ပိုချက်တီနို ။ ။ စပါးအသင်းဟာ အသင်းကို (၅)နှစ်ကြာ ကိုင်တွယ်ခဲ့တဲ့ နည်းပြ ပိုချက်တီနို ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။ ဒီသတင်းဟာ အားလုံးအတွက် အံ့သြစရာသတင်းတစ်ခု ဖြစ်ခဲ့ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲအထိ စပါးအသင်းကို ပို့ဆောင်ပေးခဲ့ပြီးတဲ့နောက် (၆)လအကြာမှာပဲ ထုတ်ပယ်ခံလိုက်ရတာပါ။ (၂၀၁၄)ခုနှစ်ကတည်းက စပါးအသင်းကို ရောက်ရှိလာခဲ့တဲ့ ပိုချက်တီနို ဟာ သူ့ရဲ့လက်ထက်မှာ စပါးအသင်းအတွက် မြင့်မားတဲ့အောင်မြင်မှုတွေ ရယူပေးနိုင်ခဲ့ပြီး (၂၀၁၆-၁၇) ဘောလုံးရာသီမှာဆိုရင် ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်(၂)အထိရောက်အောင်စွမ်းဆောင်ပေးခဲ့သူပါ။ ဒီရာသီအစမှာတော့ ပိုချက်တီနို ဟာ အသင်းကစားသမားအချို့နဲ့ ပြဿနာဖြစ်ပွားခဲ့ပြီး ရလဒ်ပိုင်းတွေ ဆိုးရွားနေခဲ့တာကြောင့် အသင်းဥက္ကဌ လီဗိုင်း က ရာထူးကနေ ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။ ပိုချက်တီနိုရဲ့ နည်းပြအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ပီရက်ဇ်၊ ဒီ အဂေါ့စတီနို ၊ ဂျီမီနက်ဇ်တို့ကိုလည်း အသင်းကနေ ထုတ်ပယ်လိုက်တယ်လို့ လီဗိုင်းက ကလပ်ဝက်ဆိုက်ကနေ အသိပေးသွားခဲ့ပါတယ်။
မော်ရင်ဟို ။ ။ စပါးအသင်းရဲ့ လစ်လပ်သွားတဲ့ နည်းပြ ရာထူးအတွက် ရေပန်းအစားဆုံးကတော့ မန်ယူနဲ့ ချယ်လ်ဆီးအသင်းနည်းပြဟောင်း မော်ရင်ဟို ပါပဲ။ မော်ရင်ဟို ဟာ လာမယ့် (၂၄) နာရီအတွင်းမှာ စပါးနည်းပြ ရာထူးအတွက် လာရောက်ဆွေးနွေးသွားမှာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေကြပြီး အသင်းဥက္ကဌ လီဗိုင်းနဲ့ ကနဦးတွေ့ဆုံမှုတွေလည်း ပြုလုပ်ထားခဲ့တယ်လို့ TheSun က ဖော်ပြပါတယ်။ စပါးအသင်းရဲ့ နည်းပြ ရာထူးအတွက် မော်ရင်ဟို နဲ့အတူ ရေပန်းစားနေတာကတော့ ဂျူဗင်တပ်စ်နည်းပြဟောင်း အယ်လီဂရီပဲ ဖြစ်ပြီး သူတို့နှစ်ဦးထဲက တစ်ဦးဟာ စပါးရဲ့ မန်နေဂျာအဖြစ် သေချာပေါက်ရောက်ရှိလာဖို့ ရှိနေတာပါ။
Jose Mourinho, Eddie Howe and Max Allegri in contention to replace Mauricio Pochettino at Spurs https://t.co/nfioXckaYs pic.twitter.com/W4wtTvXwHQ
— Football News papers (@PapersFootball) November 19, 2019
