ကလေးတွေကို ကျောင်းသွားပို့တဲ့မိခင်၊ ကလေးတွေအကုန်လုံး အိမ်မှာ မေ့ထားခဲ့မိတဲ့အဖြစ်

Twitter/torrespriss

ကလေးတွေကို ကျောင်းသွားပို့တဲ့ မိခင်တစ်ယောက်ဟာ မပြုံးဘဲနဲ့ ဝါးလုံးကွဲရယ်စေခဲ့တဲ့ အခိုက်အတန့်ကို နှစ်ခါ ကြုံခဲ့ရပါတယ်။ အဆိုပါ အမည်အတည်ပြုထားခြင်းမရှိတဲ့ မိခင်ဟာ မနက်စောစောစီးစီး သုတ်သုတ်ပြာပြာနဲ့ ကလေးတွေကို ကျောင်းသွားပို့ခဲ့တာပါပဲ။

ဒါပေမယ့် အိမ်ကနေ မိုင်အတော် ခပ်လှမ်းလှမ်းကို ရောက်မှ ကလေးတွေ ကားနောက်ခန်းမှာ ပါမလာတာကို သူမ သိလိုက်ရတာပါ။ သူမဟာ တစ်ယောက်တည်း ဒီအဖြစ်အပျက်ကို သဘောကျရင်း ခွက်ထိုးခွက်လန် ရယ်ခဲ့ပါတယ်။ သူမဟာ အိမ်ကနေ ကားမောင်းလာစဉ်တုန်းက အတော်လေး နမော်နမဲ့နိုင်စွာနဲ့ ကလေးတွေ ပါမပါကို သတိမထားမိခဲ့တာပါတဲ့။

 

မနက်ခင်းပိုင်းမှာ အိပ်ယာထချိန်လည်း နောက်ကျခဲ့သလို၊ ကလေးတွေက အိပ်ယာဘေးမှာ ရှိမနေခဲ့ပါဘူး။ သူမကတော့ ကလေးတွေ ကျောင်းနောက်ကျတော့မှာလို့ တစ်ဖက်မှာ တွေးခဲ့သလို၊ ကားထဲကို ကလေးတွေ ရောက်နေခဲ့ပြီအထင်နဲ့ မျက်နှာကမန်းကတန်းသစ်ပြီး ကားကို မောင်းထွက်လာခဲ့တာပါ။

မိုင်တော်တော် လှမ်းလှမ်းရောက်မှ ကလေးတွေမပါတာကို ရိပ်မိခဲ့ပါတယ်။ သူမက ဒီအဖြစ်အပျက်ကို ဗွီဒီယိုမှတ်တမ်းယူရင်း  “ ကလေးတွေက ကားထဲမှာ ရှိမနေဘူးလေ … ကျောင်းကို ကလေးတွေမပါဘဲ ထွက်လာခဲ့တာ … အခု ကလေးတွေကို တစ်ပြန် သွားခေါ်ရဦးမယ် ”လို့ ရယ်မောရင်း ပြောခဲ့ပါတယ်။

 

@torrespriss အမည်ရ တွစ်တာအကောင့်မှာ ဒီဗွီဒီယိုကို မျှဝေထားပြီး၊ ကြည့်ရှုသူ (၄.၁)သန်းအထိ ရှိခဲ့ကြောင်း သိရပါတယ်။ အဆိုပါတွစ်တာမှာ “ တကယ်က သူမ ကလေးတွေကို ကျောင်းလိုက်ပို့တာပါ … ဒါပေမယ့် ကလေးတွေက ကားထဲမှာ ပါမလာခဲ့ဘူး … ကျွန်မ ရယ်လိုက်ရတာ အူပါနာတယ် … ”လို့ ရေးထားပါတယ်။

မိခင်ဖြစ်သူဟာ သူမတစ်ယောက်တည်း အခုအဖြစ်အပျက်ကို ရယ်ခဲ့ရတာမဟုတ်ဘဲ၊ ပြန်လာအခေါ်ကိုစောင့်နေတဲ့ ကလေးနှစ်ယောက်ကလည်း အိမ်ထဲကို ကားပြန်မောင်းပြီဝင်လာတဲ့ မိခင်ကိုကြည့်ပြီး၊ ဝိုင်းရယ်ခဲ့ကြပါတယ်။ သတိမေ့တတ်လွန်းတဲ့ မိခင်ဖြစ်သူမှာ အခုအခါမှာလည်း ရယ်ရလွန်းနဲ့ အလုပ်ရှုပ်နေလို့ ကလေးတွေကို တံခါးဖွင့်မပေးခဲ့မိပါဘူး။

လင်းသူရိန်

SHARE