၁၃-၂-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

မန်ယူ ။ ။ မန်ယူအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ PSG ကို (၀-၂)နဲ့ အရှုံးပေးလိုက်ရပါတယ်။ ဒီရလဒ်ဟာ နည်းပြသစ် ဆိုးလ်ရှားလက်ထက်မှာ ပထမဆုံး ရှုံးပွဲဖြစ်လာခဲ့ပြီး အသင်းရဲ့အဓိက ကွင်းလယ်လူ ပေါ့ဂ်ဘာလည်း နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။ မန်ယူတိုက်စစ်မှာ ရက်ရှ်ဖို့ဒ် ၊ မာရှယ်နဲ့ လင်ဂတ်တို့ ပွဲထွက်လာခဲ့ပြီး ကွင်းလယ်မှာတော့ ပေါ့ဂ်ဘာ ၊ မာတစ်နဲ့ ဟာရဲရားတို့ ပွဲထွက်လာခဲ့တာပါ။ ဒဏ်ရာရကစားသမားတွေများနေတဲ့ PSG ကတော့ ဘက်ပီကိုအထောင်ထားပြီး ဒီမာရီယာ၊ ဒရက်စ်လာ တို့ကိုတောင်ပံမှာထားကစားခဲ့တာပါ။ PSG ကွင်းလယ်က မာကွင်ဟိုဟာ ပေါ့ဂ်ဘာကို ပွဲစဉ်တောက်လျှောက်လူကပ်ကစားခဲ့လို့ မန်ယူရဲ့ကွင်းလယ်ပိုင်းက ရုန်းကန်ခဲ့ရပြီး PSG ရဲ့ ဒုတိယပိုင်းသွင်းဂိုး (၂) ဂိုးကိုလည်း ခွင့်ပြုခဲ့ရပါတယ်။ PSG အတွက် သွင်းဂိုးတွေကိုတော့ ပွဲချိန် (၅၃)မိနစ်မှာ ကင်ဖန်ဘီ နဲ့ ပွဲချိန် မိနစ် (၆၀)မှာ ဘက်ပီ က သွင်းယူခဲ့တာဖြစ်ပါတယ်။

ရိုးမား ။ ။ စီးရီးအေပြိုင်ပွဲမှာ နိုင်ပွဲရဖို့ ရုန်းကန်နေရတဲ့ ရိုးမားအသင်းဟာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်မှာတော့ ပေါ်တိုအသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ပေါ်တူဂီလိဂ်ရဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ပေါ်တိုဟာ ရိုးမားကို ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိအားပေးကစားနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးပေါက်ကန်သွင်းခွင့်တွေ၊ ဂိုးရဖို့ထိုးဖောက်နိုင်မှုတွေမှာရိုးမားက ပိုမိုအသာစီးရခဲ့တာပါ။ ရိုးမားရဲ့ ညာတောင်ပံမှာ ကစားခဲ့တဲ့ ဇာနီယိုလို က ဒီပွဲရဲ့ သူရဲကောင်းဖြစ်ခဲ့ပြီး ပွဲချိန် (၇၀)နဲ့ (၇၆)မိနစ်တွေမှာ ရခဲ့တဲ့ သွင်းဂိုး (၂) ဂိုးစလုံးကို သူပဲ သွင်းယူပေးခဲ့တာပါ။ ပေါ်တိုအသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကိုတော့ လူစားဝင်လာခဲ့တဲ့ တိုက်စစ်မှူး အက်ဒရီယန်က (၇၉)မိနစ်မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

READ
အမျိုးသမီးဘောလုံးသမားများ၏ အကြမ်းဆုံးကွင်းတွင်ရန်ဖြစ်မှုများ
AP

လင်ဂတ် ။       ။ မန်ယူအသင်းရဲ့ ကွင်းလယ်ကစားသမား လင်ဂတ်ဟာ မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာ ရရှိသွားခဲ့ပြီး ပြင်းထန်တဲ့ ဒဏ်ရာဖြစ်မလာဖို့ မန်ယူအသင်း တာဝန်ရှိသူတွေက မျှော်လင့်နေပါတယ်။ လင်ဂတ်ဟာ ဒဏ်ရာကြောင့် ပထမပိုင်းအပြီးမှာ ဆန်းချက်ဇ်နဲ့ လူစားလဲခဲ့ရပြီး ဆေးအဖွဲ့ရဲ့ကုသမှုကို ခံယူခဲ့ရတာပါ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ပွဲအပြီးမှာ လင်ဂတ်ရဲ့ ဒဏ်ရာကို စစ်ဆေးမှုတွေ ပြုလုပ်နေဆဲဖြစ်ကြောင်းနဲ့ ရက်အနည်းငယ်အနားယူရမှာကတော့ သေချာကြောင်း ပြောဆိုသွားခဲ့ပါတယ်။

