အသက်(၃၀)အထိ ယောက်ျားမရသေးတဲ့ သမီးကို အားမလိုအားမရဖြစ်ပြီး ရိုက်နှက်ခဲ့တဲ့ မိခင်

Weibo/Yangtse Police Station

တရုတ်နိုင်ငံက မိခင်တစ်ဦးဟာ သမီးဖြစ်သူကို အသက်(၃၀)အရွယ်တိုင်သည်အထိ လင်ယောက်ျား မရသေးတဲ့အတွက် အားမလိုအားမရဖြစ်ပြီး ရိုက်နှက်ခဲ့တယ်လို့ South China Morning Post သတင်းစာရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဒါပေမယ့် ထပ်မံထွက်ပေါ်လာတဲ့ သတင်းတွေမှာတော့ သူမဟာ ယောက်ျားမရခြင်းအပြစ်တစ်ခုအတွက်မဟုတ်ဘဲ၊ တစ်ခြား ကိစ္စရပ်တွေမှာ မိခင်နဲ့ အချင်းများခဲ့ပုံပါ။

ဒီအဖြစ်အပျက်ဟာ တရုတ်အရှေ့ပိုင်းမှာ ဖြစ်ခဲ့တာပါ။ မိခင်အမည်ကိုတော့ Wang လို့ ဖော်ပြထားပြီး၊ သူမဟာ သမီးဖြစ်သူကို သွေးထွက်သံယိုဖြစ်သည်အထိ သံတုတ်နဲ့ ပြင်းထန်စွာ ရိုက်နှက်ခဲ့တာပါ။ အသက်(၃၀)အရွယ် သမီးဖြစ်သူဟာ ဒီအချိန်ထိ ယောက်ျားမရသေးခြင်းနဲ့ လုံလောက်တဲ့ ဝင်ငွေမရှိခြင်းက ပြဿနာပါဘဲ။

သမီးဖြစ်သူဟာ အရင်အလုပ်ကလည်း ဘာမှ မယ်မယ်ရရ မရှာနိုင်ခဲ့သလို၊ အဲဒီအလုပ်ကထွက်ပြီး မိခင်ရဲ့စားသောက်ဆိုင်လုပ်ငန်းကို ကူညီဖို့ပြောတော့လည်း သူမက ခါးခါးသီးသီး ငြင်းပယ်ခဲ့ပါသတဲ့။ အဲဒီအခါမှာတော့ မိခင်က သည်းမခံနိုင်တော့ဘဲ သမီးကို မညှာမတာ ရိုက်ခဲ့တာပါ။

Weibo/Yangtse Police Station

ရဲတပ်ဖွဲ့ရဲ့အဆိုအရတော့ Wang ဟာ သမီးကို အကြောင်းအမျိုးမျိုးပြကာ မကြာခဏ ရိုက်နှက်လေ့ရှိကြောင်း၊ သြဂုတ်လတုန်းကလည်း သမီးကို ရိုက်နှက်မှုအတွက် ဒုတိယအကြိမ် ရဲကိုတိုင်ခဲ့ကြောင်း၊ ဒါပေမယ့် အဲဒီတုန်းကတော့ ရဲက သားအမိချင်း ဖြစ်တဲ့ပြဿနာဆိုပြီး သတိပေးတဲ့သဘောလောက်သာ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အခု တတိယအကြိမ်မြောက်မှာတော့ အခန့်မသင့်ရင် သမီးရဲ့အသက်ကိုပါ ထိခိုက်နိုင်ခဲ့လို့ Wang ကို ဖမ်းဆီးထိန်းသိမ်းထားပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ သူမကတော့ သမီးကိုရိုက်တာ တစ်ခြားသူတွေကို ရိုက်တာမဟုတ်လို့ အပြစ်မရှိဘူးလို့ ကာကွယ်ပြောကြားခဲ့ပါတယ်တဲ့။

ရဲစခန်းမှာ သမီးဖြစ်သူက မိခင် Wang အနေနဲ့ အမှုကနေ ကျေအေးချင်တယ်ဆိုရင် သူမကို လျှော်ကြေး ယွမ်(၈)သောင်းအထိ ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ သူမ ရရှိတဲ့ဒဏ်ရာတွေက ပြောပလောက်သော်လည်း မိခင်အရင်းကို ဒီလောက်များပြားတဲ့ ငွေကြေးပမာဏမျိုး တောင်းဆိုတာကတော့ သတင်းမီဒီယာထက်မှာ ဝေဖန်စရာ ဖြစ်ပါတယ်။

Weibo/Yangtse Police Station

မိခင် Wang ဟာ ဒီတောင်းဆိုမှုကို ကြားတော့ လန့်ဖြန်ပြီး လဲကျသွားတယ်လို့ ဆိုပါတယ်။ နောက်တော့ ဆွေမျိုးတွေက ဝိုင်းဝန်းတိုက်တွန်းတာနဲ့ တောင်းဆိုမှုကို လိုက်လျှောဖို့ သဘောတူညီခဲ့ပါသတဲ့။ သူမကို အာမခံဒဏ်ကြေးနဲ့ ရဲက ပြန်လွှတ်ခဲ့ပါတယ်။

Wang က သမီးကို ရိုက်ခဲ့တာက သမီးက သူမကို အိမ်သန့်ရှင်းရေးမလုပ်ဘူးဆိုပြီး မောက်မာစွာ ပြောလို့ဖြစ်တယ်လို့ ဖွင့်ဟထားပါတယ်။ နောက်ပြီး သားကြီးဖြစ်သူက Wang က အိမ်ခန်းဝယ်ပေးလိုက်ကတည်းက သမီးဖြစ်သူဟာ သူမကို အမြဲလိုလို ဆဲရေးတိုက်ခိုက်ခဲ့တယ်လို့လည်း Wang က ပြောပါတယ်။

လင်းဇော်ကို

SHARE