၁၇-၁၀-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Goal

မန်ယူ ။ ။ မန်ယူအသင်းရဲ့ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာနဲ့ ဂိုးသမား ဒီဂီယာ တို့ဟာ လီဗာပူးလ်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်မှာဖြစ်တယ်လို့ နည်းပြဆိုးလ်ရှားက အတည်ပြုလိုက်ပါတယ်။ လာမယ့် တနင်္ဂနွေနေ့မှာ ကစားရမယ့် အဲဒီပွဲစဉ်ဟာ နည်းပြဆိုးလ်ရှားအတွက် အရေးကြီးတဲ့ပွဲစဉ်တစ်ပွဲဖြစ်ပေမယ့် အဓိက ဂိုးသမားဒီဂီယာ ကတော့ နိုင်ငံပွဲစဉ်မှာ ဒဏ်ရာရခဲ့တာကြောင့် လွဲချော်ရမှာဖြစ်ပြီး ခြေကျင်းဝတ်ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့တဲ့ ပေါ့ဂ်ဘာကလည်း ကြံ့ခိုင်မှုမပြည့်ဝသေးတာကြောင့် ပါဝင်ကစားနိုင်ဖို့မရှိသေးဘူးလို့ဆိုးလ်ရှားကအတည်ပြုလိုက်တာပါ။ ဒါပေမယ့် မန်ယူအသင်းတိုက်စစ်က မာရှယ်၊ ခံစစ်က ဘစ်ဆာကာ တို့ကတော့ ဒီပွဲမှာ ပြန်လည်ပါဝင်လာဖို့ရှိနေပါတယ်။

အယ်လီဂရီ ။    ။ မန်ယူအသင်းရဲ့နည်းပြသစ်ဖြစ်လာလိမ့်မယ်လို့ သတင်းတွေထွက်နေတဲ့ နည်းပြ အယ်လီဂရီ က အင်္ဂလန်ကလပ်အသင်းတစ်သင်းရဲ့နည်းပြဖြစ်ဖို့အတွက် သူ့ရဲ့အင်္ဂလိပ်စကားက မလုံလောက်သေးကြောင်း ပြောဆိုလိုက်ပါတယ်။ မန်ယူအသင်းရဲ့လက်ရှိနည်းပြ ဆိုးလ်ရှားဟာ ရလဒ်ဆိုးတွေကြောင့် ရာထူးကနေ မကြာခင် ထွက်ခွာရလိမ့်မယ်လို့ သတင်းတွေကဖော်ပြနေကြပြီး သူ့ရဲ့နေရာကို ဂျူဗင်တပ်စ်နည်းပြဟောင်းက အစားဝင်လိမ့်မယ်လို့ ရေးသားနေကြတာပါ။ ဒါပေမယ့် အယ်လီဂရီက သူ့အနေနဲ့ အင်္ဂလိပ်လိုစကားပြောဆိုရာမှာ အခက်အခဲတွေရှိနေသေးကြောင်းနဲ့ လက်ရှိအချိန်မှာတော့ အင်္ဂလိပ်စာသင်ယူမှုတွေ ပြုလုပ်နေပြီဖြစ်ကြောင်း ဟာသလုပ် မှတ်ချက်ပေးသွားခဲ့ပါတယ်။

 