AFP

ချယ်လ်ဆီး ။     ။ ချယ်လ်ဆီးအသင်းပိုင်ရှင် အေဗရာမိုဗစ် ဟာ နည်းပြဆာရီရဲ့နေရာမှာ ဇီဒန်းကို ခန့်အပ်သွားဖို့ စီစဉ်နေတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီကုန်ဆုံးချိန်မှာ ရီးယဲလ်အသင်းကနေ ထွက်လာခဲ့တဲ့ ဇီဒန်းဟာ လက်ရှိအချိန်မှာ ကလပ်အသင်းလက်မဲ့ဖြစ်နေပြီး ဥရောပအောင်မြင်မှုတွေအတွက် ချယ်လ်ဆီးအသင်းကခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေက ဖော်ပြနေကြတာပါ။ နည်းပြ ဆာရီ ကိုယ်တိုင်လည်း မန်စီးတီးကို ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ စိုးရိမ်နေကြောင်း ၀န်ခံသွားခဲ့လို့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြ အပြောင်းအလဲဟာ မကြာခင်ဖြစ်လာလိမ့်မယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

READ
(၄-၅-၁၈) အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
REX

ဆန်ချို ။                   ။ ဒီနေ့ည ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် စပါးအသင်းနဲ့ ရင်ဆိုင်ရမယ့် ဒေါ့တ်မွန်အသင်းဟာ သူတို့ရဲ့ ကွင်းလယ်ကစားသမား ဆန်ချိုကြောင့် လေယာဉ်ခရီးစဉ်ကို အချိန်အနည်းငယ်နောက်ဆုတ်ခဲ့ရပါတယ်။ အကြောင်းရင်းကတော့ ဆန်ချိုဟာ လေဆိပ်ကိုရောက်ရှိလာတဲ့အချိန်မှာမှ သူ့ရဲ့ ပတ်စ်ပို့တ် အိမ်မှာကျန်ခဲ့တာကို သတိရခဲ့ပြီး ပတ်စ်ပို့တ်ကို ပြန်ယူနေရတာကြောင့်ဖြစ်တယ်လို့ ဒေါ့တ်မွန်တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ထားပါတယ်။ လန်ဒန်ကို ထွက်ခွာလာမယ့် ဒေါ့တ်မွန်အသင်းရဲ့ လေယာဉ်ဟာ အချိန် (၁) နာရီလောက် နောက်ဆုတ်ခဲ့ရပြီး ဒေါ့တ်မွန်ရဲ့ အဓိက ကစားသမားတွေဖြစ်ကြတဲ့ မာကိုရူးစ် ၊ အယ်လ်ကာဆာ ၊ ပစ်ဇက် နဲ့ ၀စ်ဂယ် တို့ဟာလည်း ဒဏ်ရာကြောင့် စပါးအသင်းနဲ့ ပွဲစဉ်ကို လွဲချော်မယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

AFP

ဗာတွန်ဂန် ။     ။ စပါးအသင်းနောက်ခံကစားသမား ဗာတွန်ဂန်က ဒီနေ့ည ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ အိမ်ရှင်အခွင့်အရေးကို အသုံးချပြီး အမှတ်ပြည့်ရယူကြဖို့ စပါးအသင်းဖော်တွေကို တိုက်တွန်းလိုက်ပါတယ်။ စပါးအသင်းဟာ ဒီနေ့ည ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဒေါ့တ်မွန်အသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမှာဖြစ်ပြီး မာကိုရူးစ် ၊ အယ်လ်ကာဆာ တို့ မပါဝင်နိုင်မယ့် အခြေအနေက စပါးအတွက် အားသာချက် ဖြစ်လာမယ်လို့ အားလုံးက သုံးသပ်နေကြတာပါ။ ဗာတွန်ဂန် က အိမ်ရှင်ပရိသတ်အင်အားနဲ့ ဒေါ့တ်မွန်ကို အနိုင်ယူကြဖို့နဲ့ ဗိုလ်လုပွဲတစ်ပွဲလို ကစားကြဖို့ စပါးအသင်းဖော်တွေကို တိုက်တွန်းသွားခဲ့ပါတယ်။

Linn

Source : TheSun , Dailymail , Mirror

SHARE