၁၈-၃-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ဘာစီလိုနာ ။    ။ ဘာစီလိုနာအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ဘက်တစ်အသင်းနဲ့ ပွဲစဉ်မှာ တိုက်စစ်မှူး မက်ဆီရဲ့ Hat-Trick သွင်းဂိုးနဲ့အတူ (၁-၄) ဂိုးနဲ့ အနိုင်ရခဲ့ပြီး လာလီဂါချန်ပီယံဆုအတွက် အနီးစပ်ဆုံး အနေအထားကိုရောက်ရှိသွားခဲ့ပါတယ်။ လာလီဂါပြိုင်ပွဲပြီးဆုံးဖို့ (၁၀)ပွဲသာ လိုတော့တဲ့အချိန်မှာ ဘာစီလိုနာက အမှတ်ပေးဇယား ဒုတိယနေရာက အက်သလက်တီကို အသင်းကို (၁၀)မှတ်ဖြတ်ထားနိုင်ခဲ့တာကြောင့် ဒီရာသီရဲ့ လာလီဂါချန်ပီယံဆုဟာ သေချာသလောက်ဖြစ်သွားခဲ့ပြီလို့ သုံးသပ်မှုတွေ ရှိနေခဲ့တာပါ။ ဘာစီလိုနာအတွက် သွင်းဂိုးတွေကိုတော့ ပွဲချိန် (၁၈)၊ (၄၅)မိနစ်နဲ့ (၈၅)မိနစ်တို့မှာ မက်ဆီ ၊ ပွဲချိန် (၆၃)မိနစ်မှာ ဆွာရက်ဇ်တို့က သွင်းယူပေးခဲ့ပြီး ဘက်တစ်အတွက် တစ်လုံးတည်းသော ချေပဂိုးကို ပွဲချိန် (၈၂)မိနစ်မှာ မိုရွန် က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဂျူဗင်တပ်စ် ။    ။ ဒီရာသီရဲ့ ဥရောပထိပ်သီးလိဂ်(၅)ခုမှာ ရှုံးပွဲမရှိသေးတဲ့ တစ်သင်းတည်းသောအသင်းအဖြစ် ရပ်တည်နေတဲ့ ဂျူဗင်တပ်စ်ဟာ မနေ့က ကစားခဲ့တဲ့ ပွဲစဉ်မှာ ဂျီနိုအာအသင်းကို (၂-၀)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ရှုံးပွဲမရှိစံချိန် ကျိုးပျက်သွားခဲ့ပါတယ်။ ရော်နယ်ဒို ကို အရန်စာရင်းမှာတောင် မထည့်ပဲ အနားပေးခဲ့တဲ့ ဂျူဗင်တပ်စ်ဟာ တိုက်စစ်မှာ ဒိုင်ဘာလာ ၊ မန်ဇူကစ် အတွဲကို သုံးခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ပဲ ဂျီနိုအာ အသင်းရဲ့ ဒုတိယပိုင်းသွင်းဂိုးတွေကို ခွင့်ပြုလိုက်ရတာပါ။ ဂျီနိုအာအတွက် သွင်းဂိုးတွေကိုတော့ ပွဲချိန် (၇၂)မိနစ်မှာ စတူရာရိုနဲ့ ပွဲချိန် (၈၁)မိနစ်မှာ တိုက်စစ်မှူး ပန်ဒက်ဗ်တို့က သွင်းယူပေးသွားခဲ့တာပဲဖြစ်ပါတယ်။

READ
(၂၄-၄-၁၈)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ကလော့ပ် ။      ။ လီဗာပူးလ်အသင်းနည်းပြ ဂျာဂန်ကလော့ပ်က ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ထပ်မံဦးဆောင်နိုင်လိမ့်ဦးမယ်လို့ ယုံကြည်ကြောင်းနဲ့ မန်စီးတီးအသင်းဟာ လာမယ့်ပွဲစဉ်တွေမှာ အမှတ်လျော့ဦးမယ်လို့ ထင်မိကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ လီဗာပူးလ်ဟာ မနေ့ညက ကစားခဲ့တဲ့ ပွဲစဉ်မှာ ဖူလ်ဟမ်အသင်းကို (၁-၂)ဂိုးနဲ့ အနိုင်ယူခဲ့ပြီး မန်စီးတီးအသင်းထက် တစ်ပွဲပို၊ (၂)မှတ်အသာနဲ့ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်ထားခဲ့တာပါ။ ကလော့ပ်က အသင်းအနေနဲ့ ရာသီကုန်အထိ နိုင်ပွဲတွေကို ဆက်လက်ရယူနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုလိုက်ပြီး မန်စီးတီးအသင်း ခြေချော်တာကို စောင့်ကြည့်နေမှာဖြစ်ကြောင်း သတိပေးလိုက်ပါတယ်။

