(၁၈-၄-၂၀၁၉)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

(AP Photo/Dave Thompson)

ဆွန်ဟောင်မင် – မန်စီးတီးအသင်းနဲ့ ပွဲစဉ်မှာ အဖိုးတန်အနိုင်ဂိုး (၂)ဂိုး သွင်းယူခဲ့တဲ့ စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ သုံးကြိမ်မြောက် အဝါကတ်ပြခံလိုက်ရလို့၊ အေဂျက်နဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပကြော့ပွဲစဉ်ကို လွဲချော်ရတော့မယ်လို့ သိရပါတယ်။ ဒီပွဲမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းလည်း ပါဝင်ဖို့မရှိတာကြောင့် စပါးတို့ တိုက်စစ်ပြဿနာနဲ့ ရင်ဆိုင်ရပြီး ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။

ဒီဂီယာ – မန်ယူအသင်းဂိုးသမား ဒီဂီယာက ဘာစီလိုနာကို အရှက်တကွဲ ဂိုးပြတ်ရုံးခဲ့တဲ့ ပွဲစဉ်အပြီးမှာ မိမိရဲ့အမှားတွေ၊ သာမန်စွမ်းဆောင်ရည်အောက် ကျဆင်းနေမှုတွေအတွက် မိမိမှာတာဝန်ရှိကြောင်းနဲ့၊ သူရဲ့ အမှားတွေအတွက် တောင်းပန်ပါကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ရီးယဲလ် – ပြုပြင်ပြောင်းလဲမှုတွေ များစွာပြုလုပ်ဖို့ စိုင်းပြင်းနေတဲ့ ရီးယဲလ်အသင်းဟာ လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ ပေါင်းသန်း ရာနဲ့ချီသုံးစွဲပြီး ထိပ်သီးကလပ်က ကစားသမားတွေကို ကမ်းလှမ်းဖို့ ကြိုးစားတော့မယ်လို့ သိရပါတယ်။ သူတို့ ခေါ်ယူလိုတဲ့ အဓိက ကစားသမားတွေထဲမှာ မန်ယူက ပေါ့ဂ်ဘာ၊ ချယ်လ်ဆီးက ဟာဇက်တို့က ထိပ်ဆုံးက ပါဝင်နေပါတယ်။

ကာရေဂါ – ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ ဘာစီလိုနာနဲ့ ရင်ဆိုင်ရမယ့် လီဗာပူးအသင်းဟာ ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာ ပေါ်တိုကို နှစ်ကျော့်ပေါင်း (၆-၁)နဲ့ဂိုးပြတ်သွင်းပြီး ကျော်ဖြတ်လာခဲ့တာမို့၊ ဘာကာတို့အတွက်တော့ ဒီရလဒ်တွေဟာ ခြောက်ခြားစရာဖြစ်နေလိမ့်မယ်လို့ လီဗာပူးဂန္ထဝင်ကစားသမားဟောင်း ကာရေဂါက သုံးသပ်ခဲ့ပါတယ်။

(AP Photo/Luis Vieira)

ဆာလက် – လီဗာပူးအသင်းအတွက် စွမ်းဆောင်ရည်တွေများစွာနဲ့ ထောက်ပံ့မှုတွေ ပြုလုပ်နေတဲ့ ဆာလက်ဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီသတင်းတွေကို စပိန်အခြေစိုက် သတင်းစာတွေက ဖော်ပြခဲ့တာဖြစ်ပြီး၊ သူဟာ နည်းပြကလော့ပ်နဲ့ အချင်းများခဲ့ကြတာလို့ သိရပါတယ်။

ဒါပေမယ့် အသင်းကနေထွက်ခွာခွင့် တောင်းဆိုခြင်းမပြုဖို့ လီဗာပူးတာဝန်ရှိသူတွေက ဆာလက်ကို တောင်းပန်ထားတယ်လို့လည်း သိရပါတယ်။ ဆာလက်ကိုခေါ်ယူဖို့ ရီးယဲလ်၊ ဘာစီလိုနာအသင်းတွေက အပြိုင်ကြိုးစားကြဖွယ် ရှိနေပါတယ်။

ဆာရီ – ချယ်လ်ဆီးအသင်းနည်းပြ ဆာရီဟာ သွားနဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာကြောင့် အသေးစားကုသမှု ခံယူခဲ့ရတယ်လို့ သိရပါတယ်။ ဆာရီဟာ ယခုနှစ်ဘောလုံးရာသီအကုန်မှာ ထုတ်ပယ်ခံရဖို့ရှိနေတဲ့ နည်းပြတစ်ဦးဖြစ်ပြီး၊ ချန်ပီယံလိဂ်ဝင်ခွင့်က သူ့ကို ချယ်လ်ဆီးနည်းပြဘဝအတွက် အဖြေတစ်ခု ဖြစ်သွားနိုင်ပါတယ်။

မန်စီးတီး/ပေါ်တို – ယမန်နေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ မန်စီးတီးအသင်းနဲ့ စပါးအသင်းတို့ ပွဲစဉ်မှာ (၄-၃)ရလဒ်နဲ့ စပါးအသင်းရှုံးနိမ့်ခဲ့ပေမယ့် အဝေးဂိုးအားသာချက်နဲ့ ပြိုင်ဘက်မန်စီးတီးအသင်းကို ကျော်ဖြတ်ပြီး၊ ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့ပါတယ်။ ဒီလိုပဲ ပေါ်တိုအသင်းကလည်း လီဗာပူးအသင်းကို အိမ်ကွင်းမှာ (၁-၄)ရလဒ်နဲ့ ဂိုးပြတ်ထပ်မံ ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်ကနေ လက်ပြနှုတ်ဆက်ခဲ့ရပါတယ်။

လင်းဇော်ကို (SportAhtar)

READ
၅-၁၁-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Source : thesun.co.uk

SHARE