၅-၁၂-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Mirror

မော်ရင်ဟို ။     ။ စပါးအသင်းနည်းပြ မော်ရင်ဟို က မနေ့ညက ပွဲစဉ်မှာ မန်ယူအသင်းကို အရှုံးပေးခဲ့ရခြင်းဟာ အသင်းကြီးတွေနဲ့တွေ့ရင် ပိုကောင်းအောင် ကစားပြနိုင်တဲ့ မန်ယူအသင်းရဲ့ ရလဒ်ပိုင်းကြောင့် ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ ဒီရာသီမှာ စပါးအသင်းရဲ့ နည်းပြ ဖြစ်လာခဲ့ပြီး နိုင်ပွဲတွေ ဆက်တိုက် ရယူပေးခဲ့တဲ့ မော်ရင်ဟို ဟာ အသင်းဟောင်း မန်ယူနဲ့ ရင်ဆိုင်အတွေ့မှာတော့ သူ့ရဲ့ ပထမဆုံး ရှုံးပွဲအဖြစ် ခွင့်ပြုလိုက်ရတာပါ။ မော်ရင်ဟို က မန်ယူဟာ ချယ်လ်ဆီး ၊ လီဗာပူးလ် ၊ လက်စတာ တို့ကို အခက်တွေ့အောင် ကစားထားနိုင်တဲ့ မှတ်တမ်းကောင်းတွေ ဒီရာသီမှာ ရှိခဲ့လို့ စပါးအသင်းကိုလည်း အကောင်းဆုံး ကစားပြသွားတာဖြစ်တယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။

ရက်ရှ်ဖို့ဒ် ။       ။ မန်ယူအသင်းနဲ့ စပါးအသင်းတို့ရဲ့ ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး (၂)ဂိုး သွင်းယူပေးခဲ့သူ ရက်ရှ်ဖို့ဒ်ဟာ သူ့ရဲ့လက်အောက်မှာ အကောင်းဆုံး ပုံစံရရှိနေပြီဖြစ်တယ်လို့ နည်းပြ ဆိုးလ်ရှားက ဖွင့်ဟလိုက်ပါတယ်။ မနေ့ညက ပွဲစဉ်မှာ မန်ယူအသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် (၆)မိနစ်မှာတင် သွင်းယူခဲ့ပြီး ဒုတိယပိုင်း ပွဲချိန် (၄၉)မိနစ်မှာလည်း ပင်နယ်တီကတစ်ဆင့် အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ ရက်ရှ်ဖို့ဒ်ရဲ့ ခြေစွမ်းဟာ လက်ရှိမှာ အကောင်းဆုံးပုံစံရောက်နေပြီလို့ ဆိုးလ်ရှားက ချီးကျူးသွားခဲ့တာပါ။

အယ်လီ ။        ။ စပါးအသင်းကွင်းလယ်ကစားသမား အယ်လီ ကတော့ မနေ့ညက ကြုံတွေ့ခဲ့ရတဲ့ ရှုံးပွဲဟာ စပါးကစားသမားတွေရဲ့ ယုံကြည်မှုလွန်ကဲမှုကြောင့်သာ ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ စပါးအသင်းအတွက် ချေပဂိုးတစ်ဂိုးကို ပွဲချိန် (၃၉)မိနစ်မှာ အယ်လီက သွင်းယူပေးခဲ့ပေမယ့်လည်း ပွဲချိန် ဒုတိယပိုင်းမှာ သွင်းယူခဲ့တဲ့ ရက်ရှ်ဖို့ဒ်ရဲ့ ပင်နယ်တီဂိုးကိုတော့ စပါးအသင်း ဘယ်လိုမှ လိုက်လံချေပနိုင်ခြင်းမရှိတော့ပဲ အရှုံးပေးလိုက်ရတာပါ။ အယ်လီ က စပါးကစားသမားတွေဟာ ဆက်တိုက်နိုင်ပွဲတွေ ရခဲ့တာကြောင့် ယုံကြည်မှု လွန်ကဲခဲ့ကြပြီး ပြိုင်ဖက်ကို အလေးမထားပဲ ကစားခဲ့ကြတယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

လမ်းပတ် ။      ။ ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ် က ဗီလာအသင်းလက်ထောက်နည်းပြ ဂျွန်တယ်ရီ တစ်ယောက် စတမ်းဖို့ဒ်ဘရစ်ခ်ျကွင်းဆီကို နည်းပြ တစ်ယောက်အနေနဲ့ ရောက်ရှိလာခြင်းအပေါ် ကျေနပ်နေမိကြောင်း ဖွင့်ဟလိုက်ပါတယ်။ ချယ်လ်ဆီးက ဗီလာအသင်းကို (၂-၁)နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ တယ်ရီ ဟာ ဗီလာအသင်းရဲ့ နည်းပြအဖွဲ့ဝင်အဖြစ် အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ရှုံးပွဲတစ်ပွဲ ဖြစ်သွားခဲ့တာပါ။ လမ်းပတ် ကတော့ သူ့အနေနဲ့ အသင်းဖော်ဟောင်းနဲ့ အခုလို ပြန်လည်တွေ့ဆုံရတဲ့အပေါ် ကျေနပ်နေမိပြီး ချယ်လ်ဆီးပရိသတ်တွေအနေနဲ့ ဂျွန်တယ်ရီ ကို ကြိုဆိုကြတဲ့အတွက်လည်း ၀မ်းသာမိတယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။

မက်ဆီ ။         ။ မက်ဆီတစ်ယောက် (၂၀၁၉)ခုနှစ်ရဲ့ ဘလွန်းဒီအောဆုကို ရရှိသွားခြင်းအပေါ် အံ့အားသင့်နေမိကြောင်း မိခင်ဖြစ်သူက ဖွင့်ဟလိုက်ပါတယ်။ မက်ဆီရဲ့ မိခင်ဖြစ်သူ ဆီလီယာ က သူမအနေနဲ့ (၂၀၁၅)ခုနှစ်က ရရှိခဲ့တဲ့ ဘလွန်းဒီအော ဆုဟာ မက်ဆီအတွက် နောက်ဆုံးရမယ့်ဆု ဖြစ်လာမယ်လို့ ထင်ခဲ့မိကြောင်းနဲ့ အခုလိုမျိုး နောက်ထပ်တစ်ကြိမ် ထပ်ရလိမ့်မယ်လို့ မတွေးမိခဲ့တော့ကြောင်း ဖွင့်ဟလိုက်တာပါ။ ဆီလီယာ က မက်ဆီဟာ သူမကို အမြဲတမ်း အံ့အားသင့်အောင် လုပ်နိုင်သူတစ်ယောက် ဖြစ်ကြောင်းနဲ့ အောင်မြင်မှုတွေကို ဆက်တိုက် ဆွတ်ခူးနိုင်မယ့်သူဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

READ
ဒိုင်လူကြီးနှင့်ကစားသမား အပီအပြင်ရန်ဖြစ်ကြသည့် အခိုက်အတန့်များ

Linn

Source : TheSun , Goal , Mirror

SHARE