၁၄-၉-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Goal "Twitter"

ဒီဂီယာ ။         ။ မန်ယူအသင်းဂိုးသမား ဒီဂီယာ ဟာ မန်ယူနဲ့ (၄)နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖို့ သဘောတူညီခဲ့ပြီဖြစ်တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြနေကြပါပြီ။ အဲဒီ (၄)နှစ်ပြီးသွားတဲ့နောက် အသင်းအနေနဲ့ ဆန္ဒရှိမယ်ဆိုရင် နောက်ထပ်တစ်နှစ် ထပ်ပြီးသက်တမ်းတိုးနိုင်သေးတယ်လို့ ထည့်သွင်းချုပ်ဆိုထားပြီး ဒီဂီယာအနေနဲ့ လုပ်ခလစာအဖြစ် တစ်နှစ်ကို ယူရို(၁၅)သန်းအထိ ရရှိသွားမှာဖြစ်ပါတယ်။

လာကာဇက် ။   ။ အာဆင်နယ်အသင်းတိုက်စစ်မှူး လာကာဇက် ကတော့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ဒီလအတွင်းမှာ ကစားမယ့် အာဆင်နယ်အသင်းရဲ့ပွဲစဉ်တွေကို လွဲချော်ရတော့မှာဖြစ်ပါတယ်။ အသက် (၂၈)နှစ်အရွယ် တိုက်စစ်မှူးအနေနဲ့ အနည်းဆုံး တစ်လလောက်နားရမယ်လို့ ဆေးအဖွဲ့က ထုတ်ပြန်ထားပြီး ဒီတစ်ပတ် တနင်္ဂနွေမှာကစားမယ့် ၀က်ဖို့ဒ်အသင်းနဲ့ပွဲစဉ်မှာလည်း ပါဝင်နိုင်မှာမဟုတ်ပါဘူး။

 

ဒေးဗစ်ဆေးလ်ဗား ။      ။ မန်စီးတီးကွင်းလယ်ကစားသမား ဒေးဗစ်ဆေးလ်ဗား က ပြီးခဲ့တဲ့အောင်မြင်မှုတွေကို ယစ်မူးမနေကြဖို့နဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဒီနှစ်မှာလည်း အရယူကြဖို့ အသင်းဖော်တွေကို တိုက်တွန်းလိုက်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ရာသီဆက် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးခဲ့တဲ့ မန်စီးတီးအသင်းဟာ ဒီနှစ်မှာသာ ထပ်ပြီး ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင် မန်ယူအသင်းရရှိထားတဲ့ ပရီးမီးယားလိဂ်(၃)နှစ်ဆက် ချန်ပီယံ မှတ်တမ်းကို လိုက်မီသွားမှာဖြစ်ပါတယ်။

ကလော့ပ် ။      ။ လီဗာပူးလ်အသင်းနည်းပြ ဂျာဂန်ကလော့ပ်က လီဗာပူးလ်အသင်းသားတွေဟာ ချန်ပီယံအသင်းစိတ်ဓာတ်မျိုးကို ဆက်လက်ပိုင်ဆိုင်ထားဆဲဖြစ်ကြောင်းနဲ့ ရာသီအစရလဒ်တွေကိုကြည့်ရင် လီဗာပူးလ်ဟာ ချန်ပီယံဆုဖလားတွေကို ခြိမ်းခြောက်နေဦးမယ်ဆိုတာ သိသာစေကြောင်း ပြောဆိုလိုက်ပါတယ်။ လီဗာပူးလ်အသင်းဟာ ရာသီကြိုခြေစမ်းပွဲတွေမှာ ရလဒ်ဆိုးရွားခဲ့ပေမယ့် ပရီးမီးယားလိဂ် ပွဲစဉ်စတင်ချိန်မှာတော့ သူတို့ရဲ့အကောင်းဆုံး ပုံစံကို ပြသထားခဲ့ပြီး ရာသီအစ ပွဲစဉ် (၄)ပွဲစလုံးကို အနိုင်ယူထားနိုင်ခဲ့တာပါ။

လမ်းပတ် ။      ။ ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ် က ဒီရာသီမှာ အလယ်အလတ်အသင်းတွေရဲ့ ငွေကြေးသုံးစွဲမှုတွေက ချယ်လ်ဆီးကို အဆင့်(၆)အတွင်း ၀င်ဖို့တောင် ခက်ခဲစေတယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ ဒီရာသီအပြောင်းအရွှေ့မှာ ပေါင်သန်း(၈၀)ကျော်အထိ သုံးထားတဲ့ ၀ုဗ် အပြင် အဲဗာတန် ၊ ၀က်စ်ဟမ်း ၊ လက်စတာ တို့ရဲ့ငွေကြေးသုံးစွဲမှုတွေဟာ ကစားသမားခေါ်ယူခွင့်မရှိတဲ့ ချယ်လ်ဆီးကို ခြိမ်းခြောက်နေသလို ဖြစ်ခဲ့တယ်လို့ လမ်းပတ်က ပြောဆိုသွားခဲ့တာပါ။ ချယ်လ်ဆီးအသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ၀ုဗ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲ ဖြစ်လာဦးမယ်လို့ လမ်းပတ်က မှတ်ချက်ပေးလိုက်ပါတယ်။

READ
လှုပ်လှုပ်ရှားရှား ဘောလုံးလောက အပြောင်းအရွှေ့သတင်း အတိုအထွာများ

ပိုချက်တီနို ။     ။ စပါးအသင်းနည်းပြ ပိုချက်တီနို က ဒီအပြောင်းအရွှေ့မှာ အသင်းကနေ မထွက်ခွာနိုင်ခဲ့တဲ့ အဲရစ်ဆင်နဲ့ ဗစ်တာဝမ်ယာမာ တို့ဟာ အသင်းရဲ့အစီအစဉ်တွေထဲမှာ ရှိနေဆဲဖြစ်ပြီး သူတို့ရဲ့ ပွဲထွက်ခွင့်အတွက် ကြိုးစားဖို့သာ လိုတယ်လို့ ပြောဆိုလိုက်ပါတယ်။ ဘယ်လ်ဂျီယံကလပ် ဘရုဂေးအသင်းဆီ ပြောင်းရွှေ့ရလုနီးဖြစ်ခဲ့ပြီးမှ အပြောင်းအရွှေ့ပျက်ပြယ်ခဲ့တဲ့ ၀မ်ယာမာ ဟာ စပါးအသင်းရဲ့အရန်ကစားသမားအဖြစ်သာ ရှိနေရပြီး ဒီရာသီကုန်ရင် အသင်းနဲ့ စာချုပ်သက်တမ်းကုန်တော့မယ့် အဲရစ်ဆင်ကလည်း ပုံမှန်ပွဲထွက်ခွင့်အတွက် ရုန်းကန်နေရဆဲပါ။ ဒါပေမယ့် ဒီတစ်ပတ်မှာတော့ ကွင်းလယ်လူ လိုဆယ်ဆို ဒဏ်ရာရသွားတာကြောင့် အဲရစ်ဆင်တစ်ယောက် ပွဲထွက်ခွင့် ပြန်လည်ရရှိမယ့် အခွင့်အရေးတွေရှိနေပါတယ်။

Linn

Source : TheSun , Goal , Mirror

SHARE