မိခင်ကိုဓားနဲ့ထိုးခဲ့လို့ လူသတ်မှုနဲ့ အဖမ်းခံထားရတဲ့ ကပ္ပတိန်အမေရိက မင်းသမီး

YouTube/CaptainAmericaFirstAvenger_Johnson County Jail

ကပ္ပတိန်အမေရိက ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခွင့်ရရှိခဲ့တဲ့ မင်းသမီး Mollie Fitzgerald (၃၈)နှစ်ဟာ မိခင်ကို ဓားနဲ့ထိုးသတ်ခဲ့မှုအတွက် အခုဆိုရင် တရားရင်ဆိုင်နေရပြီလို့ CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။ မိခင်ဖြစ်သူ Patricia ‘Tee’ Fitzgerald ဟာ ကန်ဆက်ပြည်နယ်က နေအိမ်မှာ ဓားတန်းလန်းနဲ့ သွေးအိုင်ထဲမှာ သေဆုံးနေခဲ့တာပါ။

Mollie ဟာ ဒီဇင်ဘာလ(၂၀)ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ခြောက်ခြားဖွယ်ရာ လူသတ်မှုကို ကျူးလွန်ခဲ့သူအဖြစ် သက်ဆိုင်ရာက သံသယဝင်ခြင်း ခံနေရပါတယ်။ လူသတ်မှု ဒုတိယဒီဂရီနဲ့ အမှုဖွင့်ထားပြီး၊ လက်တလောမှာတော့ Johnson County Jail မှာ ဒေါ်လာ(၅)သိန်းအာမခံနဲ့ ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။

YouTube/CaptainAmericaFirstAvenger

Mollie ဟာ ရုပ်ရှင်ထုတ်လုပ်သူအဖြစ်လည်း အသက်မွေးပြီး ဇာတ်ကားတော်တော်များများမှာ အဓိကဇာတ်ဆောင်မဟုတ်သော်လည်း သေးငယ်တဲ့လုပ်ကွက်လေးတွေနဲ့ မကြာခဏ သရုပ်ဆောင်ခွင့် ရခဲ့သူဖြစ်ပါတယ်။ သူမဟာ (၂၀၁၁) ခုနှစ်က ရုံတင်ခဲ့တဲ့ Marvel ဇာတ်ကားတစ်ခုဖြစ်တဲ့ Captain America: The First Avenger မှာ တစိတ်တဒေသ ပါဝင်ခွင့်ရခဲ့ပါတယ်။

အဲဒီဇာတ်ကားမှာ Stark Girl အမည်နဲ့ သရုပ်ဆောင်ခဲ့ရပြီး၊ လုပ်ကွက် အလွန်ကျဉ်းမြောင်းတဲ့ ဇာတ်ရုပ်ဖြစ်ပါတယ်။ သူမဟာ (၂၀၁၄)ခုနှစ်က ထွက်ရှိခဲ့တဲ့ The Lawful Truth နဲ့ (၂၀၁၇)မှာ ထွက်ရှိခဲ့တဲ့ The Creeps အမည်ရ Low Budget ဇာတ်ကားတွေမှာလည်း ပါဝင်ခွင့်ရခဲ့သူဖြစ်ပါတယ်။

Johnson County Sheriff’s Office

သူမဟာ သရုပ်ဆောင်ဘဝမှာ ကြိုကြားကြိုကြားပါဝင်ရင်း၊ ကပ္ပတိန်အမေရိကရဲ့ပထမဆုံးဒါရိုက်တာဖြစ်တဲ့ Joe Johnson ရဲ့ လက်ထောက်အဖြစ်လည်း ဆောင်ရွက်ခဲ့ဖူးသူပါ။ ဘယ်လိုပဲဖြစ်ဖြစ် Mollie အနေနဲ့ လူသတ်မှုမှာ ပြစ်မှုထင်ရှားကြောင်း စီရင်ခံရမယ်ဆိုပါက ထောင်ဒဏ်မြင့်မားစွာ ချမှတ်ခံရဖို့ရှိပါတယ်။ သူမကို တရားရုံးက ယခုနှစ် ဇန်နဝါရီလ (၂)ရက်မှာ စတင်စစ်ဆေးခဲ့တာပါ။

လင်းဇော်ကို

SHARE