၁၈-၁၀-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Mirror

ပေါ့ဂ်ဘာ ။       ။ မန်ယူအသင်းကွင်းလယ်ကစားသမား ပေါ့ဂ်ဘာ ဟာ ရီးယဲလ်အသင်းနည်းပြ ဇီဒန်းနဲ့ ဒူဘိုင်းမှာတွေ့ဆုံခဲ့တဲ့ ပုံရိပ်တွေ ထွက်ပေါ်လာခဲ့ပြီး ရီးယဲလ်အသင်းနဲ့ပတ်သက်တဲ့အပြောင်းအရွှေ့ ဇာတ်လမ်းတွေဟာလည်း ပြန်လည်ရေပန်းစားလာခဲ့ပြန်ပါတယ်။ ကြံ့ခိုင်ရေးလေ့ကျင့်ခန်းတွေ လုပ်ဆောင်ဖို့အတွက် ဒူဘိုင်းကိုရောက်ရှိနေတဲ့ ပေါ့ဂ်ဘာဟာ ဒူဘိုင်းမြေကို အလည်ရောက်လာတဲ့ ရီးယဲလ်နည်းပြ ဇီဒန်းနဲ့တွေ့ဆုံခဲ့တာဖြစ်ပြီး လာမယ့်အပြောင်းအရွှေ့ကာလမှာ ရီးယဲလ်ဆီပြောင်းဖို့ အခြေအနေတွေ ရှိနေပြီလို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

အယ်လ်ကလက်ဆီကို ။ ။ အောက်တိုဘာ (၂၆)ရက်မှာ ကစားမယ့် ဘာစီလိုနာနဲ့ ရီးယဲလ်အသင်းတို့ရဲ့ အယ်လ်ကလက်ဆီကိုပွဲစဉ်ကို ကက်တလန်အရေးကိစ္စတွေကြောင့် ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း စပိန်တော်ဝင်ဘောလုံးအဖွဲ့ချုပ်က အတည်ပြုလိုက်ပါတယ်။ စပိန်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ဘာစီလိုနာအိမ်ကွင်းမှာ ကျင်းပမယ့်ပွဲစဉ်ကို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပြီး လမ်းပေါ်မှဆန္ဒပြသူတွေရှိနေတာကြောင့် ဘောလုံးပွဲလာရောက်တဲ့ ပရိသတ်တွေနဲ့ ပြဿနာဖြစ်ပွားမှာကို တာဝန်ရှိသူတွေက စိုးရိမ်နေကြတာပါ။ စပိန်ဘောလုံးအဖွဲ့ချုပ်က ဘာစီလိုနာရဲ့အိမ်ကွင်းမှမကစားပဲ ရီးယဲလ်အိမ်ကွင်းမှာအရင်ဆုံးသွားရောက်ကစားဖို့ကိုလည်း စီစဉ်နေပြီး လာမယ့် တနင်္လာနေ့မှာ အပြီးသတ်ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

ဂျော်ဂျင်ဟို ။     ။ ချယ်လ်ဆီးကွင်းလယ်ကစားသမား ဂျော်ဂျင်ဟို တစ်ယောက် ပင်နယ်တီကန်သွင်းမှုမှာ ဆရာတစ်ဆူ ဖြစ်လာရခြင်းဟာ သူ့ရဲ့ကန်သွင်းမှုနည်းစနစ်ကို ပြောင်းလဲလိုက်တာကြောင့်ဖြစ်တယ်လို့ Goal က သုံးသပ်ပါတယ်။ ပင်နယ်တီကန်သွင်းခဲ့တဲ့ နောက်ဆုံး (၁၆)ကြိမ်မှာ (၁၅)ကြိမ်အထိ ၀င်အောင်ကန်နိုင်ခဲ့တဲ့ ဂျော်ဂျင်ဟိုဟာ မကန်ခင်မှာ ခြေထောက်နှစ်ဖက်လုံးကို စုံခုန်လိုက်တာကြောင့် ဂိုးသမားတွေ စိတ်ရှုပ်ထွေးသွားရပြီး ကန်သွင်းဖို့ ပိုလွယ်သွားတာဖြစ်တယ်လို့ Goal က သုံးသပ်လိုက်တာပါ။

ရိုမီယို ။ ။ အင်္ဂလန်အသင်းဂိုးသမားဟောင်း ဒေးဗစ်ဂျိမ်းစ်က လီဗာပူးလ်နဲ့ပွဲမှာ ပွဲထွက်လာမယ့် မန်ယူဂိုးသမား ရိုမီယို ဟာ လက်ရှိပရီးမီးယားလိဂ်ဂိုးသမားတွေဖြစ်တဲ့ အီဒါဆင်နဲ့အလစ်ဆန် တို့ထက် ပိုကောင်းသူဖြစ်ကြောင်း မှတ်ချက်ပေးလိုက်ပါတယ်။ အာဂျင်တီးနားလက်ရွေးစင်ဂိုးသမားဟာ လာမယ့် တနင်္ဂနွေနေ့မှာ မန်ယူအသင်းအတွက် ပွဲထွက်ကစားရမှာဖြစ်ပြီး ဒီရာသီမှာ သူ့အတွက် ပထမဆုံးပွဲထွက်ခွင့်ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ဖြစ်လာဖို့ရှိနေပါတယ်။ ရိုမီယို ဟာ မန်ယူအသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ် (၇)ပွဲ ပွဲထွက်ကစားပေးခဲ့ပြီး (၆)ပွဲက Clean Sheet ရရှိခဲ့တာကြောင့် သူ့ရဲ့လက်စွမ်းအပေါ် မန်ယူပရိသတ်တွေကလည်းမျှော်လင့်နေကြပါတယ်။

အက်ရှ်လေကိုးလ် ။       ။ ချယ်လ်ဆီးအသင်းရဲ့ ကစားသမားဟောင်း အက်ရှ်လေကိုးလ်တစ်ယောက်ကတော့ ချယ်လ်ဆီးအကယ်ဒမီရဲ့နည်းပြအဖွဲ့ဝင်တစ်ယောက် ဖြစ်လာခဲ့ပြီး သူ့ရဲ့နည်းပြဘ၀ကို စတင်လိုက်ပါပြီ။ အသက် (၃၈)နှစ်အရွယ် ကစားသမားဟောင်းဟာ သူ့ရဲ့အသင်းဖော်လမ်းပတ်နဲ့ ပြန်လည်ပူးပေါင်းတော့မှာဖြစ်ပြီး ချယ်လ်ဆီးရဲ့ U-(15) အသင်းကို နည်းပြအဖြစ်တာဝန်ယူသွားမှာဖြစ်ပါတယ်။

READ
ဘောလုံးလောကမှ အလှအပဆုံး Scorpion Kickများစုစည်းမှု

ကာဗာနီ ။        ။ မန်ယူအသင်းဟာ PSG အသင်းတိုက်စစ်မှူး ကာဗာနီ ကို လာမယ့်ဇန်န၀ါရီအပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ဖို့ စောင့်ကြည့်နေကြောင်း 90Min က ဖော်ပြပါတယ်။ ကာဗာနီဟာ မန်ယူအသင်းရဲ့စောင့်ကြည့်စာရင်းမှာ ဂျူဗင်တပ်စ်တိုက်စစ်မှူး မန်ဇူကစ်နဲ့အတူရှိနေပြီး အသက် (၃၂)နှစ်အရွယ် တိုက်စစ်မှူးကိုယ်တိုင်ကလည်း PSG ကနေ ထွက်ခွာဖို့ ဆန္ဒရှိနေခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

Linn

Source : TheSun , Goal , Mirror

 

SHARE