၈-၁-၂၀၂၀ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Mirror

မန်ယူ ။ ။ မန်ယူအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာ မန်စီးတီးကို (၁-၃)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နှစ်ပေါင်း (၂၂)နှစ်တာ ကာလအတွင်းအဆိုးရွားဆုံး ရလဒ်တစ်ခုနဲ့ ရင်ဆိုင်သွားခဲ့ရပါတယ်။ ပွဲချိန် ပထမပိုင်းမှာတင် ဘာနာဒိုဆေးလ်ဗား ၊ မာရက်ဇ် နဲ့ ပါရဲရား တို့ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုတွေကို ရင်ဆိုင်ခဲ့ရတဲ့ မန်ယူဟာ (၁၉၉၇)မေလ နောက်ပိုင်း အဆိုးရွားဆုံး အိမ်ကွင်း ပထမပိုင်းရလဒ်ကို ရင်ဆိုင်ခဲ့ရတာပါ။ မန်ယူအသင်းအနေနဲ့ ပွဲချိန်ပထမပိုင်းမှာ ပြိုင်ဖက်ကို (၃)ဂိုးပေးခဲ့ရခြင်းဟာ (၁၉၉၇)မေလမှာ ကစားခဲ့တဲ့ မစ်ဒယ်ဘရော့အသင်းနဲ့ ပွဲစဉ်မှာဖြစ်ခဲ့ပြီး အဲဒီနောက်မှာတော့ ဒီလိုမျိုး ပထမပိုင်းဂိုးပြတ်မရှုံးခဲ့တာဟာ ကြာခဲ့ပါပြီ။

မာနေး ။                   ။ လီဗာပူးလ်အသင်းတိုက်စစ်မှူး မာနေး ကတော့ အသင်းဖော်တိုက်စစ်မှူး ဆာလက် ၊ မန်စီးတီးရဲ့ မာရက်ဇ် တို့ကို ကျော်ဖြတ်ပြီး အာဖရိကရဲ့တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို သိမ်းပိုက်သွားခဲ့ပါပြီ။ မာနေး ဟာ သူ့ရဲ့ ကစားသမားဘ၀မှာ ဒီဆုကို ပထမဆုံးအကြိမ်အဖြစ် ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး နောက်ဆုံးဆန်ကာတင် (၃)ဦးထဲမှာ ဆာလက်နဲ့ မာရက်ဇ်တို့ကို ကျော်ဖြတ်နိုင်ခဲ့တာပါ။

ဆစ်ဆိုကို ။      ။ စပါးအသင်းရဲ့ ကွင်းလယ်လူ ဆစ်ဆိုကို ဟာ ဒူးဒဏ်ရာ ခွဲစိတ်မှု ခံယူရတော့မှာဖြစ်ပြီး အသင်းရဲ့ ပွဲစဉ်တွေကို (၃)လလောက် လွဲချော်တော့မယ်လို့ စပါးအသင်းက တရားဝင် အသိပေးလိုက်ပါပြီ။ ဆောက်သမ်တန်အသင်းနဲ့ ပွဲစဉ်တုန်းက ဒဏ်ရာရသွားခဲ့တဲ့ ဆစ်ဆိုကို ဟာ မစ်ဒယ်ဘရော့နဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်ကိုလည်း လွဲချော်ထားခဲ့ရသူပါ။ စပါးအသင်း တာဝန်ရှိသူတွေကတော့ ဆစ်ဆိုကို ဟာ ဧပြီလအစောပိုင်းမှာမှ စပါးအတွက် ပြန်လည်ကစားပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

အာဆင်နယ် ။   ။ အာဆင်နယ်အသင်းဟာ ဒဏ်ရာရရှိသွားခဲ့တဲ့ နောက်ခံလူ ချမ်ဘာရဲ့နေရာကို အစားထိုးဖို့ ဘိုင်ယန်မြူးနစ်အသင်းနောက်ခံလူ ဘိုတန် ကို ချိတ်ဆက်မှု ပြုလုပ်နေပြီလို့ Goal က ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ ငွေသုံးများခဲ့တာကြောင့် အာဆင်နယ်ဟာ ဒီအပြောင်းအရွှေ့မှာ အငှားခေါ်ယူမှုတွေနဲ့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ရတဲ့ ကစားသမားတွေကိုသာ ခေါ်ယူနိုင်ဖွယ်ရှိနေတယ်လို့လည်း Goal က သုံးသပ်ပါတယ်။

ချယ်လ်ဆီး ။     ။ အပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမား ခေါ်ယူခွင့်ရပြီဖြစ်တဲ့ ချယ်လ်ဆီးဟာ ပဲလေ့စ်တောင်ပံကစားသမား ဇာဟာ ကို ပေါင်သန်း(၈၀)နဲ့ ကမ်းလှမ်းဖို့ ပြင်နေပြီလို့ Express က ဖော်ပြပါတယ်။ အသက် (၂၇)နှစ်အရွယ် ကစားသမားဟာ လာမယ့်အပြောင်းအရွှေ့မှာ ပဲလေ့စ်ကနေ ထွက်ခွာဖို့ရှိနေပြီး ဒီရာသီမှာ အသင်းအတွက် (၃)ဂိုးသွင်း၊ (၃)ဂိုးဖန်တီးပေးထားခဲ့သူပါ။

READ
၂၆-၃-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

အင်တာ ။        ။ ကွန်တီရဲ့ အင်တာမီလန်ကတော့ မန်ယူကစားသမားတွေကို ခေါ်ယူဖို့ ကြိုးစားနေမှုကို မရပ်သေးပါဘူး။ လူကာကူနဲ့ ဆန်းချက်ဇ်တို့ကို ခေါ်ယူထားတဲ့အပြင် မာတစ် ကိုပါ ရဖို့ အခြေအနေကောင်းတွေ ပိုင်ဆိုင်နေတဲ့ အင်တာ ဟာ အက်ရှ်လေယန်းကိုပါ ခေါ်ယူဖို့ ချိတ်ဆက်နေပြန်ပါတယ်။ မန်ယူအသင်းနဲ့ (၆)လ သာ စာချုပ်သက်တမ်းကျန်တော့တဲ့ ကစားသမားကို ဒီအပြောင်းအရွှေ့မှာ အင်တာမီလန်က ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေပြီး မန်ယူဖက်ကလည်း ရောင်းချသွားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

Linn

Source : TheSun , Goal , Mirror

SHARE