(၁၅-၅-၂၀၁၉)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

(AP Photo/Manu Fernandez, File)

ဂရစ်ဇ်မန်း – ဘာစီလိုနာအသင်းနဲ့ ချိတ်ဆက်မှုတွေပြုလုပ်နေတဲ့ အေတီကိုကွင်းလယ်တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းကတော့ အခုနှစ် အပြောင်းအရွှေ့ရာသီမှာ အသင်းကနေထွက်ခွာမယ့်အကြောင်း တရားဝင်ကြေညာလိုက်ပါပြီ။ ဒီသတင်းဟာ အေတီကိုပရိသတ်တွေအတွက် စိတ်ပျက်ဖွယ်ရာ ဖြစ်သော်လည်း ဘာစီလိုနာကတော့ သူ့ကိုခေါ်ဖို့ ပေါင်(၁၀၈)သန်းအထိ အသုံးပြုသွားမှာပါ။

 

ရိုနယ်ဒင်ဟို – ဘရားဇီးမှာ ပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးစေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမှုရင်ဆိုင်နေရတဲ့ ရိုနယ်ဒင်ဟိုနဲ့ အစ်ကိုဖြစ်သူ အဆစ်မိုရီရာတို့ကို ပြည်ပခရီးသွားလာခွင့် မပေးဖို့ တရားရုံးက ဆက်လက်အတည်ပြုခဲ့ပြီး၊ ၎င်းတို့ရဲ့ ပက်စပို့စ်တွေကို သိမ်းဆည်းထားဆဲဖြစ်ကြောင်း သိရပါတယ်။ ရိုနယ်ဒင်ဟိုဟာ ၎င်းရဲ့အကယ်ဒမီဆောက်လုပ်ရာမှာ ပတ်ဝန်းကျင်ကို ပျက်စီးစေခြင်းနဲ့ ဆောက်လုပ်ခွင့်လိုင်စင်မရှိဘဲ ဆောက်လုပ်ခြင်း စတဲ့စွပ်စွဲချက်တွေကြောင့် တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

သူ့ကို အဆင့်မြင့်တရားရုံးက ပတ်ဝန်းကျင်ပျက်စီးနစ်နာမှုတွေအတွက် ဒဏ်ကြေးအဖြစ် ပေါင် (၁.၆)သန်း ပေးဆောင်ဖို့ ဆုံးဖြတ်ခဲ့ရာ၊ ပျက်ကွက်ခဲ့ပါတယ်။ ဒါကြောင့် ယမန်နှစ် နိုဝင်္ဘာလကတည်းက သူနဲ့ အစ်ကိုဖြစ်သူရဲ့ ပက်စ်ပို့ကို ထိန်းသိမ်းထားဖို့ တရားရုံးက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက် အယူခံလည်း တင်ထားတယ်လို့ သိရပါတယ်။

ဆိုးလ်ရှား – ကာဒစ်ဖ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ဒေါသအလွန်ထွက်နေတဲ့ မန်နေဂျာဆိုးလ်ရှားက ယခုနှစ်နွေရာသီအပြောင်းအရွှေ့မှာ အသင်းအတွက် ပေးဆပ်လိုစိတ်မရှိကြတဲ့ အဓိကကစားသမား တစ်ဝက်အထိ ရောင်းထုတ်သွားမယ်လို့ အသင်းသားတွေကို သတိပေးခြိမ်းခြောက်ခဲ့ကြောင်း သိရပါတယ်။

အဂွီရို – အာဂျင်တီးနားနဲ့ မန်စီးတီးတိုက်စစ်မှူး အဂွီရိုက မက်ဆီဟာ Balon d’Or ဆုနဲ့ထိုက်တန်သူဖြစ်တယ်လို့ ဆိုပါတယ်။ သာမန်အားဖြင့်တော့ ဒီဆုကို ချန်ပီယံလိဂ်ဖိုင်နယ်ရောက် အသင်းနှစ်သင်းမှ ကစားသမားတွေကိုသာ ရွေးချယ်လေ့ရှိပေမယ့်၊ အဆိုပါနှစ်သင်းမှ ကစားသမားတွေဟာ ဒီဆုကို မထိုက်တန်ဘူးလို့ အဂွီရိုက ဆိုတာပါ။ ဒါကြောင့် သူ့စိတ်ကြိုက်အရဆိုရင် မက်ဆီက ဒီဆုနဲ့ အထိုက်တန်ဆုံးလို့ ထောက်ခံလိုက်တာပါ။