အယ်လီ၊ ဗာတွန်ဂန် ။ ။ စပါးအသင်းရဲ့ ကွင်းလယ်လူ အယ်လီနဲ့ နောက်ခံလူ ဗာတွန်ဂန် တို့ဟာ ပိုချက်တီနို ထုတ်ပယ်ခံရခြင်းအပေါ် စိတ်မကောင်းဖြစ်မိကြောင်းကို သူတို့ရဲ့ တွစ်တာ စာမျက်နှာတွေပေါ်မှာ ရေးသားဖော်ပြသွားခဲ့ပါတယ်။ အယ်လီက ပိုချက်တီနိုဟာ သူ့အပေါ် အများကြီး ကူညီခဲ့သူဖြစ်ကြောင်းနဲ့ ထပ်မံတွေ့ဆုံချင်သေးကြောင်း တွစ်တာကနေ ရေးသားဖော်ပြသွားခဲ့ပြီး ဗာတွန်ဂန် ကလည်း ပိုချက်တီနို ကို ထုတ်ပယ်လိုက်ခြင်းအပေါ် အံ့အားသင့်မိကြောင်းနဲ့ အောင်မြင်မှုတွေ အတူရယူနိုင်ခဲ့တာကို သတိရနေမှာဖြစ်ကြောင်း ရေးသားသွားခဲ့ပါတယ်။
I can’t thank this man enough. He’s taught me so much and I’m so grateful for everything he’s done for me. Good luck and hope to see you again my friend. pic.twitter.com/dUO6AJlMxR
— Dele (@dele_official) November 19, 2019
မန်ယူ ။ ။ မန်ယူအသင်း ပရိသတ်တွေကတော့ အသင်းရဲ့ လက်ရှိနည်းပြ ဆိုးလ်ရှားကို ထုတ်ပြီး စပါးနည်းပြဟောင်း ဖြစ်သွားတဲ့ ပိုချက်တီနို ကို အမြန်ဆုံးခန့််အပ်ဖို့ အသင်းတာဝန်ရှိသူတွေကို တိုက်တွန်းနေကြပါတယ်။ တွစ်တာပေါ်မှာတော့ မန်ယူပရိသတ်တွေက ဒီရက်ပိုင်းအတွင်း ကစားရမယ့် ပွဲစဉ်တွေကို ရှုံးနိမ့်ဖို့ မျှော်လင့်နေပြီး ရလဒ်တွေဆိုးနေပြီဆိုတာနဲ့ ဆိုးလ်ရှားကို ထုတ်ကာ ပိုချက်တီနို ကို ချက်ချင်းခန့်ရမယ်လို့ အသင်းတာဝန်ရှိသူတွေအပေါ် တိုက်တွန်းနေတာကို မြင်တွေ့နေရတာပါ။ တချို့ကတော့ မန်ယူအသင်းအနေနဲ့ လက်ရှိမှာ ရနေတဲ့အခွင့်အရေးကို မယူရင် လာမယ့်နှစ်တွေမှာ နောင်တ ရနေလိမ့်မယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။
I’m praying seriously that we lose our game this weekend against Shefield United..
So that Ole can be sacked immediately, then we can go in for Poch.— 🖤Eli Kofi 🖤 (@eli___k) November 19, 2019
ဘိုင်ယန် ။ ။ လက်ရှိမှာ နည်းပြ လက်မဲ့ဖြစ်နေတဲ့ ဘိုင်ယန်အသင်းအနေနဲ့ စပါးက ထုတ်ပယ်ခံလိုက်ရတဲ့ နည်းပြ ပိုချက်တီနို ကိုခေါ်ဖို့ စီစဉ်နေပြီလို့ Daily Mail က ဖော်ပြပါတယ်။ Daily Mail ရဲ့ ဖော်ပြချက်အရ ပိုချက်တီနို ဟာ လာမယ့် ရက်ပိုင်းအတွင်းမှာပဲ သူ့ရဲ့အလုပ်သစ်ကို လက်ခံရရှိဖွယ် ရှိနေပြီး သူ့ကို ခေါ်ယူချင်နေတဲ့ ဥရောပ ကလပ်အသင်းတွေအများကြီး စောင့်ဆိုင်းနေတယ်လို့ ရေးသားသွားခဲ့တာပါ။ အဲဒီအထဲမှာတော့ ဘိုင်ယန်မြူးနစ်အသင်းက လက်တွေ့အကျဆုံးဖြစ်ပြီး အသင်းရဲ့ လစ်လပ်နေတဲ့ နည်းပြ နေရာကို ပိုချက်တီနို ရောက်လာလိမ့်မယ်လို့ ပရိသတ်တွေက မျှော်လင့်နေကြပါတယ်။
Linn
Source : TheSun , Goal , Dailymail