၁၈-၁၁-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Goal

ရော်နယ်ဒို ။     ။ မနေ့ညက ကစားခဲ့တဲ့ လူဇင်ဘတ်အသင်းနဲ့ ပွဲစဉ်မှာ သွင်းဂိုး တစ်ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ ရော်နယ်ဒို ကတော့ သူ့ရဲ့ ကစားသမားဘ၀မှာနိုင်ငံတကာသွင်းဂိုး (၉၉)ဂိုးအထိ ရှိသွားခဲ့ပြီဖြစ်ပြီး ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ အီရန်တိုက်စစ်မှူး အလီဒါယီ ကို မှီဖို့ (၁၀) ဂိုးသာ လိုပါတော့တယ်။ ရော်နယ်ဒိုကတော့ သူ့ရဲ့ ကြံ့ခိုင်မှုနဲ့ စွမ်းဆောင်ရည်ပိုင်းဟာ လက်ရှိအချိန်မှာ (၁၀၀) ရာခိုင်နှုန်း အပြည့်ရှိနေတယ်လို့ မခံစားရကြောင်းနဲ့ ဂျူဗင်တပ်စ်အသင်းရဲ့ ပွဲစဉ်တွေမှာလည်း အဲဒါကြောင့်ပဲ လူစားလဲခံခဲ့ရတာဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

မာတီနက်ဇ် ။    ။ ဘာစီလိုနာအသင်းဟာ ဆွာရက်ဇ်ရဲ့နေရာကို အစားထိုးဖို့အတွက် အင်တာမီလန်တိုက်စစ်မှူး မာတီနက်ဇ်ကို စိတ်ဝင်စားနေကြောင်း အသင်း အားကစားဒါရိုက်တာ အဘီဒယ် က အတည်ပြုလိုက်ပါတယ်။ ဘာစီလိုနာ ဟာ အသင်းနဲ့ စာချုပ်သက်တမ်း (၁၈)လ ပဲ ကျန်တော့တဲ့ ဆွာရက်ဇ်ရဲ့နေရာမှာ အသက် (၂၂)နှစ်အရွယ် တိုက်စစ်မှူးလေးကို ပစ်မှတ်ထားခဲ့တာဖြစ်ပြီး ဒီရာသီမှာ ပြသခဲ့တဲ့ ခြေစွမ်းက ဘာစီလိုနာအတွက် ကစားပေးဖို့ ထိုက်တန်တယ်လို့ ယုံကြည်မိကြောင်း အဘီဒယ်က မှတ်ချက်ပေးပါတယ်။

 

ဟာဇက် ။        ။ ချယ်လ်ဆီးအသင်းမှာ ဟာဇက်ရဲ့ အသင်းဖော်ဖြစ်ခဲ့ဖူးတဲ့ ကွင်းလယ်လူ မီခေးလ် က ဟာဇက်ရဲ့ လေ့ကျင့်ရေးကွင်းစွမ်းဆောင်ရည်တွေနဲ့ ပတ်သက်ပြီး ချီးကျူးစကား ဆိုလိုက်ပါတယ်။ မီခေးလ်က လက်ရှိမှာ ရီးယဲလ်အသင်းဆီ ရောက်ရှိသွားပြီဖြစ်တဲ့ ဟာဇက် ဟာ ပါရမီရှင် ကစားသမားတစ်ယောက် ဖြစ်ပြီး လေ့ကျင့်ရေးကွင်းမှာ သိပ်ပြီး ကြိုးစားလေ့မရှိသူတစ်ယောက်လို့ ဖွင့်ဟလိုက်တာပါ။ ဟာဇက် အနေနဲ့ လေ့ကျင့်ရေးကွင်းမှာ မကြိုးစားပေမယ့်လည်း တကယ်ကစားတဲ့ ပွဲစဉ်တွေမှာတော့ အကောင်းဆုံး စွမ်းဆောင်ပြနိုင်ခဲ့လို့ သူ့အနေနဲ့ အံ့သြခဲ့ရကြောင်း မီခေးလ်က ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

လီဗာပူးလ် ။     ။ လီဗာပူးလ်အသင်း ပရိသတ်တွေကတော့ နိုင်ငံအသင်းပွဲစဉ်တွေမှာ ပါဝင်နိုင်ခြင်းမရှိတဲ့ အသင်းရဲ့ စီနီယာ ကစားသမားရဲ့အခြေအနေကို စိုးရိမ်နေကြပါတယ်။ ဆာလက်၊ ဗန်ဒိုက်၊ ဂိုမက်ဇ်၊ ဟန်ဒါဆင် နဲ့ ရော်ဘတ်ဆန် တို့ဟာ သူတို့ရဲ့ နိုင်ငံအသင်းပွဲစဉ်တွေကို လွဲချော်ခဲ့ကြပြီး ဒဏ်ရာကိုယ်စီရှိနေကြတယ်လို့အသင်းက ကြေညာထားတဲ့အတွက် ပရိသတ်တွေက စိတ်ပူနေကြတာပါ။ လီဗာပူးလ်အသင်းအတွက်တော့ လာမယ့် ဒီဇင်ဘာဟာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရမယ့်လ ဖြစ်နေခဲ့ပြီး ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ ကာရာဘောင်းဖလားနဲ့ ကလပ်ကမ္ဘာ့ဖလားတွေကို ယှဉ်ပြိုင်ရမှာမို့ ပရိသတ်တွေက ကစားသမားတွေ ဒဏ်ရာရှိနေမှာကို စိုးရိမ်နေကြတာပါ။

ဂျူဗင်တပ်စ် ။    ။ ဂျူဗင်တပ်စ်အသင်းဟာ အသင်းရဲ့ ဘယ်နောက်ခံလူ ဆန်ဒရို ကို ဒဏ်ရာကြောင့် လက်လွှတ်ရဖို့ရှိနေပြီး အသင်းရဲ့ ဘယ်ခြမ်းခံစစ်အတွက် ကစားသမားတစ်ဦးကို အရေးပေါ် ခေါ်ယူရဖွယ်ရှိနေပါတယ်။ လက်ရှိမှာ ဘယ်ခြမ်းခံစစ်အတွက် ကစားနိုင်တဲ့ ဒီဆစ်ဂလီယို၊ ဒါနီလို နဲ့ ဆန်ဒရို တို့ (၃)ဦးစလုံး ဒဏ်ရာရနေခဲ့ကြလို့ ဂျူဗင်တပ်စ်အသင်းအနေနဲ့ လာမယ့်အပြောင်းအရွှေ့မှာ PSG နောက်ခံလူ မူနီယာ ကိုခေါ်ဖို့ ပစ်မှတ်ထားနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

READ
တာဝန်မပေးဘဲပင်နယ်တီဝင်ကန်ခဲ့သည့် ဆန်းချက်ဇ်ကိုဝင်းဂါးပြင်းထန်စွာဝေဖန်

Linn

Source : TheSun , Goal , Mirror

 

SHARE