၁၉-၁၁-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / foxsports

အီတလီ ။        ။ အီတလီအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ယူရိုခြေစစ်ပွဲစဉ်မှာ အာမေးနီးယားအသင်းကို (၉-၁)ဂိုးနဲ့ အနိုင်ယူပြီး အသင်းသမိုင်းမှာ မှတ်တမ်းသစ်တစ်ခု တင်လိုက်နိုင်ခဲ့ပါတယ်။ အီတလီအသင်းအတွက်တော့ အသင်းသမိုင်းတစ်လျှောက်မှာ ပြိုင်ဖက်အသင်းအပေါ် ဂိုးကွာခြားချက်အများဆုံး နိုင်ပွဲဖြစ်ခဲ့တာဖြစ်ပြီး ယူရိုခြေစစ်ပွဲကစားခဲ့တဲ့ သမိုင်းတစ်လျှောက် ပွဲတိုင်းနိုင်ရလဒ်နဲ့ ပထမဆုံးအကြိမ် ခြေစစ်ပွဲအောင်ခဲ့တာလည်းဖြစ်ပါတယ်။

ဟာလန်း ။       ။ မန်ယူအသင်းကနေ ခေါ်ယူဖို့ ကြိုးစားနေတဲ့ တိုက်စစ်မှူး ဟာလန်း ရဲ့ ဖခင် ဟာ မန်ယူရဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်းဆီ လာရောက်ပြီး လည်ပတ်ခဲ့တာကြောင့် ဟာလန်းရဲ့ အပြောင်းအရွှေ့ပုံပြင်တွေ မကြာခင်မှာ အဆုံးသတ်တော့မယ်လို့ Mirror က ဖော်ပြပါတယ်။ ဆဲလ်ဘတ်အသင်းရဲ့ တိုက်စစ်မှူးဟာ ကလပ်အသင်းမှာရော၊ နိုင်ငံအသင်းမှာပါ ခြေစွမ်းပြနေခဲ့တာကြောင့် မန်ယူအသင်းက ခေါ်ယူဖို့ ကြိုးစားနေခဲ့ပြီး ဂျူဗင်တပ်စ်၊ ရီးယဲလ်၊ ဘာစီနဲ့ ဘိုင်ယန်အသင်းတို့နဲ့ အပြိုင်လုနေရတဲ့အနေအထားပါ။ ဒါပေမယ့် ဟာလန်းဟာ နော်ဝေလက်ရွေးစင်ကစားသမားဖြစ်နေခဲ့တာကြောင့် ဆိုးလ်ရှားရဲ့အကူအညီနဲ့ ခေါ်ယူဖို့ ကြိုးစားခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဟာလန်းတစ်ယောက် မန်ယူအသင်းဆီရောက်ဖို့ (၈၀)ရာခိုင်နှုန်းသေချာသွားပြီလို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

 

ဝက်စ်ဟမ်း ။     ။ ၀က်စ်ဟမ်းအသင်းဟာ နည်းပြ ပယ်လီဂရီနီရဲ့နေရာမှာ အစားထိုးဖို့ တရုတ်ကိုပြောင်းရွှေ့သွားတဲ့ ဘင်နီတက်ဇ်ကို ပြန်လည်ချည်းကပ်နေတယ်လို့ Goal က ဖော်ပြပါတယ်။ (၆)ပွဲဆက် နိုင်ပွဲပျောက်ထားခဲ့တဲ့ ၀က်စ်ဟမ်းအသင်းဟာ ဒီတစ်ပတ်မှာလည်း စပါးနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ပယ်လီဂရီနီအနေနဲ့ နောက်ထပ်ရှုံးပွဲတစ်ပွဲ ရင်ဆိုင်ရဦးမယ့်အခြေအနေပါ။ ၀က်စ်ဟမ်းအသင်း တာဝန်ရှိသူတွေဟာ အသင်းကို ထိပ်ဆုံး (၆)သင်းစာရင်းထဲ ၀င်ဖို့အတွက် ကစားသမားအင်အား ဖြည့်တင်းမှုတွေ လုပ်ပေးခဲ့ပေမယ့်လည်း လက်ရှိရလဒ်ပိုင်းက စိတ်ပျက်စရာဖြစ်နေခဲ့လို့ ပယ်လီဂရီနီ ကို ရာထူးကနေ ထုတ်ပယ်သွားဖို့ရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

