(၁၄-၅-၂၀၁၉)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

(AP Photo/Frank Augstein)

မာရက်ဇ် – မန်စီးတီးအသင်းကွင်းလယ်လူ မာရက်ဇ်ဟာ စီးတီးမှာ ပျော်ရွှင်နေလို့ အသင်းကနေ ထွက်ခွာဖို့မရှိဘူးလို့ သတင်းတွေက ဆိုပါတယ်။ လာမယ့်ရာသီမှာ ပွဲထွက်ခွင့်ပိုမိုရရှိမယ်လို့ သူက ယူဆနေပြီး၊ နောက်ထပ်တစ်ရာသီလောက် အချိန်ပေးလိုနေတဲ့ သဘောပါ။ ဒါပေမယ့် ဒီမတိုင်ခင်ကတော့ အသင်းကနေ ထွက်ခွာဖို့ရှိတယ်လို့ မာရက်ဇ်က ထုတ်ဖော်ခဲ့ဖူးပါတယ်။

မန်စီးတီး – ပရီးမီးယားလိဂ်ဖလား လောလောလက်လက် ရရှိထားတဲ့ မန်စီးတီးအသင်းဟာ အခုအခါမှာ UEFA ရဲ့ စုံစမ်းစစ်ဆေးမှုတွေ ခံနေရပါတယ်။ သူတို့ဟာ Financial fair-play (FFP) စည်းမျဉ်းကို ချိုးဖောက်ခဲ့တယ်လို့ UEFA က ယုံကြည်နေပြီး၊ စုံစမ်းစစ်ဆေးမှုမှာ အပြစ်ကျူးလွန်ကြောင်း တွေ့ရှိပါက ဥရောပနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ တစ်ရာသီ ထုတ်ပယ်ခံရဖို့ ရှိနေကြောင်း မာကာသတင်းစာက ဆိုပါတယ်။

Liam Rosenior – မကြာသေးခင်က ကစားသမားဘဝက အနားယူခဲ့တဲ့ ပရီးမီယားလိဂ်ကလပ် ဘရိုက်တန်အသင်းရဲ့ ဘောလုံးသမားဟောင်း Liam က မန်ယူအသင်း ရလဒ်တွေဆိုးရွားရခြင်းမှာ ပေါ့ဂ်ဘာကြောင့်လို့ စွပ်စွဲလိုက်ပါတယ်။ သူ့အဆိုအရ ပေါ့ဂ်ဘာနဲ့ နှီးနွယ်ပတ်သက်တဲ့ ကစားသမားတိုင်း ပုံမှန်ခြေစွမ်းအောက် ရောက်နေပြီး၊ ဒါဟာ မန်ယူအသင်းကို ပိုဆိုးစေခဲ့တယ်လို့ ဆိုပါတယ်။

(AP Photo/Alvaro Barrientos)

ကော်တွိုက် – ရီးယဲမက်ဒရစ်ဂိုးသမား ကော်တွိုက်စ်ရဲ့ စွမ်းဆောင်ရည်ဟာ ရာသီသိမ်းချိန်ထိ သာမန်သာဖြစ်နေတယ်လို့ ဝေဖန်သူတွေ ရှိနေပါတယ်။ သူဟာ ယခုနှစ်ရာသီမှာ ရီးယဲအတွက် (၂၇)ပွဲကစားခဲ့ရာ (၈)ပွဲ Clean sheet ရခဲ့ပြီး၊ (၄၈)ဂိုး ခွင့်ပြုခဲ့ရပါတယ်။

ဂွမ်ဒူဇီ – အာဆင်နယ်အသင်းဟာ ကွင်းလယ်မှာခြေစွမ်းပြနေတဲ့ အသက်(၂၀)သာရှိသေးတဲ့ ဂွမ်ဒူဇီကို နှစ်ရှည်စာချုပ် ချုပ်ဆိုဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ စာချုပ်သစ်အရ ဂွမ်ဒူဇီဟာ တစ်ပတ်လုပ်ခလစာ ပေါင် (၇၅၀၀၀)အထိ ရဖို့ရှိပေမယ့်၊ ရေရှည်အားဖြင့် ဒီလစာပမာဏဟာ ကစားသမားအတွက် အဆင်မပြေနိုင်ဘူးလို့ ထောက်ပြနေကြပါတယ်။

ဒီဂျောင် – အေဂျက်အသင်းမှာ ခြေစွမ်းပြနေတဲ့ ဒီဂျောင်ဟာ ကမ်းလှမ်းမှုများစွာ ရှိနေတဲ့အနက်၊ ဘာစီလိုနာအသင်းကိုသာ ပြောင်းဖြစ်လိမ့်မယ်လို့ ဖွင့်ဟခဲ့ကြောင်း သိရပါတယ်။ ဒီဂျောင်ဟာ အသက်(၂၂)နှစ်သာရှိသေးပြီး၊ ဘာကာအသင်းကနေ ထွက်ခွာဖို့ရှိနေတဲ့ ရာကီတစ်နေရာမှာ အစားထိုးဖွယ်ရှိနေပါတယ်။

(AP Photo/Bernat Armangue)

စပါး – စပါးအသင်းဟာ ရီးယဲမှာ မတည်မငြိမ်ဖြစ်နေတဲ့ ဂါရက်ဘေးလ်ကို ပေါင်(၁၀)သန်းပမာဏနဲ့ အငှားပြန်ခေါ်ဖို့ ချိတ်ဆက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ ဘေးလ်ဟာ အသင်းနည်းပြ ဇီဒန်းနဲ့ အဆင်မပြေမှုတွေရှိနေပြီး၊ ရီးယဲကလည်း ဘေးလ်တောင်းဆိုတဲ့ တစ်ပတ်လုပ်ခလစာ ပေါင်(၆)သိန်းကို ပေးချေလိုခြင်း မရှိပါဘူး။

နေမာ – PSG တိုက်စစ်မှူးနေမာဟာ သူရဲ့နာမည်နဲ့ စီးပွားရေးထုတ်ကုန်တွေ ထုတ်လုပ်ရောင်းချဖို့အတွက် နာမည်မူပိုင်ခွင့်အတွက် တရားရင်ဆိုင်နေကြောင်း သိရပါတယ်။ နေမာဟာ PSG အသင်းကိုရောက်ပြီးနောက် မပျော်မရွှင်ဖြစ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး၊ မန်ယူနဲ့ ရီးယဲက စိတ်ဝင်စားမှုတွေရှိနေတယ်လို့ သိရပါတယ်။

ဒီယေဂို ဂိုဒင် – အေတီကိုအသင်းမှာ (၉)နှစ်ကြာ ပေးဆပ်ကစားခဲ့ပြီးနောက် အသင်းကနေ ထွက်ခွာတော့မယ့် အသင်းခေါင်းဆောင် ဂိုဒင်ဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဆီးရီးအေကလပ် အင်တာမီလန်ကို ရောက်ရှိမယ်လို့ သတင်းတွေထွက်ပေါ်နေသလို၊ မန်ယူကလည်း ချိတ်ဆက်နေတယ်လို့ သိရပါတယ်။ အခုထက်ထိတော့ ဘယ်အသင်းကို ရောက်ရှိမယ်ဆိုတာ ရေရေရာရာ မသိရသေးပါဘူး။

လင်းဇော်ကို (Shwemom)

READ
အိပ်မွေ့ချကုထုံးခံယူပြီးနောက် မထင်မှတ်တဲ့ဖရီးကစ်ဂိုး ကန်သွင်းနိုင်ခဲ့သည့် ကစားသမား

Source : thsun.co.uk

SHARE