၁၆-၂-၂၀၂၀ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Twitter / Mirror

လီဗာပူးလ် ။     ။ လီဗာပူးလ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ နောဝှစ်ခ်ျအသင်းကို (၀-၁)နဲ့ ခက်ခက်ခဲခဲ အနိုင်ယူခဲ့ရပါတယ်။ ဆာလက်၊ ဖာမီနို တို့နဲ့ အတူ ချိန်ဘာလိန်ကို ပွဲထုတ်ခဲ့တဲ့ လီဗာပူးလ်အသင်းက ပထမပိုင်းမှာ ဂိုးရဖို့ ရုန်းကန်ခဲ့ရပြီး ပွဲချိန် (၇၈)မိနစ်မှာမှ မာနေး ရဲ့ သွင်းဂိုး တစ်ဂိုးတည်းနဲ့ ကပ်အနိုင်ရခဲ့တာပါ။ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးတဲ့နောက် ပွဲချိန် မိနစ် (၆၀)မှာ လူစားဝင်လာခဲ့တဲ့ မာနေး ကတော့ လီဗာပူးလ်ကို ကယ်တင်နိုင်ခဲ့ပြီး အသင်းရဲ့ ရှုံးပွဲမရှိစံချိန်ကို ဆက်လက်သယ်ဆောင်သွားစေခဲ့ပါတယ်။

လုခ်ရှော ။       ။ မန်ယူအသင်းနောက်ခံကစားသမား လုခ်ရှောက အသင်းရဲ့ ကြယ်ပွင့်ကစားသမားတွေဟာ ဒီရာသီမှာ နည်းပြ ဆိုးလ်ရှားအပေါ် သစ္စာဖောက်နေကြတယ်လို့ ၀န်ခံလိုက်ပါတယ်။ အမှတ်ပေးဇယားရဲ့ အဆင့်(၉)နေရာမှာ ရပ်တည်နေပြီး ဥရောပပြိုင်ပွဲတွေဝင်ရောက်ဖို့ ရုန်းကန်နေရတဲ့ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားဟာ ရာထူးကနေ ထုတ်ပယ်ခံရနိုင်တဲ့နည်းပြစာရင်းထဲမှာ ရှိနေဆဲပါ။ လုခ်ရှောက အသင်းရဲ့ ကစားသမားအချို့ဟာ သူတို့ကစားနိုင်သလောက် မကစားပေးကြပဲ အသင်းနည်းပြ ဆိုးလ်ရှားကို အခက်တွေ့အောင် လုပ်ဆောင်နေကြတယ်လို့ ထင်မိကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

ကလော့ပ် ။      ။ လီဗာပူးလ်အသင်းနည်းပြ ဂျာဂန်ကလော့ပ် က ချန်ပီယံလိဂ်ဝင်ခွင့် (၂)ရာသီ ပိတ်ပင်ခံရတဲ့ မန်စီးတီးအသင်းရဲ့သတင်းဟာ သူ့ကို ထိတ်လန့်သွားစေခဲ့ကြောင်း ဖွင့်ဟလိုက်ပါတယ်။ ဘဏ္ဍာရေးညီမျှမှု စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တဲ့အတွက် မန်စီးတီးအသင်းကို UEFA က ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် (၂)ရာသီ ပိတ်လိုက်တာကြောင့် မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာရော၊ အသင်းနဲ့ပတ်သက်သူတွေပါ ခက်ခဲတဲ့ အနေအထားကို ရောက်ရှိသွားလိမ့်မယ်လို့ ကလော့ပ်က မှတ်ချက်ပေးသွားခဲ့တာပါ။

မက်ဆီ ။         ။ ပြီးခဲ့တဲ့ (၄)ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ခဲ့တဲ့ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ ဟာ (၂၀၁၄) ဇန်န၀ါရီနောက်ပိုင်း အချိန်ကြာဆုံး ဂိုးပေါက်ပျောက်ဆုံးမှုနဲ့ ရင်ဆိုင်နေရတယ်လို့ Marca သတင်းစာက ဖော်ပြပါတယ်။ မက်ဆီဟာ အသင်းဖော်တွေအတွက် ဂိုးဖန်တီးမှုတွေ ပြုလုပ်ပေးနိုင်ခဲ့ပေမယ့်လည်း ကိုယ်တိုင် ဂိုးမသွင်းနိုင်ပဲဖြစ်နေခဲ့တာ (၄)ပွဲ ရှိသွားခဲ့ပြီဖြစ်ပြီး သူ့ရဲ့အရှည်ကြာဆုံး ဂိုးပေါက်ပျောက်မှုဟာ (၂၀၁၄)ဇန်န၀ါရီတုန်းက (၈)ပွဲဆက် ဂိုးပေါက်ပျောက်မှု ဖြစ်ခဲ့တာပါ။

ဂျော်ဒီအယ်လ်ဘာ ။      ။ မနေ့ညက ကစားခဲ့တဲ့ ဂီတာဖေးအသင်းနဲ့ ပွဲစဉ်မှာ ဒဏ်ရာရသွားခဲ့တဲ့ ဘာစီလိုနာ နောက်ခံလူ ဂျော်ဒီအယ်လ်ဘာ ကတော့ (၃)ပတ်လောက် နားရတော့မယ်လို့ AS က ဖော်ပြသွားပါတယ်။ ဒမ်ဘီလီ ကို ကာလရှည်လက်လွှတ်ထားရတဲ့ ဘာစီလိုနာအတွက်တော့ ဒဏ်ရာရစာရင်းမှာ ကစားသမားတိုးလာခဲ့ပြီး ကစားသမားအကျပ်အတည်းနဲ့ရင်ဆိုင်ရဖို့ရှိနေတယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။

READ
ကန်တေကိုခေါ်ယူခွင့်ပေးလို့ လက်စတာအသင်းဆီ လက်ဆောင်ပို့ပေးခဲ့တဲ့ ချယ်လ်ဆီး

စတာလင် ။      ။ မန်စီးတီးအသင်းရဲ့ ချန်ပီယံလိဂ်ကစားခွင့်အပိတ်ခံရမှုကို အခွင့်ကောင်းယူပြီး တိုက်စစ်မှူး စတာလင်ကိုခေါ်ဖို့ ရီးယဲလ်တို့ ကြိုးစားလာနေပါတယ်။TheSun ရဲ့ ဖော်ပြချက်အရ ရီးယဲလ်အသင်းဟာ စတာလင် ကို ပေါင်သန်း(၁၈၀)နဲ့ ခေါ်ယူဖို့ ကြိုးစားနေပြီး ချန်ပီယံလိဂ်မကစားရလို့ ၀င်ငွေတွေ ဆုံးရှုံးဖို့ရှိနေတဲ့ မန်စီးတီးအသင်းအနေနဲ့လည်း လက်ခံစဉ်းစားသွားရဖွယ်ရှိနေတယ်လို့ သိရတာပါ။

Linn

Source : TheSun , Goal , Marca

 

 

SHARE