၂.၁.၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ဟယ်ရီကိန်း ။   ။ မနေ့ညက ကစားခဲ့တဲ့ ကာဒစ်ဖ်အသင်းနဲ့ စပါးအသင်းတို့ရဲ့ ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကတော့ စပါးအသင်းနဲ့အတူ မှတ်တမ်းသစ်တစ်ခု ရေးထိုးလိုက်ပြန်ပါတယ်။ အဲဒါကတော့ စပါးအသင်းအတွက် စတင်ကစားပေးနေတဲ့အချိန်ကစပြီး အခုအချိန်အထိ ပြိုင်ဖက် ပရီးမီးယားလိဂ်အသင်းတိုင်းကို ဂိုးသွင်းနိုင်ခဲ့တဲ့ စံချိန်တစ်ခုပါပဲ။ (၂၀၀၉)ခုနှစ်က စပြီး စပါးအသင်းရဲ့ စီနီယာ ကစားသမားတစ်ယောက်ဖြစ်လာခဲ့တဲ့ ဟယ်ရီကိန်းဟာ လေတန်အိုရီးယန့်၊ မီဝေါလ် ၊ နော်ဝှစ်ခ်ျနဲ့ လက်စတာအသင်းတွေဆီကို အငှားသွားရောက်ကစားပေးခဲ့ရပြီး (၂၀၁၃)ခုနှစ်မှာမှ စပါးအသင်းရဲ့အဓိက ကစားသမားတစ်ယောက် ဖြစ်လာခဲ့တာပါ။ ဟယ်ရီကိန်းဟာ ပြီးခဲ့တဲ့ (၅)နှစ်တာ ကာလအတွင်း ပရီးမီးယားလိဂ်အသင်းတိုင်းကို ဂိုးသွင်းနိုင်တဲ့ တိုက်စစ်မှူးဖြစ်ခဲ့ပြီး သူ့ရဲ့စံချိန်ဟာ ကာဒစ်ဖ်အသင်းကို ဂိုးသွင်းယူပြီးတဲ့နောက် ပြည့်စုံသွားခဲ့တာဖြစ်ပါတယ်။

ဖာဘရီဂက်စ် ။  ။ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား ဖာဘရီဂက်စ်ဟာ ဒီတစ်ပတ်အတွင်းမှာ မိုနာကို အသင်းဆီပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ ESPN က ဖော်ပြပါတယ်။ အသက် (၃၁)နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ပုံမှန်ပွဲထွက်ခွင့်အတွက် ကန်တီ၊ ဂျော်ဂျင်ဟို တို့ကို မကျော်ဖြတ်နိုင်ပဲ ဖြစ်နေခဲ့ပြီး မိုနာကို အသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဖာဘရီဂက်စ်ကိုခေါ်ယူဖို့ အေစီမီလန်အသင်းက အသည်းအသန်ကြိုးစားခဲ့ပေမယ့်လည်း ကစားသမားကတော့ အီတလီမြေကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိမနေခဲ့ပါဘူး။

EPA

ဆေးလ်ဗား ။    ။ မန်စီးတီးအသင်းကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားက မနက်ဖြန်ည ကစားမယ့် လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်ကို ရှုံးနိမ့်ခဲ့ရင် ချန်ပီယံမျှော်လင့်ချက်လည်း အဆုံးသတ်သွားလိမ့်မယ်လို့ အသင်းဖော်တွေကို သတိပေးလိုက်ပါတယ်။ မန်စီးတီးအသင်းဟာ လက်ရှိအခြေအနေမှာ လီဗာပူးလ်အသင်းနဲ့ (၇)မှတ်အကွာ၊ အမှတ်ပေးဇယားရဲ့အဆင့်(၃)နေရာမှာ ရပ်တည်နေတာဖြစ်ပြီး ဒီပွဲစဉ်ကိုသာ ရှုံးနိမ့်ခဲ့ရင် ရမှတ်(၁၀)မှတ်အထိ ကွာဟသွားမှာပါ။ ဆေးလ်ဗား က အသင်းရဲ့ ကစားသမားတွေမှာ ဖိအားကိုယ်စီ ရှိနေကြပေမယ့် ရှုံးနိမ့်သွားခဲ့မယ်ဆိုရင် ပိုမိုများပြားတဲ့ဖိအားတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