အဂွီရို ။ ။ မန်စီးတီးအသင်းတိုက်စစ်မှူး အဂွီရိုကတော့ အသင်းလေ့ကျင့်ရေးကွင်းကို လာတဲ့လမ်းမှာ ကားမတော်တဆမှုဖြစ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ အဂွီရိုရဲ့ Range Rover ကားဟာ ကံမကောင်းစွာနဲ့ပဲ ယာဉ်တိုက်မှုဖြစ်စဉ်ထဲမှာပါဝင်ခဲ့ပြီး ကားအရှေ့ပိုင်းအနည်းငယ် ထိခိုက်မိသွားခဲ့တာပါ။ အဂွီရို ကိုယ်တိုင်ကတော့ ဆေးခန်းကိုတောင် သွားဖို့မလိုခဲ့ပဲ ဒဏ်ရာရမယ့်အခြေအနေကနေ လွတ်မြောက်သွားခဲ့တယ်လို့ Mirror က ဖော်ပြပါတယ်။ ဒီကားတိုက်မှုဟာ အဂွီရိုအတွက် ပထမဆုံးအကြိမ်မဟုတ်ခဲ့ပဲ ပြီးခဲ့တဲ့ (၂)နှစ်အကြာတုန်းကလည်း ယာဉ်တိုက်မှုတစ်ခုအတွင်းမှာ အဂွီရို တစ်ယောက် ပါဝင်ခဲ့ဖူးပါသေးတယ်။

အယ်လ်ကလက်ဆီကို ။ ။ ရီးယဲလ်နဲ့ဘာစီလိုနာအသင်းတို့ဟာ လာမယ့် အောက်တိုဘာ (၂၆)မှာ ကစားရမယ့် အယ်လ်ကလက်ဆီကို ပွဲစဉ်ကိုရွှေ့ဆိုင်းရဖွယ်ရှိနေပါတယ်။ အကြောင်းရင်းကတော့ စပိန်နိုင်ငံတွင်းမှာဖြစ်ပေါ်နေတဲ့ ဆန္ဒပြမှုနဲ့ နိုင်ငံရေးမငြိမ်သက်မှုတွေကြောင့်ဖြစ်ပြီး ဒီတစ်ပတ်အတွင်း ကတ်တလန်နိုင်ငံရေးခေါင်းဆောင် (၉)ဦးအထိ ဖမ်းဆီးခံရမှုကလည်း ဒီပွဲအတွက် သက်ရောက်မှုရှိခဲ့ပါတယ်။ ဘာစီလိုနာအသင်းတာဝန်ရှိသူတွေကလည်း သူတို့ရဲ့အိမ်ကွင်းမှာကစားရမယ့် ဒီပွဲစဉ်ကို ရွှေ့ဆိုင်းဖို့ ဆန္ဒရှိနေပြီး ကတ်တလန်အရေးငြိမ်သက်သွားတဲ့အချိန်မှာမှ ပြန်လည်ကျင်းပဖို့ တောင်းဆိုထားကြတယ်လို့ သိရပါတယ်။

ဒက်ကလန်ရိုက်စ် ။       ။ မန်ယူအသင်းကစားသမားဟောင်း ပေါလ်အင့်စ်က မန်ယူအသင်းအနေနဲ့ ခေါ်ယူဖို့ကြိုးစားနေတဲ့ ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်ဟာ ပေါင်သန်း(၈၀)တန် ကစားသမားမျိုးမဟုတ်ကြောင်း သုံးသပ်လိုက်ပါတယ်။ အသက် (၂၀)အရွယ် ကွင်းလယ်ကစားသမားဟာ ၀က်စ်ဟမ်းအသင်းမှာရော၊ အင်္ဂလန်အသင်းမှာပါ ခြေစွမ်းပြ ကစားပေးနေပြီး သူ့ရဲ့တန်ကြေးကို ပေါင်သန်း (၈၀)အထိ ၀က်စ်ဟမ်းက သတ်မှတ်ထားခဲ့တာပါ။ ဒါပေမယ့် ပေါလ်အင့်စ်ကတော့ ရိုက်စ်ဟာ ပေါင်သန်း(၈၀)ပေးရလောက်တဲ့ ကစားသမားမျိုးမဟုတ်ကြောင်းနဲ့ မန်ယူအသင်းအနေနဲ့ အလောတကြီးနဲ့မ၀ယ်သင့်ကြောင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။

READ
၁၈.၇.၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Linn

Source  : TheSun , Mirror , Goal

SHARE