၂၃-၁-၂၀၂၀ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Twitter / Goal

မန်ယူ ။ ။ မန်ယူအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘန်လေအသင်းကို (၀-၂)ဂိုးနဲ့ အရှုံးပေးခဲ့ရပါတယ်။ ဘန်လေအသင်းဟာ မန်ယူရဲ့အိမ်ကွင်းမှာ အနိုင်မရခဲ့တာ (၅၇)နှစ် ကြာမြင့်ခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်မှာတော့ သူတို့ရဲ့မှတ်တမ်းဆိုးကို ချေဖျက်နိုင်ခဲ့ပါပြီ။ မက်ဂွိုင်းယားနဲ့ဖေးလ်ဂျူံးစ်ကိုတွဲပေးခဲ့တဲ့ မန်ယူခံစစ်ဟာ အားနည်းနေခဲ့သလို ရက်ရှ်ဖို့ဒ်မပါနိုင်တဲ့ တိုက်စစ်ကလည်း အလုပ်မဖြစ်ပဲ ဖြစ်နေခဲ့တာပါ။ မန်ယူက ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးကန်သွင်းခွင့်အသာတွေရခဲ့ပေမယ့်လည်း ဘန်လေကပဲ ဂိုးတွေရသွားခဲ့ပြီး ပွဲချိန် (၃၉)မိနစ်မှာ ၀ုဒ် နဲ့ ပွဲချိန် (၅၆)မိနစ်မှာ ရိုဒရီဂွက်ဇ် တို့က သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

ဖာဒီနန် ။         ။ မန်ယူအသင်းနောက်ခံကစားသမားဟောင်း ဖာဒီနန်က ဘန်လေကို ရှုံးခဲ့တဲ့ မန်ယူအသင်းအတွက် ရှက်မိကြောင်း ပြောဆိုလိုက်ပါတယ်။ မန်ယူအနေနဲ့ ကစားသမားအပြောင်းအရွှေ့တွေအတွက် ပေါင်သန်း(၆၀၀)လောက် သုံးခဲ့ပြီးပေမယ့် ဘန်လေကို ရှုံးခဲ့ရတာ ရှက်ဖို့ကောင်းသလို အသင်းအတွက် အနာဂတ်စီမံကိန်းတွေလည်း မရှိဘူးလို့ ခံစားနေရကြောင်း မှတ်ချက်ပေးလိုက်ပါတယ်။ BT Sport ရဲ့ သုံးသပ်သူအဖြစ် ပါဝင်ခဲ့တဲ့ ဖာဒီနန်က သူ့အနေနဲ့ မန်ယူအသင်းရဲ့ ကစားပုံနဲ့ပတ်သက်ပြီး ဘာမှမပြောချင်ပေမယ့် ဒီနေရာမှာရှိနေတာကို ရှက်နေမိကြောင်းနဲ့ နောက်ပွဲတွေမှာ ဘာဖြစ်လာမလဲဆိုတာကိုတောင် မသိချင်တော့ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

ဖာနန်ဒက်စ် ။    ။ ဘရူနိုဖာနန်ဒက်စ်ရဲ့ အေးဂျင့်ဖြစ်သူ ဂျော့ခ်ျမန်းဒက်စ် က မန်ယူအသင်းအနေနဲ့ ဖာနန်ဒက်စ်ကို ခေါ်ယူနိုင်မယ်လို့ အာမခံချက်မရှိကြောင်းနဲ့ သူ့ရဲ့ ကစားသမားဟာ အခြားကလပ်အသင်းတွေနဲ့လည်း ချိတ်ဆက်မှုတွေ ပြုလုပ်နေကြောင်း ဖွင့်ဟလိုက်ပါတယ်။ မန်ယူအသင်းနဲ့ စပို့တင်းတို့အကြား ပြောင်းရွှေ့ကြေး ညှိနှိုင်းမရတဲ့ ပြဿနာတွေကြောင့် ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ကြန့်ကြာနေခဲ့ပြီး မန်ယူအနေနဲ့ ဖာနန်ဒက်စ်ကို ခေါ်ခွင့်မရပဲ ဖြစ်သွားနိုင်တယ်ဆိုတဲ့အကြောင်း ဂျော့ခ်ျမန်းဒက်စ်က သတိပေးလိုက်တာပါ။

READ
၆-၉-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

 

စပါး ။   ။ စပါးအသင်းဟာ ဆိုဆီဒက်အသင်းရဲ့ တိုက်စစ်မှူး ၀ီလီယံ ဟိုဆေး ကို ခေါ်ယူဖို့ ဆွေးနွေးနေပြီဖြစ်ကြောင်း Marca က ဖော်ပြပါတယ်။ ဟယ်ရီကိန်းရဲ့နေရာကို အစားထိုးဖို့ တိုက်စစ်မှူးသစ် ရှာနေတဲ့ စပါး ဟာ အေစီမီလန် တိုက်စစ်မှူး ပီယာတက်ခ် ၊ ဆိုဆီဒက်ရဲ့ ၀ီလီယံ တို့နဲ့ ဆွေးနွေးနေပြီး တိုးတက်မှုတွေ ရှိနေတာကိုတွေ့ရတယ်လို့ Marca က ဖော်ပြပါတယ်။

မာတီနယ်လီ ။   ။ အာဆင်နယ်အသင်းအတွက် ခြေစွမ်းပြပြီး ဂိုးတွေသွင်းယူပေးနေတဲ့ တိုက်စစ်မှူးလေး မာတီနယ်လီ ရဲ့ လစာဟာ ကွင်းလယ်လူ အိုဇေးလ် ထက် (၃၅)ဆလောက် လျော့နည်းနေတယ်လို့ Mirror က ဖော်ပြပါတယ်။ အာဆင်နယ်ရဲ့ လစာအများဆုံး ကစားသမားဖြစ်တဲ့ အိုဇေးလ်ဟာ တစ်ပတ်ကို ပေါင်(၃၅၀၀၀၀)ရရှိနေချိန်မှာ မာတီနယ်လီကတော့ တစ်ပတ်လုပ်ခ ပေါင်(၁၀၀၀၀)သာ ရရှိနေတာပါ။ လက်ရှိအချိန်မှာတော့ အာဆင်နယ်အသင်းက မာတီနယ်လီ ကို တစ်ပတ်လုပ်ခ ပေါင်(၃၀၀၀၀)အထိ တိုးမြှင့်ပေးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

READ
မန်ယူအသင်းရဲ့ဆိုးရွားတဲ့ကစားပုံကို ဝေဖန်လိုက်တဲ့ ပေါလ်စခိုး

Linn

Source : TheSun , Goal , Mirror

SHARE