EPA

ဂွာဒီယိုလာ ။    ။ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက လက်ရှိအချိန်ဟာ နိုင်ငံလက်ရွေးစင်အသင်းအတွက် သွားရောက်ကစားကြမယ့် ကစားသမားတွေဒဏ်ရာရရှိမလာဖို့ ဆုတောင်းရမယ့်အချိန်ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ ဒဏ်ရာရ ကစားသမား (၅) ဦးအထိ ရှိနေတဲ့ မန်စီးတီးအသင်းဟာ နိုင်ငံတကာပွဲစဉ်တွေအတွက် အသင်းကစားသမား (၁၄) ဦးကို သက်ဆိုင်ရာ နိုင်ငံအသင်းတွေဆီ စေလွှတ်ရဦးမှာဖြစ်ပြီး ကစားသမားတွေ ဒဏ်ရာရရှိလာမှာကို ဂွာဒီယိုလာက စိုးရိမ်နေတာပါ။ မန်စီးတီးအသင်းဟာ လာမယ့် (၇)ပတ်အတွင်းမှာ ပွဲစဉ်(၁၄)ပွဲကို ရင်ဆိုင်ကစားရမှာဖြစ်ပြီး ဂွာဒီယိုလာက ကစားသမားတွေသာ ဒဏ်ရာရလာခဲ့ရင် လက်ကျန်ပွဲတွေအတွက် အခက်အခဲဖြစ်နိုင်ကြောင်း ၀န်ခံသွားခဲ့ပါတယ်။

READ
(၅-၃-၁၈)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
EPA

ရစ်ချာလီဆင် ။  ။ အေစီမီလန်အသင်းဟာ အဲဗာတန်အသင်းတိုက်စစ်မှူး ရစ်ချာလီဆင်ကို အငှားနဲ့ခေါ်ယူသွားဖို့ စိတ်ဝင်စားနေပြီး အဲဗာတန်ကတော့ အပြီးသတ်ရောင်းချဖို့သာ အလိုရှိနေတယ်လို့ ESPN က ဖော်ပြပါတယ်။ မနေ့ညက ကစားခဲ့တဲ့ ချယ်လ်ဆီအသင်းနဲ့ ပွဲစဉ်မှာ အသင်းအတွက် တစ်ဂိုးသွင်းပေးခဲ့သလို၊ ဒုတိယသွင်းဂိုးဖြစ်တဲ့ ပင်နယ်တီဂိုးကိုလည်း ဖန်တီးပေးခဲ့တဲ့ ရစ်ချာလီဆင် အတွက် အဲဗာတန်က ပေါင်သန်း(၆၀)ကျော်အထိ ဈေးသတ်မှတ်ထားပြီး အငှားနဲ့တော့ လက်လွှတ်မှာ မဟုတ်ဘူးလို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ အဲဗာတန်အသင်းဟာ ရစ်ချာလီဆင်ကို ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ ပေါင် (၃၅)သန်းနဲ့ ၀က်ဖို့ဒ်အသင်းဆီက ခေါ်ယူထားခဲ့တာပါ။

AFP

ဂရစ်ဇ်မန်း ။      ။ ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူး ဆွာရက်ဇ်ရဲ့နေရာအတွက် အားဖြည့်ဖို့ အက်သလက်တီကို တိုက်စစ်မှူး ဂရစ်ဇ်မန်းကိုခေါ်ယူချင်နေပြီး ပေါင်သန်း(၁၀၀)အသုံးပြုဖို့ အဆင်သင့်ဖြစ်နေပြီလို့ Marca သတင်းစာက ဖော်ပြပါတယ်။ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာကို ရောက်ရှိဖို့ ပြီးခဲ့တဲ့ နွေရာသီကတည်းက ရေပန်းစားခဲ့တာဖြစ်ပြီး အက်သလက်အတွက် ဆက် ကစားပေးဖို့ ဆုံးဖြတ်ခဲ့လို့သာ သူ့ရဲ့အပြောင်းအရွှေ့က ဖြစ်ပေါ်မလာခဲ့တာပါ။ ဘာစီလိုနာအသင်းအနေနဲ့ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာလည်း ဒီတိုက်စစ်မှူးကို ထပ်မံကြိုးစားဦးမှာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေကြပြီး ဒီတစ်ကြိမ်မှာတော့ အပြောင်းအရွှေ့အောင်မြင်သွားဖို့ရှိနေတယ်လို့ ရေးသားနေကြပါတယ်။

Linn

Source : TheSun , Dailymail , Marca

SHARE