အိမ်မှာနေရင်း အလုပ်,လုပ်တော့မယ်ဆိုရင် ကြိုတင်ရှောင်ရှားသင့်တဲ့ အချက်များ

pexels/Andrea Piacquadio

ကိုရိုနာဗိုင်းရပ်စ်သာ အခြေအနေဆိုးရွားလာခဲ့မယ်ဆိုရင် ကုမ္ပဏီအများစုအနေနဲ့ မလွှဲမရှောင်သာ အိမ်ကနေပဲ အလုပ်လုပ်ရတော့မှာ ဖြစ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ (၂၀၁၀) ခုနှစ်ကစတင်ပြီး အိမ်ကနေပဲ အလုပ်လုပ်လာတာ (၁၀) နှစ်ရှိပြီဖြစ်တဲ့ အမျိုးသားတစ်ယောက်ရဲ့ အလုပ်လုပ်နည်းလျှို့ဝှက်ချက်တွေပဲ ဖြစ်ပါတယ်။ CNBC သတင်းအရ အိမ်မှာအလုပ်လုပ်ရင်း အောင်မြင်လာသူတွေ ဘယ်တော့မှမလုပ်တဲ့ အမူအကျင့်တွေကတော့ အခုလို ဖြစ်ပါတယ်။

pexels/Retha Ferguson

ည၀တ်အင်္ကျီနဲ့ အလုပ်လုပ်ခြင်း

အောင်မြင်သူတွေဟာ ချက်ချင်းအိပ်ရာကနေ ကောက်ထပြီး ညအိပ်ဝတ်စုံဝတ်ပြီး ဖြစ်သလို အလုပ်ထိုင်လုပ်ကြတာ မဟုတ်ပါဘူး။ အိမ်မှာနေပေမယ့် ရုံးတက်သလိုပဲ ပြုမူနေထိုင်ပါတယ်။ အ၀တ်အစားဝတ်တဲ့အခါမှာလည်း ကိုယ့်အလုပ်နဲ့သင့်တော်မယ့် အ၀တ်အစားကိုဝတ်ဆင်တတ်ကြပါတယ်။

အိပ်ရာပေါ်မှာ အလုပ်လုပ်ခြင်း

တစ်ချို့က အလုပ်ကို အလုပ်နဲ့တူအောင် မလုပ်ကြပါဘူး။ အိပ်ရာပေါ်မှာ၊ အညောင်းအညာပြေ ခြေဆန့်လက်ဆန့်လို့လွယ်တဲ့ ဆိုဖာခုံတွေပေါ်မှာ အလုပ်လုပ်ကြပါတယ်။ ဒါပေမဲ့ အလုပ်လုပ်တဲ့အခါ အရမ်းသက်တောင့်သက်သာ ဖြစ်နေတဲ့အခါ ပရိုရှင်နယ်ဆန်ဆန် အလုပ်လုပ်ချင်တဲ့ အာရုံတွေပျောက်ဆုံးတတ်ပါတယ်။

READ
သက်တမ်းရှည်ပျော်ရွှင်တဲ့ဘ၀ကို ပိုင်ဆိုင်ဖို့ နည်းလမ်း(၈)ခု
pexels/Retha Ferguson

ကျန်းမာရေးကို လျစ်လျူရှုခြင်း

တကယ်လို့ ကိုယ်ဟာ အိမ်မှာ အလုပ်လုပ်တဲ့အခါ ရုံးခန်းမှာမဟုတ်တဲ့အတွက် ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေ နည်းသွားကောင်း နည်းသွားနိုင်ပါတယ်။ အစည်းအဝေးခန်းထဲ သွားစရာလည်းမရှိ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ကော်ဖီသွားသောက်ဖို့လည်း မရှိ၊ ပရင်တာဆီ၊ အိမ်သာဆီလည်း သွားစရာမလိုတဲ့အတွက် လှုပ်ရှားမှုနည်းသွားပါတယ်။ ဒါကြောင့် (၄-၅) နာရီဆက်တိုက်ကြီး အလုပ်ထိုင်လုပ်တဲ့အခါ ခြေထောက်တွေတောင့်လာတာ၊ ခါးနာလာတာတွေ ဖြစ်တတ်ပါတယ်။

အလုပ်ကို လေးလေးစားစားမရှိခြင်း

အိမ်မှာနေတဲ့အခါ ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စတွေကြောင့် အလွယ်တကူ အာရုံထွေပြားနိုင်ပါတယ်။ အကြောင်းရင်းကတော့ အိမ်မှာ ကိစ္စလေးတစ်ခုပေါ်လာရင် လုပ်လိုက်၊ မိသားစုက စကားလာပြော၊ အကူအညီလာတောင်းရင် လုပ်ပေးကိုင်ပေးလိုက်နဲ့ ကြာလာတဲ့အခါ ကိုယ့်အလုပ်ကို ထိခိုက်စေမယ့်အပြင် အလုပ်လုပ်ချင်စိတ်ကိုလည်း ပျောက်ဆုံးစေပါတယ်။ ဒါကြောင့် ဒီကနေ့ ပြီးရမယ့် လုပ်ငန်းတွေကို ကြိုတင်တွက်ချက်ထားတာ၊ အစီအစဉ်ကြိုဆွဲထားတာမျိုး ပြုလုပ်သင့်တယ်ဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

READ
အလုပ်မှာ အမြဲပြုံးပြနေရသူတွေဟာ အရက်ပိုသောက်လေ့ရှိကြောင်း စစ်တမ်းတွေကဖော်ပြ

လင်းလင်း (ShweMom)

SHARE