လူနေအိမ်နားထိလာပြီး အပူဒဏ်ကို အန်တုဖို့ကြိုးစားခဲ့တဲ့ သမင်ကြီး

ViralHog

အမေရိကန် အလက်စကာပြည်နယ် အန်ကိုးရေ့ဂ်ျမြို့မှာ နွေရာသီအပူကို အံတုပြီး ခန္ဓာကိုယ်ကို အေးမြအောင် ထားနေတဲ့ ဦးချိုပြားသမင်ကြီးတစ်ကောင်ကို တွေ့ခဲ့ရပါတယ်။ ၄င်းသမင်ကြီးကို ရိုက်ကူးထားတဲ့ ဗီဒီယိုကိုတော့ ဇူလိုင်(၁၀) ရက်မှာ ViralHog က မျှဝေခဲ့တာဖြစ်ပါတယ်။ ကြီးမားလှတဲ့ အဆိုပါသမင်ကြီးတစ်ကောင်ဟာ လူတွေကိုတောင် မကြောက်နိုင်အားပဲ မြက်ခင်းဖြန်းတဲ့ ရေပန်းလေးနားမှာ ပျင်းရိလေးတွဲ့စွာနဲု့ အေးအေးလူလူ ထိုင်နေခဲ့တာပဲ ဖြစ်ပါတယ်။

ViralHog/YouTube

အန်ကိုးရေ့ဂ်ျမြို့အပူချိန်တွေကတော့ ဒီနှစ်မှာ အရင်နှစ်တွေထက်စာရင် အရမ်းပူလာတာပါ။ ခါတိုင်း ဒီအချိန်ဆိုရင် မြို့မှာ အပူချိန်က (၆၀) နားလောက်မှာပဲ ရှိပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းကတော့ အန်ကိုးရေ့ဂ်ျမှာ (၉၀) ဒီဂရီထိ အပူချိန်မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။ အခု ရက်သတ္တပတ်တွေအတွင်း အလက်စကာရဲ့ အကြီးဆုံးမြို့ကြီးတစ်မြို့ဖြစ်တဲ့ အန်ကိုးရေ့ဂ်ျရဲ့ အပူချိန်တွေဟာ (၈၀) ကျော်တောင် ရှိခဲ့တာမို့ ယခုနှစ်ကတော့ တော်တော်လေးပူတဲ့ နှစ်လို့ ဆိုရမှာပါ။

ViralHog/YouTube

လူတွေအနေနဲ့ကတော့ အပူဒဏ်က သက်သာအောင်လုပ်ဖို့ နည်းအမျိုးမျိုးရှိပေမယ့် သတ္တ၀ါတွေမှာတော့ ရေစိမ်ဖို့၊ ရေသောက်ဖို့ကလွဲလို့ တခြားနည်း မရှိပါဘူး။ ပူပြင်းလှတဲ့ နွေရာသီ အပူချိန်ကိုခံနိုင်ဖို့အတွက် ၄င်း သမင်ကြီးဟာ ရေပန်းနားမှာ သက်တောင့်သက်သာနဲ့ ရေစိုခံနေပါတယ်။ တစ်ခါတစ်ရံမှာတော့ ရေပန်းကနေ ပန်းထွက်လာတဲ့ ရေတွေကို တမြုံ့မြုံ့လုပ်ပြီး သောက်လိုက်ပါသေးတယ်။

ViralHog/YouTube

ရေပန်းဟာ တစ်နေရာကနေ တစ်နေရာကို လှည့်လှည့်ပြီး ပက်ဖြန်းနေတဲ့အတွက် သမင်ကြီးက သူ့အလှည့်ရောက်ဖို့ စိတ်ရှည်လက်ရှည်နဲ့ စောင့်နေတာပါ။ ရေပန်းက သူ့ဆီရောက်လာတဲ့အခါမှာတော့ ရေစိုစိုနဲ့ အအေးဓာတ်လေးကို ခံလိုက်၊ ရေသောက်လိုက်နဲ့ အတော်လေးဟုတ်နေရှာတာပါ။ အလက်စကာပြည်နယ်ဟာ အပူလှိုင်းဒဏ်ကို ခံစားနေရတာကြောင့် အပူဒဏ်သက်သာအောင် လူနေခြံထဲဝင်ပြီး ရေပန်းနား ဇိမ်ခံနေတဲ့ သမင်ကြီးကိုတော့ ဘယ်သူမှ အပြစ်တင်ရက်မယ် မထင်ပါဘူးနော်။

လင်းလင်း (ShweMom)

SHARE