UEFA.Com

ဒါမီယာစကိုမီနာ – မန်ယူ-PSG ပွဲကို ကိုင်တွယ်ခဲ့တဲ့ ဒိုင်လူကြီး ဒါမီယာစကိုမီနာကို ချန်ပီယံလိဂ်ဖိုင်နယ်ပွဲ ကိုင်တွယ်ဖို့အတွက် တာဝန်ပေးလိုက်ကြောင်း သိရပါတယ်။ စကိုမီနာဟာ စလိုဗေနီးယားဒိုင်လူကြီးဖြစ်ပြီး ပွဲကို အဝါကတ်အနီကတ် ခပ်ပေါပေါအသုံးပြုကာ ထိန်းသိမ်းလေ့ရှိတဲ့ ဒိုင်လူကြီးတစ်ယောက်လို့ သိရပါတယ်။

(AP Photo/Frank Augstein)

ဂွါဒီယိုလာ – မန်စီးတီးနဲ့အတူ အမှတ်ပေးချန်ပီယံ(၂)နှစ်ဆက် ရယူနိုင်ခဲ့တဲ့ ဂွါဒီယိုလာဟာ ယခုနှစ် ပရီးမီယားလိဂ်အကောင်းဆုံးနည်းပြဆုကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒီဆုကို ပြိုင်ဘက်နည်းပြတွေဖြစ်တဲ့ ကလော့ပ်၊ ပိုချက်တီနို၊ ဝုဖ်အသင်းနည်းပြ နူနိုတို့ကို ကျော်ဖြတ်ပြီး ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

SonarFM

ဆန်းချက်ဇ် – မန်ယူတိုက်စစ် ကွင်းလယ်ကစားသမား ဆန်းချက်ဇ်ကို ပရိသတ်က Game of Thrones ဇာတ်ကားထဲက Cersei Lannister ဇာတ်ကောင်နဲ့ ခိုင်းနှိုင်းလှောင်ပြောင်နေကြပါတယ်။ Cersei ဟာ ဘာမှမလုပ်ရပါဘဲ ပိုက်ဆံရနေသလို၊ ဆန်းချက်ဇ်ကလည်း ဒီအတိုင်းပဲလို့ လှောင်ပြောင်နေကြတာ ဖြစ်ပါတယ်။

၎င်းဇာတ်ကောင်နေရာမှာ သရုပ်ဆောင်တဲ့ Lena Headey ဟာ အပိုင်းတွဲတစ်ခုအတွက် ပေါင် (၇၇၀၀၀၀) အထိ ပေးချေနေရပြီး၊ ဇာတ်ကားထဲမှာ ဘာမှ မယ်မယ်ရရမလုပ်ရဘဲ ဟိတ်ဟန်အပြည့်နဲ့ ဝိုင်လေးသောက်နေရုံသာလို့ ဆိုနေကြပါတယ်။

မန်စီးတီး – လက်ရှိအချိန်မှာ UEFA ရဲ့စည်းမျဉ်းချိုးဖောက်မှုကြောင့် ဥရောပပြိုင်ပွဲတွေကနေ ထုတ်ပယ်ခံရဖို့ရှိနေတဲ့ မန်စီးတီးဟာ UEFA ရဲ့လုပ်ရပ်ကို တုန့်ပြန်လိုက်ပြီး၊ မန်စီးတီးဟာ Financial Fair Play စည်းမျဉ်းတွေကို အစဉ်တစိုက် လိုက်နာနေတဲ့ အသင်းဖြစ်ပြီး၊ အခုစုံစမ်းစစ်ဆေးမှုမှာ UEFA ဘက်က ဘယ်လောက်အထိ ရိုးသားတယ်ဆိုတာ သံသယဖြစ်မိကြောင်း ကြေညာခဲ့တယ်လို့ သိရပါတယ်။

 

မိုက်ဒင်း – ပရီးမီယားလိဂ်ရဲ့ နာမည်ကျော်ဒိုင်လူကြီး မိုက်ဒင်းဟာ အခုအပတ် လူမှုကွန်ရက်တွေမှာတော့ အတော်လေး ရေပန်းစားခံရသူ ဖြစ်နေပါတယ်။ အကြောင်းကတော့ သူဟာ တာဝန်ချိန်ပြင်ပမှာ သူအားပေးတဲ့ ထရမ်မီရီအသင်းရဲ့ Play-off ပွဲစဉ်ကို သွားရောက်ကြည့်ရှုခဲ့ပြီး၊ အသင်းရဲ့နိုင်ပွဲကို စိတ်ရှိလက်ရှိ ပျော်မြူးအောင်ပွဲခံခဲ့လို့ပါ။ အဲဒီဗွီဒီယိုဖိုင်ဟာ လူမှုကွန်ရက်ပေါ်မှာ အများသဘောကျတာကို ခံနေရပါတယ်။

လင်းဇော်ကို (Shwemom)

READ
၁၈-၁၁-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Source : thesun.co.uk/ skysports.com/ goal.com/ marca.com/ dailymail.co.uk

SHARE