၂၀-၂-၂၀၂၀ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Twitter / Goal

စပါး ။   ။ စပါးအသင်းကတော့ မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ လိုက်ပ်ဇစ်အသင်းကို (၀-၁)ဂိုးနဲ့ အရှုံးပေးခဲ့ရပါတယ်။ တီမိုဝါနာရဲ့ ပင်နယ်တီသွင်းဂိုးနဲ့အတူ အိမ်ကွင်းမှာ အရှုံးပေးခဲ့ရတဲ့ စပါးအသင်းဟာ တိုက်စစ်မှူးတွေ ဒဏ်ရာရနေခဲ့တာကြောင့် အယ်လီနဲ့ မိုရာ ကို တိုက်စစ်မှူးတွေအဖြစ် သုံးခဲ့ရပြီး ဂိုးရဖို့အတွက် ရုန်းကန်ခဲ့ရတာပါ။

 

ဂွာဒီယိုလာ ။    ။ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာ က သူ့အနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ခွင့်မရပေမယ့်လည်း အသင်းကနေ ထွက်ခွာသွားမှာမဟုတ်ဘူးလို့ ကတိပေးလိုက်ပါတယ်။ ဂွာဒီယိုလာ က သူ့အနေနဲ့ အသင်းဘုတ်အဖွဲ့က ရာထူးကနေ မထုတ်မချင်း မန်စီးတီးကနေ ထွက်သွားဖို့မရှိဘူးလို့ ဖွင့်ဟသွားခဲ့ပြီး မန်စီးတီးအသင်းနဲ့ပတ်သက်တဲ့ သူ့ရဲ့အနာဂတ်ကို ထုတ်ဖော်ပြောဆိုလိုက်တာပါ။

ဆိုးလ်ရှား ။      ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှား က ကွင်းလယ်လူ ပေါ့ဂ်ဘာ အနေနဲ့ လက်ရှိမှာ ဘယ်အသင်းကိုမှ ပြောင်းရွှေ့ခွင့်ရမှာမဟုတ်သေးကြောင်း ပြောဆိုလိုက်ပါတယ်။ ဒီရာသီမှာ မန်ယူအသင်းအတွက် (၈)ပွဲသာ ကစားပေးထားရတဲ့ ပေါ့ဂ်ဘာ ကို ရောင်းချမယ်လို့ သတင်းတွေ ထွက်နေခဲ့ပေမယ့်လည်း ဆိုးလ်ရှားကတော့ ပေါ့ဂ်ဘာအနေနဲ့ ဘယ်ကိုမှ သွားဖို့ မဖြစ်နိုင်ကြောင်းနဲ့ အသင်းအနေနဲ့ သူ့ကို လိုအပ်နေဆဲဖြစ်ကြောင်း ပြောဆိုသွားခဲ့တာပါ။

အာတီတာ ။     ။ အာဆင်နယ်အသင်းနည်းပြ အာတီတာ က နယူးကာဆယ်နဲ့ပွဲစဉ်မှာ ကွင်းလယ်လူ ဂွမ်ဒူဇီကိုချန်လှပ်ခဲ့ရခြင်းဟာ ဒူဘိုင်းလေ့ကျင့်ရေးအစီအစဉ်မှာ ပြုလုပ်ခဲ့တဲ့ အပြုအမူတွေကြောင့် ဖြစ်ကြောင်း ဖွင့်ဟလိုက်ပါတယ်။ ဂွမ်ဒူဇီ ဟာ အာဆင်နယ်အသင်းရဲ့ ဒူဘိုင်းလေ့ကျင့်ရေးအစီအစဉ်မှာ အာတီတာနဲ့အတူ နည်းပြအဖွဲ့ဝင်အချို့ကို မလေးမစားပြုလုပ်ခဲ့ပြီး အဲဒီအတွက် အာတီတာ က ပွဲထွက်ခွင့်ပိတ်ပင်သွားခဲ့တာပါ။ အသက် (၂၀)အရွယ် ကွင်းလယ်ကစားသမားအနေနဲ့ ဒီနေ့ည ကစားရမယ့် အိုလံပီယာကော့စ်နဲ့ပွဲစဉ်မှာလည်း ပါဝင်ရဖို့မသေချာသေးပဲ အာတီတာရဲ့ဆုံးဖြတ်ချက်ကို စောင့်မျှော်နေရဆဲဖြစ်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ဒီဘရိုင်း ။        ။ မန်စီးတီးအသင်းကွင်းလယ်ကစားသမား ဒီဘရိုင်း က မန်စီးတီးအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ပိတ်ပင်ခြင်းခံခဲ့ရပေမယ့်လည်း အသင်း ကစားသမားတွေအတွက် အဲဒီအကြောင်းအရာက ပြဿနာမရှိကြောင်း ဖွင့်ဟလိုက်ပါတယ်။ ဒီဘရိုင်း က အသင်းကစားသမားတွေအနေနဲ့ ဒီရာသီမှာ ဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့ကိုသာ အာရုံစိုက်ထားပြီး ချန်ပီယံလိဂ်ကစားခွင့်မရတဲ့အကြောင်းကို စိတ်ထဲမှာ ထည့်မထားကြကြောင်း ပြောဆိုသွားခဲ့ပါတယ်။

READ
၂၈-၁-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Linn

Source : TheSun , Mirror , Goal

SHARE