အင်းနရစ် ။      ။ စပိန်လက်ရွေးစင်အသင်းရဲ့ တာဝန်ရှိသူတွေဟာ အသင်းနည်းပြဟောင်း အင်းနရစ် ကို နည်းပြ ရာထူးမှာ ပြန်လည်ခန့်အပ်ဖို့အံ့အားသင့်ဖွယ် စီစဉ်နေပြီး လာမယ့် (၂၄)နာရီအတွင်းကြေညာသွားဖို့ ရှိနေပါပြီ။ ပြီးခဲ့တဲ့ ဇွန်လ က ပုဂ္ဂိုလ်ရေးပြဿနာတွေကြောင့် နည်းပြရာထူးကနေ နုတ်ထွက်သွားခဲ့တဲ့ အင်းနရစ်ရဲ့နေရာမှာ ရော်ဘတ်တိုမိုရီနို က အစားဝင်ခဲ့ပြီး စပိန်အသင်းကို ရလဒ်ကောင်းတွေ ရရှိအောင် ဆက်လက် စွမ်းဆောင်ပေးထားနိုင်ခဲ့တာပါ။ ဒါပေမယ့် မနေ့ညက ကစားခဲ့တဲ့ ရိုမေးနီးယားနဲ့ ပွဲစဉ်အပြီးမှာတော့ မိုရီနို က စပိန်အသင်းဟာ အင်းနရစ်ကို နည်းပြအဖြစ် ပြန်လည်ခန့်အပ်ဖို့ ပြင်ဆင်နေကြောင်း အတည်ပြုပေးခဲ့ပြီး စပိန်ဘောလုံးအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့လည်း ပြောဆိုသွားခဲ့ပါတယ်။

ဖေဘီယန်ရုဇ် ။  ။ နာပိုလလီအသင်းရဲ့ ကွင်းလယ်ကစားသမား ဖေဘီယန်ရုဇ် ကိုခေါ်ဖို့ ဘာစီလိုနာ၊ ရီးယဲလ်နဲ့ မန်စီးတီးအသင်းတို့ အပြိုင်ကြိုးစားနေကြတယ်လို့ Calciomercato က ဖော်ပြပါတယ်။ စီးရီးအေမှာ ရလဒ်တွေဆိုးနေပြီး နောက်ဆုံး(၅)ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ နာပိုလီ ဟာ ကစားသမားတချို့နဲ့ နည်းပြ ရာထူးကို အပြောင်းအလဲ လုပ်ဖို့ ရှိနေပြီး လက်ရှိနည်းပြ အန်ဆယ်လော့တီ လည်း အချိန်မရွေး ရာထူးကနေ ပြုတ်သွားနိုင်တဲ့အနေအထားပါ။ နာပိုလီအသင်းရဲ့ အမှုဆောင် လော်ရန်းတစ် က လာမယ့်အပြောင်းအရွှေ့မှာ ကစားသမားအချို့ အပြောင်းအလဲလုပ်သွားမယ့်အကြောင်း တရားဝင်အသိပေးထားတာမို့ ဖေဘီယန်ရုဇ်ရဲ့ အပြောင်းအရွှေ့ဟာ ဖြစ်လာနိုင်ဖွယ်ရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

READ
(၁၁-၃-၁၈)အတွက် ညနေခင်းပိုင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Linn

Source : TheSun , Goal , Mirror

SHARE