၁၃-၁၀-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

အင်္ဂလန် ။       ။ အင်္ဂလန်အသင်းဟာ ခရိုအေးရှားအသင်းနဲ့ ကစားခဲ့တဲ့ Nations League ပွဲစဉ်မှာ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ရဲ့ အပိုင်အခွင့်အရေး လွဲချော်မှု (၂) ကြိမ်နဲ့အတူ ဂိုးမရှိသရေကျသွားခဲ့ပါတယ်။ အင်္ဂလန်အသင်းရဲ့ တိုက်စစ်မှာ ဟယ်ရီကိန်း၊ စတာလင်၊ ရက်ရှ်ဖို့ဒ်တို့နဲ့ ပွဲထွက်ခဲ့ပြီး ခရိုအေးရှားဖက်မှာလည်း မိုဒရစ်၊ ရာကီတစ်၊ ကိုဗာဆစ်၊ ပါရီဆစ် တို့နဲ့ လူစုံခဲ့တာပါ။ ပါရီဆစ်ရဲ့အခွင့်အရေးတွေကို အင်္ဂလန်ဂိုးသမား ပစ်ဖို့ဒ် ကာကွယ်နိုင်ခဲ့သလို ဟယ်ရီကိန်းရဲ့ အပိုင်ခေါင်းတိုက်ချက် တိုင်ထိ ထွက်ခဲ့တာကြောင့်လည်း ပွဲအပြီးမှာ ဂိုးမရှိသရေကျသွားခဲ့ရပါတယ်။

ဆာဗစ် ။         ။ ဆားဘီးယားအသင်း ကွင်းလယ်ကစားသမား ဆာဗစ် က မန်ယူနည်းပြ မော်ရင်ဟိုအနေနဲ့ သူ့ရဲ့ခြေစွမ်းကိုစောင့်ကြည့်ဖို့ ကွင်းအတွင်းရောက်ရှိလာခဲ့တယ်ဆိုတဲ့သတင်းဟာ ကျေနပ်စရာဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ ဆာဗစ်က ပွဲအပြီး အင်တာဗျူးမှာ သူဟာ လာဇီယို ကစားသမားတစ်ယောက် ဖြစ်ပေမယ့် သူ့ကိုနာမည်ကြီးနည်းပြတစ်ယောက်က လာရောက်စောင့်ကြည့်ခံရခြင်းအပေါ် ကျေနပ်မိကြောင်းနဲ့ တခြား ထင်မြင်ချက်တွေအပေါ်မှာတော့ ဘာမှမပြောလိုသေးကြောင်း ဖြေဆိုသွားခဲ့ပါတယ်။

လူကာကူ ။      ။ မန်ယူအသင်းမှာ ဂိုးမသွင်းပေမယ့် ဘယ်လ်ဂျီယံအသင်းမှာတော့ တိုက်စစ်မှူး လူကာကူ ဟာ ဂိုးမြူးနေဆဲပါ။ ဘယ်လ်ဂျီယံနဲ့ ဆွစ်ဇာလန်အသင်းတို့ ကစားခဲ့တဲ့ Nations League ပွဲစဉ်မှာ ဘယ်လ်ဂျီယံ အသင်းအတွက် အနိုင်ဂိုး (၂) ဂိုးစလုံးကို တိုက်စစ်မှူးလူကာကူက သွင်းယူပေးခဲ့ပါတယ်။ (၂-၁) ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ အဲဒီ ပွဲအပြီးမှာ လူကာကူရဲ့ စွမ်းဆောင်ရည်ကို မန်ယူပရိသတ်တွေက မေးခွန်းထုတ်နေကြပြီး တွစ်တာပေါ်မှာတော့ လူကာကူဟာ မန်ယူအသင်းမှာ ကစားခဲ့တဲ့ ခြေစွမ်းနဲ့ ပြောင်းပြန်ဖြစ်နေကြောင်း ဝေဖန်နေကြပါတယ်။

READ
ပေါလ်စခိုး၏ အလှပဆုံးအဝေးပေးချက်/ကန်သွင်းချက်များစုစည်းမှု

အွန်နရီ ။         ။ အာဆင်နယ်အသင်းနဲ့ ပြင်သစ်အသင်းရဲ့ တိုက်စစ်မှူးဟောင်း အွန်နရီဟာ မိုနာကိုအသင်းရဲ့ နည်းပြအဖြစ် တာဝန်ထမ်းဆောင်ဖို့ သဘောတူညီမှု ရရှိသွားခဲ့ပါပြီ။ မိုနာကိုအသင်းဟာ သူတို့ရဲ့နည်းပြ ဂျာဒင် ကို ထုတ်ပယ်လိုက်ပြီးတဲ့နောက် အွန်နရီနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး (၃)နှစ်စာချုပ်နဲ့ ခန့်အပ်ဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။ (၂၀၁၈) ကမ္ဘာ့ဖလားမှာ ဘယ်လ်ဂျီယံနည်းပြ မာတီနက်ဇ်ရဲ့ လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အွန်နရီအတွက်တော့ ပထမဆုံး ပရော်ဖက်ရှင်နယ်နည်းပြဘ၀ကို စတင်ရတော့မှာဖြစ်ပြီး အွန်နရီဟာ သူ့ရဲ့လက်ထောက်နည်းပြအဖြစ် အာဆင်နယ် ယူ(၁၈)အသင်းနည်းပြ အမ်ပါဒူကိုခေါ်ယူသွားဖို့ ကြိုးစားနေပါတယ်။

(AP Photo/Geert Vanden Wijngaert)

အူဆီယံဘော့တ် ။        ။ သြစတြေးလျကလပ်အသင်း Central Coast Mariners မှာ လာရောက်ပြီး ခြေစွမ်းစမ်းသပ်ခံနေတဲ့ အပြေးသမား အူဆီယံဘော့တ်ဟာ မနေ့က ကစားခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် အနိုင်ဂိုး (၂) ဂိုးကို သွင်းယူပေးခဲ့ပြီး အသင်းအတွက် ပထမဆုံး ဂိုးသွင်းပေးနိုင်မှုလည်းဖြစ်လာခဲ့ပါတယ်။ အူဆီယံဘော့တ်က ပွဲအပြီး သူ့ရဲ့တွစ်တာမှာ “အိပ်မက်တွေ တကယ်ဖြစ်လာခဲ့ပြီ” ဆိုတဲ့ စာသားနဲ့အတူ အောင်ပွဲခံသွားခဲ့ပြီး သူ့အနေနဲ့ သြစတြေးလျကလပ်မှာ ပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ဖို့ အခွင့်အရေးတွေ ရှိလာခဲ့ပြီလို့လည်း ယုံကြည်နေပါတယ်။

ဟာဇက် ။        ။ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား ဟာဇက် ကဘယ်လ်ဂျီယံအသင်းဖော် လူကာကူ ကို ချယ်လ်ဆီးမှာ လာရောက်ကစားဖို့မျှော်လင့်နေကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဘယ်လ်ဂျီယံအသင်းမှာ ခြေစွမ်းပြသွင်းဂိုးတွေ သွင်းယူနေခဲ့တဲ့ လူကာကူရဲ့ စွမ်းဆောင်ရည်ကို ဟာဇက်က ချီးကျူးသွားခဲ့ပြီး လူကာကူသာ ချယ်လ်ဆီးအသင်းဆီရောက်လာခဲ့ရင် သူ့အနေနဲ့ ကြိုဆိုသွားမှာဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

READ
၂၉-၉-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Linn

Source : Dailymail . TheSun . Goal

SHARE