၆-၁၂-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Mirror

အာဆင်နယ် ။   ။ အာဆင်နယ်အသင်းဟာ မနေ့ညက ပွဲစဉ်မှာ ဘရိုက်တန်အသင်းကို (၁-၂)ဂိုးနဲ့ အရှုံးပေးခဲ့ရပြီးတဲ့နောက် (၁၉၇၇)ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး ရာသီဝက်ရလဒ်တွေနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။ ယာယီနည်းပြ ယွန်းဘတ် ဟာ အသင်းအတွက် ဘာမှ စွမ်းဆောင်ပေးနိုင်မှာ မဟုတ်ဘူးဆိုတာ ပေါ်လွင်စေခဲ့ပြီး အိမ်ကွင်းမှာ ကစားခဲ့ရပေမယ့် ဘရိုက်တန်လို အသင်းမျိုးကိုတောင် အရှုံးပေးခဲ့ရတာပါ။ အာဆင်နယ်အသင်း ပရိသတ်တွေဟာ ပထမပိုင်းပွဲပြီးချိန်မှာတင် ကစားသမားတွေရဲ့ ကစားပုံကို လှောင်ပြောင်နေခဲ့ကြပြီး ပွဲပြီးဆုံးသွားချိန်မှာလည်း အသင်းကစားသမားတွေကို လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

မာကိုဆေးလ်ဗား ။       ။ အဲဗာတန်အသင်းဟာ လီဗာပူးလ်ကို ဂိုးပြတ်ရှုံးခဲ့တဲ့ ပွဲအပြီးမှာ နည်းပြ မာကိုဆေးလ်ဗား ကို ထုတ်ပယ်ကြောင်း ကြေညာလိုက်ပါပြီ။ အဲဗာတန်အသင်းရဲ့ ဒီရာသီ ပွဲစဉ် (၁၅)ပွဲမှာ (၉)ပွဲအထိ ရှုံးနိမ့်ခဲ့တဲ့ ဆေးလ်ဗားအတွက် လီဗာပူးလ်နဲ့ ပွဲစဉ်ဟာ နောက်ဆုံးမျှော်လင့်ချက် ဖြစ်ခဲ့ပေမယ့်လည်း ဂိုးပြတ်ရှုံးသွားခဲ့တာကြောင့် ရာထူးကနေ ထွက်ခဲ့ရတာပါ။ လက်ရှိအချိန်မှာတော့ လက်ထောက်နည်းပြ ဒန်ကန်ဖာဂူဆန် က အဲဗာတန်အသင်းကို ယာယီနည်းပြအဖြစ် တာဝန်ယူသွားမှာဖြစ်ပြီး လာမယ့် စနေမှာ ကစားရမယ့် ချယ်လ်ဆီးနဲ့ပွဲစဉ်အတွက် နည်းပြပေးသွားမယ်လို့ ကြေညာထားပါတယ်။

ပေါ့ဂ်ဘာ ။       ။ ရီးယဲလ်အသင်းနည်းပြ ဇီဒန်းအနေနဲ့ ပေါ့ဂ်ဘာကို ခေါ်ယူချင်ပေမယ့်လည်း အသင်းဥက္ကဌ ပီရက်ဇ်ကတော့ ပေါ့ဂ်ဘာအတွက် သန်း(၅၀)ထက် ပိုပြီး ပေးချေလိုခြင်းမရှိဘူးလို့ Marca သတင်းစာက ဖော်ပြပါတယ်။ ရီးယဲလ်အသင်းရဲ့ လူငယ်ကြယ်ပွင့်တွေဖြစ်ကြတဲ့ ဗယ်လ်ဗာဒီနဲ့ အိုဒီဂတ် တို့ဟာ ပေါ့ဂ်ဘာသာ ရောက်လာရင် ကစားခွင့်မရပဲ ခြေစွမ်းကျဆင်းသွားကြမှာကို ပီရက်ဇ်က စိုးရိမ်နေပြီး ပေါ့ဂ်ဘာကို ခေါ်ယူဖို့ ငွေကြေးအများကြီး မသုံးချင်ပဲ ဖြစ်နေကြောင်း သိရပါတယ်။

READ
နယူးကာဆယ်ကို ဝယ်ယူပြီး ဒိုလေးကိုခေါ်ဖို့ ကြံစည်နေတဲ့ လက်ဝှေ့ကျော်မေဝယ်သာ

 

ဆာဟာ ။        ။ မန်ယူအသင်းတိုက်စစ်မှူးဟောင်း ဆာဟာ က မန်ယူအသင်းအနေနဲ့ တိုက်စစ်အတွက် PSG တိုက်စစ်မှူး ကာဗာနီ ကိုခေါ်ယူဖို့ ကြိုးစားသင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။ ဒီရာသီ ကုန်ရင် PSG အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ကာဗာနီ ကို ဒီအပြောင်းအရွှေ့မှာ PSG က ရောင်းချဖို့ စီစဉ်နေပြီး မန်ယူတိုက်စစ်အတွက် သင့်တော်တဲ့ ကစားသမား ဖြစ်လိမ့်မယ်လို့ ဆာဟာ က ယုံကြည်နေတာပါ။ ကာဗာနီဟာအသင်းရဲ့ လူငယ်တိုက်စစ်မှူးတွေဖြစ်တဲ့ ရက်ရှ်ဖို့ဒ်နဲ့ မာရှယ်တို့ကို ဦးဆောင်နိုင်မှာဖြစ်ပြီး မန်ယူတိုက်စစ်က ပိုကောင်းလာလိမ့်မယ်လို့ ဆာဟာ က သုံးသပ်လိုက်ပါတယ်။

အယ်လီဂရီ ။    ။ ဂျူဗင်တပ်စ်အသင်းနည်းပြဟောင်း အယ်လီဂရီ က သူ့အနေနဲ့ အင်္ဂလန်မြေမှာလာပြီး နည်းပြလုပ်ဖို့ အင်္ဂလိပ်စကား သင်ယူနေပြီဖြစ်ကြောင်း အတည်ပြုပေးလိုက်ပါတယ်။ ဒါ့အပြင် အာဆင်နယ်အသင်းက သူတို့ရဲ့ မန်နေဂျာရာထူးအတွက် လာရောက်ချိတ်ဆက်မှုတွေ ပြုလုပ်နေကြောင်းကိုလည်း အယ်လီဂရီက အတည်ပြုပေးထားပါတယ်။ ဒါပေမယ့် အသက် (၅၂)နှစ်အရွယ် နည်းပြကြီးက သူ့အနေနဲ့ နည်းပြလောကထဲကို အလျင်စလို ပြန်လည်ဝင်ရောက်ဦးမှာ မဟုတ်ကြောင်းနဲ့ လာမယ့်နွေရာသီ မတိုင်ခင်မှာ အသင်းတစ်သင်းကို နည်းပြဖို့ လက်ခံသွားမှာမဟုတ်သေးကြောင်း ပြောဆိုလိုက်ပါတယ်။

READ
၆-၉-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Linn

Source : TheSun , Goal , Mirror

SHARE