READ
၁၀-၆-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ
FoxSports

ဗယ်လ်ဗာဒီ ။    ။ ဘာစီလိုနာအသင်းနည်းပြ ဗယ်လ်ဗာဒီ က သူ့အနေနဲ့ လာမယ့်ရာသီမှာ အသင်းကနေ ထွက်ခွာသွားနိုင်ချေရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။ ဘာစီလိုနာအသင်းနဲ့အတူ ရလဒ်ကောင်းတွေ ပိုင်ဆိုင်ထားခဲ့တဲ့ နည်းပြ ဗယ်လ်ဗာဒီ ဟာ (၂၀၁၈-၁၉) ဘောလုံးရာသီကုန်ဆုံးရင် ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေတာဖြစ်ပြီး စာချုပ်ဆိုင်ရာ ဆွေးနွေးမှုတွေ အဆင်မပြေဖြစ်နေခဲ့တာပါ။ အသက် (၅၄)နှစ်အရွယ် နည်းပြ က သူ့အနေနဲ့ ဘာစီလိုနာနည်းပြရာထူးအတွက် ကျေနပ်နေခဲ့ပေမယ့်လည်း ရာသီကုန်ရင် ရရှိမယ့် ဆုဖလားအရေအတွက်ဟာ သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်ပေးသွားမှာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

ချယ်လ်ဆီး ။     ။ ချယ်လ်ဆီးအသင်းနည်းပြ ဆာရီ က ဗလင်စီယာနဲ့ ဗီလာအသင်းတွေမှာ အငှားသွားရောက်ကစားနေတဲ့ ဘတ်ရှူဝါရီနဲ့ အေဗရာဟင် တို့ဟာ ဒီဇန်န၀ါရီ အပြောင်းအရွှေ့မှာ အသင်းဆီ ပြန်လာကြမှာမဟုတ်ဘူးလို့ အတည်ပြုလိုက်ပါတယ်။ ဗီလာအသင်းနဲ့အတူ ပွဲစဉ် (၁၉)ပွဲမှာ (၁၄) ဂိုးသွင်းယူထားတဲ့ အေဗရာဟင် ကို ချယ်လ်ဆီးပရိသတ်တွေက ပြန်လည်ခေါ်ယူစေချင်ကြပေမယ့်လည်း ဆာရီကတော့ ဒီကစားသမားလေးဟာ ဗီလာမှာ ရာသီကုန်အထိ ရှိနေမှာဖြစ်ကြောင်း အသိပေးလိုက်တာပါ။ ချယ်လ်ဆီးဟာ တိုက်စစ်ပိုင်းအတွက် ပူလီဆစ်ကိုခေါ်ဖို့ သဘောတူခဲ့ပြီလို့ သတင်းတွေထွက်နေသလို၊ ဟီဂူအင်နဲ့မိုရာတာကို အလဲအလှယ်လုပ်မယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

READ
ပရီးမီးယားလိဂ်အကြောင်း သင်ဘယ်လောက်သိလဲ?
TheSun

ဟက်ဒါဖီးလ် ။   ။ ဟက်ဒါဖီးလ်အသင်းဟာ စပါးအသင်းရဲ့ ဘယ်နောက်ခံ ကစားသမား ဂျေဒန်ဘရောင်းကို (၂)နှစ်ခွဲစာချုပ်နဲ့ခေါ်ယူလိုက်ပါတယ်။ အသက် (၁၉)နှစ်အရွယ် လူငယ်နောက်ခံ ကစားသမားဟာ စပါးရဲ့ လူငယ်အကယ်ဒမီကနေ မွေးထုတ်ပေးလိုက်တဲ့ ကစားသမားဖြစ်ပြီး ဟက်ဒါဖီးလ်ရဲ့ လူငယ်အသင်းမှာ စတင်ကစားရမှာဖြစ်တယ်လို့ သိရပါတယ်။

မီလီတာအို ။     ။ မန်ယူအသင်းနဲ့ ရီးယဲလ်အသင်းတို့ဟာ ပေါ်တိုအသင်းရဲ့ နောက်ခံကစားသမား မီလီတာအို ကိုခေါ်ယူဖို့ အပြိုင်ကြိုးစားနေကြတယ်လို့ Don Balon က ဖော်ပြပါတယ်။ အသက် (၂၀)အရွယ် ဗဟိုနောက်ခံ ကစားသမားကို မန်ယူအသင်းမှာ မော်ရင်ဟို ရှိနေစဉ်ကတည်းက စိတ်ဝင်စားနေခဲ့တာဖြစ်ပြီး ပေါ်တိုအသင်းက သူတို့ရဲ့ ကစားသမားအတွက် ပေါင်သန်း(၄၀)၀န်းကျင် အလိုရှိနေပါတယ်။ စပိန်သတင်းစာကတော့ ရီးယဲလ်ထက် စာရင် မန်ယူက ကစားသမားကို ခေါ်ယူနိုင်ဖို့ ပိုမိုနီးစပ်တဲ့ အနေအထားမှာရှိနေတယ်လို့ ရေးသားသွားခဲ့ပါတယ်။

Linn

Source : TheSun , Dailymail , Mirror

SHARE