၁၄-၃-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

လီဗာပူးလ် ။     ။ လီဗာပူးလ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်ကို (၁-၃)ဂိုးနဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ အင်္ဂလန်ကလပ်တွေအတွက်တော့ ဒီနှစ်ချန်ပီယံလိဂ်ဟာ အံ့သြဖွယ်ဖြစ်ခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကို အင်္ဂလန်အသင်း(၄)သင်းလုံး တက်ရောက်သွားနိုင်ခဲ့တာပါ။ ပထမအကျော့မှာ ဂိုးမရှိသရေကျထားခဲ့လို့ ဒီပွဲမှာ အိမ်ရှင်ဘိုင်ယန်အသင်း အခွင့်အရေးရှိနေတယ်လို့ သုံးသပ်မှုတွေရှိခဲ့ပေမယ့် တကယ်တမ်းမှာတော့ လီဗာပူးလ်ကပဲ ဂိုးကန်သွင်းခွင့်အသာ၊ ခြေစွမ်းအသာနဲ့နောက်တစ်ဆင့်တက်သွားခဲ့တာပါ။ လီဗာပူးလ်အတွက် အဓိက စွမ်းဆောင်ပေးသွားသူကတော့ မာနေးပဲဖြစ်ပြီး ပွဲချိန် (၂၆)မိနစ်နဲ့ (၈၄)မိနစ်တို့မှာ အသင်းအတွက် (၂)ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။ လီဗာပူးလ်အတွက် နောက်ထပ် သွင်းဂိုးတစ်ဂိုးကိုတော့ ဗန်ဒိုက်က ပွဲချိန် (၆၉)မိနစ်မှာ သွင်းယူပေးခဲ့တာပါ။ ဘိုင်ယန်အသင်းအတွက် တစ်လုံးတည်းသောချေပဂိုးက ပွဲချိန် (၃၉)မိနစ်မှာ ရရှိခဲ့တာဖြစ်ပြီး လီဗာပူးလ်နောက်ခံလူ မာတစ်က ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာပါ။

ဘာစီလိုနာ ။    ။ လိုင်ယွန်အသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ ပထမအကျော့တုန်းက ဂိုးမရှိသရေကျခဲ့ရတဲ့ ဘာစီလိုနာဟာ သူတို့ရဲ့အိမ်ကွင်းပွဲစဉ်မှာတော့ (၅-၁)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပြီး နောက်တစ်ဆင့်ကို တက်သွားခဲ့ပါတယ်။ ပွဲချိန် (၁၇)မိနစ်မှာတင်ပဲ ဘာစီလိုနာအသင်း ပင်နယ်တီရခဲ့ပြီး မက်ဆီက ကန်သွင်းပေးခဲ့တာပါ။ ပွဲချိန်တစ်လျှောက်လုံး ဘာစီလိုနာကပဲ ပွဲကိုစိုးမိုးထားခဲ့ပြီး လိုင်ယွန်ကတော့ အဝေးကွင်းမှာ ဂိုးရဖို့ တိုက်စစ်ပုံစံနဲ့တစ်ပွဲလုံး ကစားသွားခဲ့ပါတယ်။ ပွဲချိန် (၃၁)မိနစ်မှာ ဘာစီလိုနာအတွက် ကော်တင်ဟို က ဒုတိယဂိုးသွင်းပေးခဲ့လို့ ပထမပိုင်းမှာ ဘာစီလိုနာတို့ (၂-၀)နဲ့ နိုင်နေခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန် (၅၈)မိနစ်မှာတော့ လိုင်ယွန်အသင်းချေပဂိုးရခဲ့ပြီး တူးဆတ် က သွင်းခဲ့တာပါ။ ချေပဂိုးရခဲ့ပြီးတဲ့နောက် လိုင်ယွန်အသင်း နောက်ထပ် ဂိုးတစ်ဂိုးရဖို့ကြိုးစားခဲ့ပေမယ့် ဘာစီလိုနာကပဲ ဂိုးတွေထပ်ရသွားခဲ့တာဖြစ်ပြီး ပွဲချိန် (၇၈)မိနစ်မှာ မက်ဆီ ၊ ပွဲချိန် (၈၁)မိနစ်မှာ ပီကေးနဲ့ ပွဲချိန် (၈၆)မိနစ်မှာ ဒမ်ဘီလီ တို့က ဘာစီလိုနာအတွက် သွင်းဂိုးတွေကို ထပ်မံသွင်းယူပေးသွားခဲ့ကြပါတယ်။

READ
အီဗရာဟီမိုဗစ်နဲ့လင်ဂတ်တို့ရဲ့အောင်ပွဲခံပုံကို ရယ်စရာအဖြစ်ဖန်တီးထားမှုများ
AFP

ရော်ဘတ်ဆင် ။ ။ လီဗာပူးလ်အသင်း ဘယ်နောက်ခံကစားသမား ရော်ဘတ်ဆန် ဟာ ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာ ပြသခံရတဲ့အ၀ါကတ်ကြောင့် လီဗာပူးလ်ရဲ့ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်ကို ပွဲပယ်ခံရမှာဖြစ်ပါတယ်။ လီဗာပူးလ်နည်းပြ ဂျာဂန်ကလော့ပ်ကတော့ ရော်ဘတ်ဆန်ရဲ့နေရာအတွက် ကစားနိုင်တဲ့ ကစားသမားတွေ လီဗာပူးလ်မှာရှိနေကြောင်းနဲ့ စိုးရိမ်စရာမရှိကြောင်း ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။

