(၁၁-၅-၂၀၁၉)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

(AP Photo/Matt Dunham)

ဒေးဗစ်လူးဝစ်ဇ် – ချယ်လ်ဆီးအသင်းမှာ ကာလရှည်ပေးဆပ်ခဲ့တဲ့ နောက်ခံလူဒေးဗစ်လူးဝစ်ဇ်ဟာ အခုအခါမှာ အသင်းနဲ့ (၂)နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ပါတယ်။ ချယ်လ်ဆီးဟာ အပြောင်းအရွှေ့ပိတ်ပင်ထား တာကြောင့် အရည်အသွေးရှိ ကစားသမားတွေ အသင်းကို ဆက်ထိန်းထားဖို့ လိုအပ်နေပါတယ်။

မန်ယူ – မန်ယူအသင်းဟာ အေဂျက်စတား ဒီလစ်ဂ်ျကို အသဲအသန်ချဉ်းကပ်မှုတွေ ပြုလုပ်နေပေမယ့် အခုအခါမှာ သူ့ကို ခေါ်ယူဖို့အရေး လက်ရှောင်လိုက်ပြီလို့ သိရပါတယ်။ ကင်းထောက်တွေရဲ့သတင်းပို့ချက်အရ ဒီလစ်ဂ်ျရဲ့ဖခင်ဟာ အလွန်ဝဖြိုးသူဖြစ်တာကြောင့်၊ သားဖြစ်သူ ဒီလစ်ဂ်ျကလည်း ဒီလိုပဲဝလာလိမ့်မယ်လို့ ဆိုပါတယ်။

ဒီငြင်းပယ်မှုဟာ ကစားသမားအတွက် ဒေါသထွက်စရာဖြစ်ခဲ့ပြီး၊ ပြင်ပလောကမှာလည်း လှောင်ပြောင်ခံရနိုင်တဲ့ အကြောင်းပြမှုပါ။ နောက်ထပ်ထွက်ပေါ်လာတဲ့သတင်းတွေအရ ဒီလစ်ဂ်ျရဲ့အေးဂျင့်ကို ဖီဖာက စည်းမျဉ်းချိုးဖောက်လို့ဆိုပြီး သြဂုတ်လအထိ အပြောင်းအရွှေ့ကိစ္စတွေမှာ ပါဝင်ပတ်သတ်ခွင့် ပိတ်ပင်ထားတာကလည်း မန်ယူတို့ လူခေါ်ယူရေးမှာ သက်ရောက်မှုတွေ ရှိခဲ့ပုံရပါတယ်။

(AP Photo/Luis Vieira)

ဗန်ဒိုက် – ယခုနှစ်မှာ အကောင်းဆုံးခြေစွမ်းပိုင်ဆိုင်ထားတဲ့ လီဗာပူးနောက်ခံလူ ဗန်ဒိုက်ဟာ အမှတ်ပေးချန်ပီယံဖြစ်ရေအတွက် ဘယ်တော့မှ လက်လျှော့မှာမဟုတ်ကြောင်း ဆိုပါတယ်။ လက်ရှိအခြေအနေအရ မန်စီးတီးက တစ်မှတ်အသာနဲ့ ချန်ပီယံဖြစ်ဖို့အလေးသာနေသော်လည်း ဘောလုံးမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးလို့ ဗန်ဒိုက်က ပြောခဲ့တာပါ။

ဆီမြွန်နီ – အေတီကိုအသင်းနည်းပြ ဆီမြွန်နီက အသင်းရဲ့အဓိကကစားသမား ဂရစ်ဇ်မန်း ဘာစီလိုနာအသင်းကို ပြောင်းရွှေ့နိုင်မလားဆိုတဲ့ သတင်းတွေအပေါ် စိုးရိမ်မှုမရှိဘူးလို့ တုန့်ပြန်လိုက်ပါတယ်။ သူက ဂရစ်ဇ်မန်းဟာ အေတီကိုအသင်းရဲ့ ကပ္ပတိန်တစ်ဦးဖြစ်ပြီး၊ အသင်းကနေ ထွက်ခွာဖို့အရေး ပြောကြားမှုတွေအပေါ် စိုးရိမ်မှုမရှိဘူးလို့ ဆိုပါတယ်။

ပေါ့ဂ်ဘာ – မကြာခဏ အသင်းပြောင်းဖို့အတွက် ကိုယ့်ဘက်ကနေ စကားဦးစသမ်းလေ့ရှိတဲ့ ပေါ့ဂ်ဘာတစ်ယောက် ရီးယဲလ်ကို ပြောင်းရွှေ့နိုင်ရေး အိပ်မက်ဟာ မသေချာမရေရာတော့ပါဘူး။ အကြောင်းကတော့ သူ့ရဲ့ အေးဂျင့်ကို အီတလီဘောလုံးအဖွဲ့ချုပ်က သုံးလကြာ ပိတ်ပင်မှုပြုလုပ်ခဲ့ပြီး၊ ဒီပိတ်ပင်မှုဟာ တစ်ကမ္ဘာလုံးနဲ့ သက်ဆိုင်နေကြောင်း သိရပါတယ်။

(AP Photo/Christophe Ena)

နေမာ – ပရိသတ်တစ်ဦးကို လက်သီးနဲ့ထိုးမှုကြောင့် PSG တိုက်စစ်မှူးနေမာကို သုံးပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ကြောင့် သိရပါတယ်။ နေမာဟာ PSG အသင်းကို ပြောင်းရွှေ့ခဲ့ပြီးနောက် ထင်မှတ်ထားတဲ့ ဥရောပအောင်မြင်မှုလည်း မရရှိခဲ့လို့ ဖိအားတွေ၊ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ယာယာတိုရေး – အိုင်ဗရီကိုစ်နဲ့ ဘာစီလိုနာ၊ မန်စီးတီးအသင်းတို့မှာ ခြေစွမ်းပြခဲ့တဲ့ ယာယာတိုရေးဟာ ကစားသမားဘဝကို အဆုံးသတ်လိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ ယာယာတိုရေးဟာ ဘာစီလိုနာအသင်းနဲ့အတူ ချန်ပီယံလိဂ်၊ အာဖရိကနိုင်ငံများဖလား၊ လာလီဂါနှစ်ကြိမ်၊ မန်စီးတီးနဲ့အတူ အင်္ဂလန်အမှတ်ပေးချန်ပီယံ စတဲ့ ဖလားတွေ ဆွတ်ခူးနိုင်ခဲ့သူပါ။

လင်းဇော်ကို (Shwemom)

READ
ဝိန်းရူနီအပါအဝင်ကစားသမား(၆)ဦးကို အပြောင်းအလဲလုပ်မယ့်ရွိုင်းဟော့ဒ်ဆန်

Source : marca.com/ dailymail.co.uk/ thesun.co.uk/ metro.co.uk/ skysports.com

SHARE