၁၄-၁-၂၀၂၀ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Mirror

ဘာစီလိုနာ ။    ။ ဘာစီလိုနာအသင်းဟာ အသင်းနည်းပြ ဗယ်လ်ဗာဒီ ကို ထုတ်ပယ်လိုက်ပြီဖြစ်ပြီး ရေဆင်း ၊ ဘက်တစ်နဲ့ လက်စ်ပါးမက်စ်အသင်းတို့ရဲ့ နည်းပြဟောင်း ကွီကွေး ဆီတိန်း ကို (၂)ရာသီခွဲစာချုပ်နဲ့ နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်ပါတယ်။ ဆီတိန်းဟာ နည်းပြဘ၀မှာ ဘာအောင်မြင်မှုမှ ရယူထားနိုင်ခြင်းမရှိတဲ့ နည်းပြတစ်ယောက်ဖြစ်ပြီး အက်သလက်တီကိုအသင်းမှာ ဘောလုံးသမားအဖြစ် ကစားခဲ့စဉ်က စပိန်စူပါဖလားတစ်ကြိမ်ကိုသာ ရယူထားနိုင်ခဲ့သူပါ။ ဘာစီလိုနာအသင်းဟာ သူတို့ရဲ့ နည်းပြ ရာထူးအတွက် ကွင်းလယ်လူဟောင်း ဇာဗီ ကို ချိတ်ဆက်ခဲ့ပေမယ့်လည်း ငြင်းပယ်လိုက်တာကြောင့် ဆီတိန်း ကို ခေါ်ယူလိုက်တာပဲဖြစ်ပါတယ်။

လီဗာပူးလ် ။     ။ ရှာကွီရီ ကို အငှားနဲ့ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တဲ့ ရိုးမားရဲ့ ကမ်းလှမ်းမှုကို လီဗာပူးလ်အသင်းက ပယ်ချလိုက်ပါတယ်။ ရိုးမားအသင်းဟာ ဒူးဒဏ်ရာကြောင့် ရာသီကုန်အထိနားရမယ့် ကွင်းလယ်လူ ဇာနီအိုလို ရဲ့ နေရာမှာ ရှာကွီရီ ကို အစားထိုး ဖို့ ဆန္ဒရှိနေတာဖြစ်ပြီး အငှားခေါ်ဖို့ ကမ်းလှမ်းခဲ့တာပါ။ ဒါပေမယ့် လီဗာပူးလ်ကတော့ အသက် (၂၈)နှစ်အရွယ် ကွင်းလယ်လူကို အန်ဖီးလ်မှာပဲ ဆက်ပြီး ထိန်းသိမ်းထားဖို့ ဆုံးဖြတ်ခဲ့ပြီး ရိုးမားရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်လိုက်ပါတယ်။

 

မန်ယူ ။ ။ မန်ယူအသင်းနဲ့ စပို့တင်းအသင်းတို့ဟာ ကွင်းလယ်လူ ဖာနန်ဒက်စ်ရဲ့ ပြောင်းရွှေ့ကြေးအတွက် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တယ်လို့ Goal က ဖော်ပြပါတယ်။ မန်ယူအသင်းအနေနဲ့ ဖာနန်ဒက်စ်အတွက် ပေါင်သန်း(၅၀)ပေးချေဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ သတင်းတွေက ဖော်ပြနေပြီး ကစားသမားရဲ့ စွမ်းဆောင်ရည်ပေါ်မူတည်လို့ စပို့တင်းအသင်းကို ပေါင်(၁၀)သန်း ထပ်မံပေးချေရမှာဖြစ်တယ်လို့ သိရပါတယ်။

မန်စီးတီး ။       ။ မန်စီးတီးအသင်းဟာ လာမယ့်ရာသီမှာ စာချုပ်ကုန်ဆုံးတော့မယ့် တိုက်စစ်မှူး အဂွီရို ကို သူ့ရဲ့ဆန္ဒအတိုင်း စာချုပ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်စေမှာဖြစ်တယ်လို့ Daily Mail က ဖော်ပြပါတယ်။ မန်စီးတီးအနေနဲ့ အသင်းရဲ့ထိပ်တန်းတိုက်စစ်မှူးကို အသင်းမှာ ဆက်ရှိနေစေချင်ပေမယ့်လည်း အဂွီရိုအနေနဲ့ အသင်းကနေ ထွက်ခွာချင်တယ်ဆိုရင်လည်း ခွင့်ပြုသွားမှာဖြစ်တယ်လို့ သတင်းတွေက ရေးသားခဲ့တာပါ။

မာကွင်ဟို ။      ။ PSG အသင်း နောက်ခံလူ မာကွင်ဟို ဟာ အသင်းနဲ့ (၂၀၂၄)ခုနှစ်အထိ သက်တမ်းရှိတဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပါတယ်။ (၂၀၁၃)ခုနှစ်ကတည်းက PSG အသင်းဆီ ရောက်ရှိခဲ့တဲ့ ဘရာဇီးနောက်ခံလူဟာ PSG အတွက် ပွဲပေါင်း (၂၀၀)ကျော် ကစားပေးထားခဲ့ပြီးနောက် (၄)နှစ်ခွဲ သက်တမ်းရှိတဲ့ စာချုပ်သစ်ကို လက်မှတ်ရေးထိုးလိုက်ပြန်တာပါ။

ရိန်နာ ။ ။ အေစီမီလန်အသင်းဂိုးသမား ရိန်နာ ဟာ ပရီးမီးယားလိဂ်ကလပ် ဗီလာအသင်းဆီ ရာသီကုန်အထိ အငှားနဲ့ရောက်ရှိသွားခဲ့ပါပြီ။ ဂိုးသမား ဟီတန် ဒဏ်ရာရသွားခဲ့လို့ အရန်ဂိုးသမား နိုင်လန်း ကို အသုံးပြုနေရပြီး ပေးဂိုးတွေများနေခဲ့တဲ့ ဗီလာအသင်းဟာ မန်စီးတီးကို ဂိုးပြတ်ရှုံးခဲ့တဲ့ ပွဲအပြီးမှာ အတွေ့အကြုံရှိ ဂိုးသမားတစ်ဦးကို အမြန်ဆုံးခေါ်ယူဖို့ စီစဉ်ခဲ့ရတာပါ။

READ
၇-၉-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Linn

Source : TheSun , Mirror  , Goal

SHARE