၂-၁၁-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Mirror

PSG ။  ။ ပြင်သစ်လီဂူးအမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ PSG အသင်းဟာ မနေ့ညက ပွဲစဉ်မှာတော့ တန်းဆင်းဇုန်ထဲက ဒီဂျွန်အသင်းကို (၂-၁)ဂိုးနဲ့ အရှုံးပေးခဲ့ရပါတယ်။ နေမာ ဒဏ်ရာရနေခဲ့တဲ့ PSG အသင်းရဲ့တိုက်စစ်မှာ ဘက်ပီ၊ အီကာဒီ၊ ဒီမာရီယာ တို့နဲ့ ပွဲထွက်လာခဲ့ပြီး ဂွီယီ၊ ပါရီဒက်စ်နဲ့ ဘားနက် တို့ရဲ့ ကွင်းလယ်ကတော့ ပြိုင်ဖက်အသင်းအပေါ် အသာစီးရဖို့ ရုန်းကန်ခဲ့ရပါတယ်။ ပွဲအစ (၁၉)မိနစ်မှာပဲ ဘက်ပီက PSG အတွက် ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပေမယ့် ပထမပိုင်းပြီးခါနီး နာကျင်အချိန်ပိုမှာ ဒီဂျွန်တိုက်စစ်မှူး ချူရီယာ က ချေပဂိုးတစ်ဂိုးသွင်းယူခဲ့ပြီး ဒုတိယပိုင်း ပြန်လည်စတင်ချိန် ပွဲချိန် (၄၇)မိနစ်မှာလည်း ကာဒစ်ဇ် က ဒီဂျွန်အတွက် ဂိုးဆောင်ဂိုးသွင်းပေးသွားခဲ့လို့  ပွဲအပြီးမှာ PSG အသင်း (၂-၁)နဲ့ အရှုံးပေးလိုက်ရတာပဲဖြစ်ပါတယ်။

လမ်းပတ် ။      ။ ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ် က ချယ်လ်ဆီးအသင်းရဲ့ပွဲထွက်ကစားသမားတွေကို နိုင်ငံအသင်းအတွက် စွမ်းဆောင်မှုတွေအပေါ် ကြည့်ပြီး နေရာပေးတာမဟုတ်ဘူးလို့ ပြောဆိုလိုက်ပြီး ဒီ စကားက  ချယ်လ်ဆီးအသင်းမှာ ပွဲထွက်ခွင့်မရ ဖြစ်နေတဲ့ တိုက်စစ်မှူး ဂျီရော့ဒ် ကို သတိပေးလိုက်တာလည်းဖြစ်ပါတယ်။ ဒီရာသီမှာ ချယ်လ်ဆီးအသင်းအတွက် (၅)ပွဲသာ ၀င်ရောက်ကစားခွင့်ရသေးပြီး သြဂုတ်လကတည်းက ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ပွဲထွက်ကစားသမားမဖြစ်တော့တဲ့ ဂျီရော့ဒ်အနေနဲ့ နိုင်ငံအသင်းမှာ ခြေစွမ်းပြနေရုံနဲ့တင် မလုံလောက်ပဲ ချယ်လ်ဆီးအသင်းမှာပါ ခြေစွမ်းပြနိုင်ဖို့လိုတယ်လို့ လမ်းပတ်က သတိပေးလိုက်တာပါ။

