင်းအလှမယ် Sireethorn က ဈေးဦးဖောက် အောင်မြင်မှုရရှိခဲ့ပြီမို့၊ သမိုင်းဝင်တဲ့ အောင်မြင်မှုတစ်ခု ဖြစ်ခဲ့ပြီလို့ ပြောလို့ရပါတယ်။ Sireethorn က ဒီအောင်မြင်မှုအတွက် “ ကျွန်မ အခုလိုမျိုး ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပါဘူး … ဒါကြောင့် အခု ဒီနေရာမှာ ရှိနေခြင်းအတွက် မိမိကိုယ်ကို ဂုဏ်ယူမိသလို … ကျွန်မရဲ့ အသင်းနဲ့ နိုင်ငံအတွက်ကိုလည်း အထူးဂုဏ်ယူပါတယ် ”လို့ ပြောခဲ့ပါတယ်။

သူမရဲ့ ပြောဆိုမှုအပြီးနောက် နောက်ဆုံးဆန်ကာတင် ရောက်ခဲ့ကြတဲ့ အလှမယ်တွေက အခု သရဖူဟာ Sireethorn နဲ့ ဘာကြောင့်ထိုက်တန်တယ်၊ ဘာကြောင့် သူတို့နဲ့ ဝေးခဲ့ရတယ်ဆိုတဲ့ မှတ်ချက်ကို (၄၅)စက္ကန့်စီ ပြောခဲ့ကြပါတယ်။ Sireethorn က သူမဟာ ထိုင်းကိုယ်စားပြု အလှမယ်ဆုရတုန်းကလည်း အမျိုးမျိုး ဝေဖန်တိုက်ခိုက်ခံရတယ်လို့ ပြောပါတယ်။

သူမဟာ ဆေးဝါးကျွမ်းကျင်အဖြစ် အသက်မွေးဝမ်းကြောင်းပြုခဲ့သူဖြစ်သော်လည်း၊ တစ်နေ့မှာ ငါ အလှမယ်ဖြစ်ကိုဖြစ်ရမယ်လို့ စိတ်ကူးယဉ်ခဲ့ဖူးကြောင်း၊ ဒါကြောင့်လည်း တစ်ခြားအမျိုးသမီးတွေအနေနဲ့ မိမိတို့ ရည်မှန်းချက်ကို မဖြစ်မနေ နောက်ယောင်ခံလိုက်ဖို့၊ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အားပေးပါကြာင်း ပြောခဲ့ပါတယ်။

လင်းသုတ

SHARE