(၃)လအတွင်း ပျားပေါင်း သန်း(၅၀၀)ကျော် ၀မ်းနည်းဖွယ် သေဆုံးခဲ့တဲ့ ဘရာဇီးလ်နိုင်ငံ

skeeze/pixabay

ကမ္ဘာကြီးရဲ့ သဘာဝပတ်ဝန်းကျင်စနစ်မှာ ပျားတွေဟာ အဓိကကျတဲ့နေရာမှာ ပါဝင်နေပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့အစည်း (FAO) ရဲ့ ထုတ်ပြန်ချက်တွေအရ ကမ္ဘာကြီးရဲ့ ကောက်ပဲသီးနှံဝတ်မှုန်ကူးခြင်းတွေမှာ ပျားတွေဟာ ၇၅% လောက်အရေးပါတယ်လို့ ဆိုထားပါတယ်။

ဒါပေမဲ့အခုတော့ ကမ္ဘာကြီးမှာ ပျားကောင်ရေတွေ လျင်လျင်မြန်မြန်ပဲ ပျက်စီးလို့လာနေပါတယ်။ ဘရာဇီးလ်နိုင်ငံ တနိုင်ငံထဲမှာပဲ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာကနေ ၂၀၁၉ ဖေဖော်ဝါရီအထိ (၃)လတာ ကာလအတွင်းမှာတင် ပျားအကောင်ရေ သန်း(၅၀၀)ကျော် သေဆုံးခဲ့တယ်လို့ စာရင်းဇယားတွေက ဖော်ပြနေတာပါ။ 

scrural.sc.gov.br

ဘရာဇီးလ်အစိုးရရဲ့ စာရင်းအချက်အလက်တွေအရ အဲဒီ (၃)လတာ ကာလအတွင်းမှာတင် Rio Grande do Sul ပြည်နယ်မှာ ပျားအကောင် ရေ သန်း(၄၀၀)၊ Sao Paulo ပြည်နယ်မှာ ပျားအကောင်ရေ (၇)သန်း၊ Santa Catarina ပြည်နယ်မှာ ပျားအကောင်ရေ သန်း (၅၀) နဲ့ Mato Grosso do Sul ပြည်နယ်မှာ ပျားအကောင်ရေ (၄၅)သန်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။ Rio Grande do Sul ပြည်နယ်က ပျားမွေးမြူရေး အသင်းရဲ့ ဒုဥက္ကဌ Aldo Machado ရဲ့ အဆိုအရ သူတို့ရဲ့ပျားမွေးမြူရေးစခန်းတွေမှာ ပျားတွေဟာ အဆိတ်မိတဲ့ပုံစံနဲ့ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ကြကြောင်း၊ ပျားအုံထဲက သေခါနီးပျားတွေကို ကျန်းမာတဲ့ပျားတွေက ရှင်းထုတ်ခဲ့ပေမဲ့ ခဏအကြာမှာ ပျားအုံတခုလုံး အဆိပ်မိတဲ့ ပုံစံနဲ့သေဆုံးကုန်တာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

hpgruesen/pixabay

စစ်ဆေးတွေ့ရှိချက်တချို့အရ ပျားတွေမှာ ပိုးသတ်ဆေးအဆိပ်သင့်တဲ့ လက္ခဏာတွေ တွေ့ရတယ်လို့ ဆိုပါတယ်။ ဘရာဇီးလ်အစိုးရဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက စတင်ပြီး ပိုးသတ်ဆေးအမျိုးအစားအသစ် (၃၀၀)နီးပါးကို နိုင်ငံတွင်းမှာ သုံးစွဲခွင့်ပြုခဲ့ပြီးနောက်ပိုင်း အခုလို အဖြစ်မျိုး တွေဖြစ်လာခဲ့တာလို့ စာရင်းအချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

rostichep/pixabay

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့အစည်းကတော့ ကမ္ဘာ့နိုင်ငံအသီးသီးက အစိုးရတွေကို သဘာဝပတ်ဝန်းကျင်  ဂေဟစနစ်ကို ပိုမို ထိန်းသိမ်းဖို့ ပိုမိုတိုက်တွန်းထားပါတယ်။ ပျားတွေဟာ ကမ္ဘာပေါ်မှာရှိတဲ့ ကောက်ပဲသီးနှုံ ၀တ်မှုန်ကူးခြင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ အင်းဆက်တွေ ဖြစ်တာကြောင့် ပျားတွေသာ မျိုးသုန်းကုန်ရင် လူသားတွေအတွက် အကြီးအကျယ် ဒုက္ခ ရောက်နိုင်ကြောင်း၊ လက်ရှိစာရင်းဇယားတွေအရ ဘရာဇီးလ်နိုင်ငံတစ်ခုတည်းမှာတောင် ပျားတွေ ဒီလောက်သေကြေ ပျက်စီးနေတာဟာ ထိတ်လန့်ဖွယ်ကောင်းကြောင်း FAO ရဲ့ တာဝန်ရှိသူတစ်ဦးက ဖွင့်ဟခဲ့ပါတယ်။

READ
ကမ္ဘာ့ရေအရင်းအမြစ်ပေါ် ကြီးမားတဲ့အကျိုးသက်ရောက်မှု ဖြစ်စေခဲ့သူ အမျိုးသား

KYM

SHARE