အိုဇေးလ် ။       ။ အာဆင်နယ်အသင်းနည်းပြ အမ်မရီ က  အသင်းရဲ့ ကွင်းလယ်ကစားသမား အိုဇေးလ်ဟာ ၀ုဗ်အသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပွဲထွက်ခွင့်ရမှာဖြစ်ကြောင်း အတည်ပြုလိုက်ပါတယ်။ အာဆင်နယ်အသင်းမှာ တစ်ပတ်လုပ်ခ ပေါင်(၃၅၀၀၀၀)အထိ ရရှိနေတဲ့ အိုဇေးလ်အတွက် ဒီရာသီမှာ ဒုတိယမြောက်ပွဲထွက်ခွင့်ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ဖြစ်လာမှာပါ။ သတင်းတွေကတော့ အမ်မရီဟာ အိုဇေးလ်ကို ပွဲထွက်ခွင့်မပေးမှု၊ ဇာခါကိုအသင်းခေါင်းဆောင်အဖြစ်ရွေးချယ်မှုနဲ့ ခံစစ်ပိုင်းကိုမပြုပြင်နိုင်မှုတွေကြောင့် ပရိသတ်တွေက ရာထူးကနေ ထွက်ဖို့အထိ တောင်းဆိုနေကြပြီး သူ့ရဲ့ဖိအားတွေကိုလျော့ပါးသွားစေဖို့ အိုဇေးလ်ကို ပွဲထွက်ခွင့်ပေးခဲ့တာဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။

ရိုက်စ် ။ ။ မန်ယူအသင်းရဲ့ ဇန်န၀ါရီအပြောင်းအရွှေ့ ပစ်မှတ်တွေထဲမှာ ၀က်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန်ရိုက်စ် တစ်ယောက် ရှိနေဆဲပဲလို့ Goal က ဖော်ပြပါတယ်။ လာမယ့် ဇန်န၀ါရီအပြောင်းအရွှေ့မှာ ကစားသမားသစ်တွေ သေချာပေါက်ခေါ်ယူသွားမယ့် မန်ယူအသင်းအတွက် ရိုက်စ်ဟာ ဦးစားပေး ပစ်မှတ်ဖြစ်နေပြီး အသက် (၂၀)အရွယ် ကွင်းလယ်လူအတွက် မြင့်မားတဲ့ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ရင်ဆိုင်ရဖွယ်ရှိနေတယ်လို့ Goal က သုံးသပ်ပါတယ်။

ကွန်တီ ။         ။ အင်တာမီလန်အသင်းနည်းပြ ကွန်တီ က  သူ့အနေနဲ့ အသင်းတိုက်စစ်မှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး မာတီနက်ဇ်ကိုရောင်းချဖို့  အစီအစဉ်မရှိသေးကြောင်း ပြောဆိုလိုက်ပါတယ်။ မာတီနက်ဇ် ကို ဘာစီလိုနာအသင်းက ခေါ်ယူမယ်လို့ သတင်းတွေထွက်နေတဲ့အပေါ် ကွန်တီက တုန့်ပြန်ပြောဆိုလိုက်တာဖြစ်ပြီး မာတီနက်ဇ်နဲ့လူကာကူ တိုက်စစ်အတွဲဟာ စီးရီးအေရဲ့အကောင်းဆုံး တိုက်စစ်အတွဲအဖြစ်ရှိနေမှာဖြစ်ကြောင်း တုန့်ပြန်သွားခဲ့တာပါ။

READ
၁၅-၃-၂၀၁၉ အတွက် ညနေခင်းဦးဦးဖျားဖျား အားကစားသတင်းများ

ရိုးမား ။ ။ ရိုးမားအသင်းဟာ မန်ယူနောက်ခံလူ စမောလင်း အတွက် ပေါင်(၁၃)သန်း ပေးမယ်ဆိုတဲ့အကြောင်း မန်ယူအသင်းဆီ ကမ်းလှမ်းလိုက်တယ်လို့ Guardian သတင်းစာက ဖော်ပြပါတယ်။ မန်ယူအသင်းကနေ ရိုးမားဆီကို အငှားလာရောက်ကစားနေတဲ့ စမောလင်း ကို ရိုးမားအသင်းက အပြီးသတ် ခေါ်ယူချင်နေတာဖြစ်ပြီး (၅)နှစ်စာချုပ်နဲ့ ခေါ်ယူပေးသွားမယ်လို့လည်းသိရပါတယ်။

Linn

Source : TheSun , Goal , Mirror

SHARE