ဆီးဂိမ်းမှာ ရွှေတံဆိပ် ရယူစဉ်၊ ဖခင်ကွယ်လွန်ကြောင်း သိလိုက်ရတဲ့ အားကစားသမား

Twitter / The2019SEAGames

ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ SEA Games ပြိုင်ပွဲမှာ နိုင်ငံအသီးသီးက အားကစားမောင်မယ်တွေဟာ သူတို့ရဲ့ကိုယ်ပိုင်အရည်အချင်းတွေကို အကောင်းဆုံးထုတ်သုံးပြီး၊ သက်ဆိုင်ရာ နိုင်ငံအသီးသီးအတွက် နိုင်ငံ့ဂုဏ်ဆောင်နိုင်ဖို့ ကြိုးပမ်းနေကြပါတယ်။

ဒီအထဲမှာ အင်ဒိုနီးရှားနိုင်ငံသား ဝူရှုးလက်ရွေးစင် Edgar Marvelo လည်း ပါဝင်ပါတယ်။ သူဟာ ဒီပြိုင်ပွဲမှာ သူရဲ့ပထမဆုံးရွှေတံဆိပ်နှစ်ခုကို စတင်ရယူနိုင်ခဲ့ပြီး၊ Gunshu နဲ့ Daoshu ပြိုင်ပွဲနှစ်ခုစလုံးမှာ အောင်ပွဲခံနိုင်ခဲ့တာပါ။ သူဟာ ပြိုင်ပွဲကို အပြည့်အဝ အာရုံစိုက်ပြီး ကစားနိုင်ခဲ့ပါတယ်။

 

သူ့ဖခင်ရဲ့ နောက်ဆုံးအခြေအနေကို ပြိုင်ပွဲဝင်နေစဉ်တစ်လျှောက်မှာ အသင်းဖော်တွေနဲ့၊ နည်းပြက အသိပေးခြင်း မရှိခဲ့ပါဘူး။ အကြောင်းကတော့ ပြိုင်ပွဲကို အာရုံမစိုက်နိုင်မှာ စိုးလို့ပါ။ ဒါကြောင့်လည်း သူဟာ ဗီယက်နမ်နဲ့စင်္ကာပူက ပြိုင်ဘက်ကောင်းတွေကို အကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့ပြီး၊ အမှတ် (၉.၆၈)အထိ ရယူနိုင်ခဲ့ပါတယ်။

ရွှေတံဆိပ်တွေ ယူပြီးကာမှ သူရဲ့အသင်းဖော်တွေဟာ မျက်ရည်တွေနဲ့ကော၊ ပျော်ရွှင်မှုတွေနဲ့ သူ့ကို ပွေ့ဖက်နှစ်သိမ့်ခဲ့ကြပါတယ်။ ဒီတော့မှ Edgar တစ်ယောက် သူ့ဖခင် ကွယ်လွန်သွားပြီဆိုတာ သိလိုက်ရတာပါ။ SEA Games ရဲ့ တရားဝင် Facebook စာမျက်နှာမှာလည်း Edgar ရဲ့ဆို့နင့်ဖွယ်အကြောင်းကို ဖော်ပြထားပါတယ်။

၎င်းပို့စ်မှာ “ Edgar တစ်ယောက် ပြိုင်ပွဲနှစ်ရပ်စလုံးမှာ ရွှေရယူနိုင်ခဲ့ပေမယ့် သူ ပြိုင်ပွဲဝင်နေစဉ်မှာပဲ သူ့ဖခင်က အင်ဒိုနီးရှားက ဇာတိမြေမှာကွယ်လွန်သွားခဲ့ပါတယ် … သူ့အသင်းသားတွေလည်း မျက်ရည်ကျခဲ့ရပြီး၊ သူရဲ့ အောင်မြင်မှုအတွက် အပျော်နဲ့ ဝမ်းနည်းမှုတွေ ရောထွေးနေပါတယ် … သူဟာ ဒီရွှေဆုတွေကို သူရဲ့တိုင်းပြည်အတွက် … သူရဲ့ ဖခင်အတွက် ရည်စူးပါတယ် ”လို ရေးခဲ့ပါတယ်။

သူဟာ ဆုတံဆိပ်တွေ ယူပြီးနောက် လေကြောင်းခရီးနဲ့ အင်ဒိုနီးရှားကို ပြန်ခွင့်ရခဲ့ပါတယ်။ သူ့ဖခင်ရဲ့ဈာပနကို နောက်ဆုံး ပို့ဆောင်နိုင်ဖို့ အသင်းက စီစဉ်ပေးခဲ့တာပါ။ သူရရှိခဲ့တဲ့ ရွှေနှစ်ခုကိုလည်း ဖခင်ရဲ့ ခေါင်းတလားပေါ်မှာ ချထားပေးခဲ့ပြီး၊ ဖခင်အနေနဲ့ နောက်ဆုံးဂုဏ်ယူနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ Edgar ရဲ့အဖြစ်ကတော့ SEA Games မှာ မှတ်မှတ်ထင်ထင် ဖြစ်ခဲ့ရပါတယ်။

လင်းသုတ

SHARE