၁၀-၁၁-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Mirror

ရော်ဂျာ ။         ။ လက်စတာအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာ က အာဆင်နယ်အသင်းကို (၂-၀)နဲ့ အနိုင်ရခဲ့ခြင်းဟာ နည်းစနစ်ပိုင်းအပြောင်းအလဲကြောင့်ဖြစ်ကြောင်း ပွဲအပြီးမှာ မှတ်ချက်ပေးသွားခဲ့ပါတယ်။ ပထမပိုင်းပွဲချိန်တွေမှာ ဂိုးမရှိ၊ သရေသာဖြစ်နေခဲ့တဲ့ အနေအထားကြောင့် ရော်ဂျာက ဒီမာရိုင်းဂရေးကို လူစားဝင်ကစားစေခဲ့ပြီး မိနစ်ပိုင်းအကြာမှာပဲ လက်စတာအသင်းက ဦးဆောင်ဂိုးတွေ ရရှိသွားခဲ့တာပါ။ ရော်ဂျာက လက်စတာအသင်းဟာ သူတို့နဲ့ထိုက်တန်တဲ့နေရာကို ရောက်ရှိနေတာဖြစ်ကြောင်းနဲ့ လူငယ်တွေရဲ့ခြေစွမ်းဟာ လက်စတာအသင်းကို အများကြီး အထောက်အပံ့ဖြစ်စေခဲ့ကြောင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။

ဘန်ဇီမာ ။       ။ မနေ့ညက ကစားခဲ့တဲ့ အီဘာနဲ့ ရီးယဲလ်အသင်းတို့ရဲ့ ပွဲစဉ်မှာ ရီးယဲလ်အတွက် သွင်းဂိုး (၂)ဂိုး သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ဘန်ဇီမာ ကတော့ အသင်းနဲ့အတူ မှတ်တမ်းသစ်တစ်ခု ရေးထိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။ အီဘာ ကို (၀-၄)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ ဘန်ဇီမာ ဟာ ရီးယဲလ်အသင်းအတွက် ဆဌမမြောက်သွင်းဂိုးအများဆုံး ကစားသမားအဖြစ် (၁၅၇) ဂိုးနဲ့ ရပ်တည်သွားနိုင်ခဲ့တာပါ။

ကလော့ပ် ။      ။ လီဗာပူးလ်အသင်းနည်းပြ ဂျာဂန်ကလော့ပ်က PSG တိုက်စစ်မှူး ဘက်ပီ ကို ခေါ်ယူဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ ကိစ္စဖြစ်ကြောင်း ဖြေရှင်းချက်ထုတ်လိုက်ပါတယ်။ ဘက်ပီ ကိုခေါ်ဖို့ ကြိုးစားနေတဲ့ အသင်းတွေထဲမှာ လီဗာပူးလ်လည်းပါနေတယ်လို့ သတင်းတွေ ထွက်ခဲ့တဲ့အပေါ် ကလော့ပ်က ဖြေရှင်းသွားခဲ့တာဖြစ်ပြီး ဘက်ပီရဲ့ ပြောင်းရွှေ့ကြေးမြင့်မားခြင်းက အဓိက အချက်ဖြစ်တယ်လို့ မှတ်ချက်ပေးသွားခဲ့တာပါ။

လမ်းပတ် ။      ။ ပဲလေ့စ်အသင်းကို (၂-၀)ဂိုးနဲ့ အနိုင်ရရှိပြီးတဲ့နောက်မှာ ချယ်လ်ဆီးအသင်း ချန်ပီယံဆုဖလားအတွက် မျှော်လင့်ချက်ရှိလာခဲ့ပြီလို့ မှတ်ချက်စကားတွေ ထွက်လာခဲ့ပြီး အဲဒီ စကားတွေကို နည်းပြ လမ်းပတ်က ပယ်ချသွားခဲ့ပါတယ်။ လမ်းပတ်က ချယ်လ်ဆီးအသင်းဟာ လက်ရှိမှာ ရလဒ်ကောင်းတွေ ရရှိနေပေမယ့်လည်း အမှတ်ပေးဇယားရဲ့ထိပ်ပိုင်းက လီဗာပူးလ်နဲ့ မန်စီးတီးတို့ရဲ့ စွမ်းဆောင်ရည်ကို လေးစားရမှာဖြစ်ပြီး ချန်ပီယံဆုအတွက်ပြောဖို့ အလှမ်းဝေးနေသေးတယ်လို့ မှတ်ချက်ပေးသွားခဲ့တာပါ။

PSG ။  ။ PSG အသင်းရဲ့ နောက်ခံလူ သီယာဂိုဆေးလ်ဗားနဲ့ တိုက်စစ်မှူး ကာဗာနီ တို့ဟာ ဒီအပြောင်းအရွှေ့ကာလမှာ အသင်းကနေ ထွက်ခွာသွားရတော့မှာဖြစ်ပြီး အသင်းအနေနဲ့ သူတို့ကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖို့ အစီအစဉ်မရှိတော့ဘူးလို့ ပြင်သစ်သတင်းစာတွေက ဖော်ပြနေကြပါတယ်။ ဒီကစားသမားနှစ်ယောက်ဟာ PSG အသင်းကို ကာတာလုပ်ငန်းစုက လက်လွှဲယူလိုက်ချိန်မှာ ရောက်ရှိလာကြသူတွေဖြစ်ပြီး အသင်းအတွက် ဆုဖလားတွေ ဆွတ်ခူးပေးခဲ့သူတွေပါ။ ဒါပေမယ့်လည်း လက်ရှိအချိန်မှာတော့ PSG က ဒီကစားသမားတွေကို စာချုပ်သက်တမ်းတိုးဖို့ထက် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားစေဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။

READ
၁၃-၈-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Linn

Source : TheSun , Goal , Mirror

SHARE