၁-၁၂-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Mirror

ဆိုးလ်ရှား ။      ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားအနေနဲ့ ရာသီကုန်ဆုံးချိန်မှာ အဆင့်(၆)အတွင်း မ၀င်ခဲ့ရင်တောင် ရာထူးကနေ ထုတ်ပယ်ခံရမှာမဟုတ်ဘူးလို့ Daily Star က ဖော်ပြလိုက်ပါတယ်။ မန်ယူအသင်းရဲ့ ဘုတ်အဖွဲ့ဟာ ဆိုးလ်ရှားကို အပြည့်အ၀ ထောက်ခံပေးဖို့ သဘောတူထားကြပြီး ဥရောပ ပြိုင်ပွဲတွေ ၀င်ရောက်နိုင်ဖို့ စွမ်းဆောင်နိုင်မှုအပေါ် စောင့်ကြည့်နေမှာ မဟုတ်ဘူးလို့ သတင်းထဲမှာ ဖော်ပြထားတာပါ။ လက်ရှိမှာ အမှတ်ပေးဇယားရဲ့ အဆင့်(၁၁)နေရာကို ရောက်ရှိနေပြီး ဥရောပပြိုင်ပွဲဝင်ခွင့်ရဖို့ ရုန်းကန်နေရပေမယ့် ဆိုးလ်ရှားဟာ သူ့အလုပ်ကို အေးအေးဆေးဆေး လုပ်နေဖို့ အခွင့်အရေးရှိနေသေးကြောင်း Daily Star က ဖော်ပြပါတယ်။

ဗန်ဒိုက် ။         ။ အင်္ဂလန်အသင်း တိုက်စစ်မှူးဟောင်း ဂယ်ရီလိုင်နီကာ က မက်ဆီဟာ လာမယ့် တနင်္လာနေ့မှာ ဘလွန်းဒီအောဆုကို ရရှိကောင်း ရရှိသွားနိုင်ပေမယ့်လည်း သူ့ရဲ့ပြိုင်ဖက်ဖြစ်တဲ့ ဗန်ဒိုက်ကတော့ လီဗာပူးလ်အတွက် အဖိုးမဖြတ်နိုင်တဲ့ ကစားသမားဖြစ်နေကြောင်း မှတ်ချက်ပေးလိုက်ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ ဘရိုက်တန်အသင်းနဲ့ ပွဲစဉ်မှာ လီဗာပူးလ်အတွက် သွင်းဂိုး(၂)ဂိုး သွင်းယူပေးခဲ့ပြီး နိုင်ပွဲတစ်ပွဲ ရရှိစေခဲ့တဲ့ ဗန်ဒိုက် ဟာ လီဗာပူးလ်အသင်း ပရီးမီးယားလိဂ် ဆုဖလားကို ပြန်လည်ဆွတ်ခူးနိုင်ဖို့အတွက် အဓိက ကျတဲ့နေရာမှာ ရှိနေတယ်လို့ ဂယ်ရီလိုင်နီကာ က သုံးသပ်လိုက်တာပါ။

မော်ရင်ဟို ။     ။ စပါးအသင်းနည်းပြ မော်ရင်ဟို က စပါးပရိသတ်တွေဟာ သူ့ကို ချစ်ခင်အားပေးမှု မရှိကြသေးပေမယ့်လည်း လက်ရှိရလဒ်ပိုင်းတွေအရ သူ့ကို လက်ခံလာနေပြီလို့ ယုံကြည်မိကြောင်း ပြောဆိုလိုက်ပါတယ်။ စပါးအသင်းက ဘုန်းမောက်အသင်းကို (၃-၂)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ မော်ရင်ဟိုအနေနဲ့ စပါးအတွက် (၃)ပွဲဆက် နိုင်ပွဲကို ရယူနိုင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေနဲ့ သူ့ရဲ့ကြားမှာ အကောင်းဆုံး အခြေအနေတစ်ခု ရနေပြီလို့ မော်ရင်ဟို က ယုံကြည်နေတာပါ။

ထရစ်ပီယာ ။    ။ အက်သလက်တီကိုအသင်းနောက်ခံလူ ထရစ်ပီယာ က မက်ဆီဟာ ကွင်းအတွင်းမှာ တခြားဘောလုံးသမားတွေလို ပြေးလွှားမနေပဲ လမ်းလျှောက်နေခဲ့ပေမယ့်လည်း သွင်းဂိုးတစ်ဂိုးကတော့ အနည်းဆုံး ရရှိနေတာပဲဖြစ်တယ်လို့ ချီးကျူးလိုက်ပါတယ်။ ဒီနေ့ညမှာ ကစားရမယ့် အက်သလက်နဲ့ ဘာစီလိုနာတို့ရဲ့ ပွဲစဉ်မတိုင်မီ ထရစ်ပီယာ က မက်ဆီရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးလိုက်တာဖြစ်ပြီး မက်ဆီဟာ ဂိုးသွင်းနိုင်ဖို့အတွက် ပြေးလွှားနေရာယူနေဖို့ လိုအပ်တဲ့ ကစားသမားမျိုးမဟုတ်ဘူးလို့ မှတ်ချက်ပေးလိုက်ပါတယ်။

ဝက်ဖို့ဒ် ။         ။ မနေ့ညက ပွဲစဉ်မှာ ဆောက်သမ်တန်အသင်းကို (၂-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ၀က်ဖို့ဒ်အသင်းဟာ နည်းပြ ဆန်းချက်ဇ်ဖလော်ရက်ဇ် ကို ထုတ်ဖို့ ပြင်ဆင်နေပြီလို့ Goal က ဖော်ပြပါတယ်။ ဆောက်သမ်တန်အသင်းနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားရတဲ့ ပွဲစဉ်မှာ ၀က်ဖို့ဒ်အသင်းက ဒုတိယပိုင်းမိနစ် (၇၀)ကျော်အထိ (၀-၁)ဂိုးနဲ့ အနိုင်ရနေခဲ့ပေမယ့်လည်း ပွဲအပြီးမှာတော့ (၂-၁)ဂိုးနဲ့ ရှုံးနိမ့်သွားခဲ့တာပါ။ အမှတ်ပေးဇယားရဲ့ အောက်ဆုံးနေရာမှာ ရပ်တည်နေပြီဖြစ်တဲ့ ၀က်ဖို့ဒ်အသင်းရဲ့ အခြေအနေကြောင့် အသင်းတာဝန်ရှိသူတွေဟာ နည်းပြအပြောင်းအလဲ ပြုလုပ်ဖို့ စီစဉ်နေကြပြီလို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

READ
၆-၇-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Linn

Source : TheSun , Goal , Mirror

SHARE