၁၁-၂-၂၀၂၀ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Goal / Twitter

ပီလီ ။   ။ ဘရာဇီးအသင်းရဲ့ ဂန္ဓ၀င်ကစားသမားကြီး ပီလီ ဟာ တင်ပါးခွဲစိတ်မှုပြုလုပ်ပြီးတဲ့နောက် ကျန်းမာရေးမကောင်းပဲဖြစ်နေပြီး စိတ်ကျရောဂါကိုပါ ခံစားနေရတယ်လို့ သားဖြစ်သူက ဖွင့်ဟလိုက်ပါတယ်။ အသက် (၇၉)နှစ်အရွယ် ဘောလုံးသမားဟောင်းကြီးဟာ သူ့ရဲ့ကျန်းမာရေးအခြေအနေကြောင့် အပြင်ထွက်ဖို့ကိုတောင် ရှက်ရွံ့နေပြီး လူအများရှေ့မှာ ၀ှီးချဲနဲ့မသွားလာချင်ပဲဖြစ်နေကြောင်း သားဖြစ်သူ အီဒင်ဟို က ဆိုပါတယ်။

မော်ရင်ဟို ။     ။ စပါးအသင်းရဲ့ နည်းပြ မော်ရင်ဟို ကိုတော့ ဆောင်းရာသီအားလပ်ရက်တွေ မပြီးဆုံးခင်မှာပဲ ကတုံးဆံပင်ပုံစံနဲ့ တွေ့လိုက်ရပါတယ်။ Sky Sports နဲ့ အင်တာဗျူးမှာတော့ မော်ရင်ဟို က သူ့ရဲ့ဆံပင်ပုံစံနဲ့ ပတ်သက်လို့ ပြောပြသွားခဲ့ပြီး ဆံပင်ညှပ်နေတုန်း အိပ်ပျော်သွားမိလို့ ဒီလိုပုံစံဖြစ်သွားခဲ့တာဖြစ်ကြောင်း အရွှန်းဖောက်ပြောဆိုသွားခဲ့ပြီး သူ့ဆံပင်တွေ မကြာခင် ပြန်ပေါက်လာကာ ပြန်လည်ကြည့်ကောင်းလာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

ဂွာဒီယိုလာ ။    ။ အာဂျင်တီးနားနည်းပြဟောင်း ဂျော့ခ်ျဗယ်လ်ဒါနို က ကမ္ဘာပေါ်မှာ ဂွာဒီယိုလာလောက် ဘောလုံးအားကစားကိုလွှမ်းမိုးနိုင်တဲ့နည်းပြ မရှိသေးဘူးလို့ မှတ်ချက်ပေးလိုက်ပါတယ်။ ဂွာဒီယိုလာ ဟာ ကမ္ဘာ့ဘောလုံးစင်မြင့်ထက်မှာ အများနဲ့မတူအောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်ပြီး ဒီရာသီ လီဗာပူးလ်အသင်းနဲ့အတူ အောင်ပွဲခံတော့မယ့် ကလော့ပ်တောင်မှ ဂွာဒီယိုလာလောက် ဘောလုံးလောက ကို မလွှမ်းမိုးနိုင်ဘူးလို့ ဗယ်လ်ဒါနို က သုံးသပ်လိုက်တာပါ။

လီဗာပူးလ် ။     ။ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီအပြောင်းအရွှေ့မှာ ဗီလာရီးယဲလ်တိုက်စစ်မှူး ချူကွာဇီ ကို ပေါင်သန်း(၃၀)နဲ့ ကမ်းလှမ်းခဲ့ပြီး ပယ်ချခံခဲ့ရတယ်လို့ ကစားသမားရဲ့ အေးဂျင့်ဖြစ်သူက ထုတ်ပြောလိုက်ပါတယ်။ အသက် (၂၀)အရွယ်သာ ရှိသေးတဲ့ နိုင်ဂျီးရီးယားတောင်ပံကစားသမားဟာ စာချုပ်လျော်ကြေး ပေါင်(၅၅)သန်းရှိတဲ့ စာချုပ်ကို ဗီလာရီးယဲလ်နဲ့ ချုပ်ဆိုထားခဲ့တာဖြစ်ပြီး လီဗာပူးလ်က ပေါင်သန်း(၃၀)နဲ့ ခေါ်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

အင်တာ ။        ။ အင်တာမီလန်အသင်းဟာ လက်ချောင်းရိုးကျိုးသွားခဲ့တဲ့ ဂိုးသမား ဟန်ဒါနိုဗစ် နေရာမှာ အစားထိုးဖို့အတွက် စပို့တင်းဂိုးသမား ဗီဗီယာနို ကိုအငှားခေါ်ယူတော့မှာဖြစ်ကြောင်း ESPN က ဖော်ပြပါတယ်။ ဟန်ဒါနိုဗစ် ရဲ့နေရာမှာ လက်ရှိဝင်ကစားနေတဲ့ အရန်ဂိုးသမား ပါဒယ်လီ ဟာ မီလန်ဒါဘီပွဲမှာ အမှားအယွင်း နှစ်ကြိမ်အထိ ကျုးလွန်ခဲ့တာကြောင့် ဗီဗီယာနို ကို ရာသီကုန်အထိ ခေါ်ယူဖို့ ညှိနှိုင်းနေတာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

READ
၁၉-၃-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

မန်ယူ ။ ။ မန်ယူအသင်းကတော့ အင်တာမီလန်ဆီ အငှားချထားခဲ့တဲ့ တိုက်စစ်မှူး ဆန်းချက်ဇ်အတွက် ၀ယ်သူ ရှာနေပါပြီ။ အင်တာမီလန်အသင်းဆီ အငှားချထားခဲ့ရပေမယ့်လည်း ဆန်းချက်ဇ်ရဲ့လစာတစ်ဝက်ကို ပေးချေနေရဆဲဖြစ်တဲ့ မန်ယူဟာ ဒီကစားသမားကို ရောင်းချဖို့ ပြင်ဆင်နေပြီဖြစ်ပြီး အသင်းဘုတ်အဖွဲ့က ရောင်းချဖို့ အတည်ပြုလိုက်ပြီလို့ မန်ချက်စတာညနေခင်း သတင်းစာက ဖော်ပြပါတယ်။

Linn

Source : TheSun , Goal , Mirror

SHARE