AFP

ဝက်စ်ဘရွန်း ။   ။ ချန်ပီယံရှစ်ကလပ် ၀က်စ်ဘရွန်းအသင်းဟာ အသင်းနည်းပြ ဒါရန်မိုးရ် ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် (၁၂) ပွဲမှာ (၄) ပွဲသာ အနိုင်ရပြီးတဲ့နောက် အသင်းတာဝန်ရှိသူတွေက ဒါရန် ကို ရာထူးက ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ကြပြီး သူ့နေရာမှာနည်းပြသစ် တစ်ဦးကို အစားထိုးဖို့ စီစဉ်ခဲ့တာပါ။ ၀က်စ်ဘရွန်းအသင်းဟာ လက်ရှိအချိန်မှာ ချန်ပီယံရှစ်အမှတ်ပေးဇယားရဲ့ အဆင့်(၄)နေရာမှာ ရပ်တည်နေပြီး ပရီးမီးယားလိဂ်ကို တိုက်ရိုက်တန်းတက်ခွင့်ရဖို့ ဒုတိယနေရာက လိဒ်အသင်းနဲ့ (၉)မှတ်ကွာဟနေတဲ့အနေအထားပါ။ အသင်းရဲ့လက်ထောက်နည်းပြ ဂျိမ်းစ်ရှန် က ယာယီနည်းပြအဖြစ် တာဝန်ယူမှာဖြစ်ပြီး နည်းပြသစ်တစ်ဦးကို အမြန်ဆုံးရှာဖွေနေတယ်လို့ ၀က်စ်ဘရွန်းအသင်းက ကြေညာထားပါတယ်။

EPA

ရာနီရေရီ ။       ။ ရိုးမားအသင်းနည်းပြ အဖြစ် တာဝန်ယူနေတဲ့ ရာနီရေရီက လက်စတာအသင်းမှာ လက်တွဲခဲ့ဖူးတဲ့ ကွင်းလယ်လူ ဒရင့်ခ်ဝါးတား ကို သူနဲ့လာရောက်ပူးပေါင်းဖို့ ကမ်းလှမ်းလိုက်ပါတယ်။ ချယ်လ်ဆီးအသင်းမှာ ပွဲထွက်ခွင့်မရတဲ့ ဒရင့်ခ်ဝါးတား အနေနဲ့ ရာနီရေရီ ဆီကို ရောက်ရှိသွားဖို့ အခွင့်အလမ်းတွေ ရှိနေပြီး ချယ်လ်ဆီးကလည်း သူ့ကိုရောင်းထုတ်သွားဖို့ ဆန္ဒရှိနေပါတယ်။ ရာနီရေရီဟာ ဒီနှစ်ဇွန်လမှာ အသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မယ့် ကွင်းလယ်လူ ဒီရော့ဆီရဲ့နေရာကို အစားထိုးဖို့ ကြိုးစားနေရတာဖြစ်ပြီး ဒရင့်ခ်ဝါးတားဟာ သူ့ရဲ့ဆရာဟောင်းနဲ့ ပြန်လည်ပူးပေါင်းဖွယ်ရှိတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

READ
Lionel Messi ကိုခေါ်ယူဖို့ စိတ်ဝင်စားလာတဲ့ Man Uနဲ့ Man City
EPA

ဘာနာဒိုဆေးလ်ဗား ။    ။ မန်စီးတီးအသင်းကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားဟာ (၂၀၂၅)ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်သစ်ကို သက်တမ်းတိုးချုပ်ဆိုလိုက်ပါတယ်။ မန်စီးတီးအသင်းရဲ့ ကွင်းလယ်မှာ အရေးပါလာခဲ့တဲ့ ဘာနာဒိုဟာ စာချုပ်သစ်အရ တစ်ပတ်ကို ပေါင် (၁၀၀၀၀၀) ရရှိမှာဖြစ်ပါတယ်။ ဘာနာဒိုဆေးလ်ဗားဟာ မိုနာကို အသင်းကနေ ပေါင် (၄၃)သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး လက်ရှိအချိန်မှာ သူ့ရဲ့တန်ကြေးက ပေါင်သန်း(၇၀)နီးပါး ရှိနေပြီလို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

ဟန်ဒါဆင် ။     ။ လီဗာပူးလ်အသင်းရဲ့ အသင်းခေါင်းဆောင် ဟန်ဒါဆင် ဟာ မနေ့ညက ကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိသွားခဲ့ပြီး တစ်လကျော်လောက် နားရမှာဖြစ်တယ်လို့ အသင်းဆေးအဖွဲ့က အတည်ပြုလိုက်ပါတယ်။ ကလော့ပ်ရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့တဲ့ ကစားသမားဟာ ပွဲချိန် (၁၂)မိနစ်မှာတင်ပဲ ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပြီး ဖာဘင်ညိုနဲ့ လူစားလဲခဲ့ရတာပါ။ ကလော့ပ်က ဟန်ဒါဆင်ရဲ့ ဒဏ်ရာဟာ ပြင်းထန်ကြောင်းနဲ့ အနည်းဆုံး တစ်လလောက်တော့ သူ့ကိုဆုံးရှုံးရမှာဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

Linn

Source : TheSun , Dailymail , Mirror

SHARE