၂၁-၂-၂၀၂၀ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Twitter / Mirror

ဖာနန်ဒက်စ် ။    ။ မန်ယူအသင်းတိုက်စစ်မှူးဟောင်း ဗန်ပါစီ က မနေ့ညက ပွဲစဉ်မှာတွေ့လိုက်ရတဲ့ မန်ယူ ကွင်းလယ်ကစားသမားသစ် ဖာနန်ဒက်စ်ရဲ့ခြေစွမ်းကို ချီးကျူးလိုက်ပါတယ်။ ဖာနန်ဒက်စ်ဟာ ဘရုဂေးအသင်းနဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ ပွဲချိန် (၁၀)မိနစ်ကျော်လောက်သာ လူစားဝင် ကစားခဲ့ရပေမယ့်လည်း ဗန်ပါစီကတော့ ဖာနန်ဒက်စ်ရဲ့ခြေစွမ်းဟာ အထင်ကြီးစရာကောင်းကြောင်းနဲ့ ထိပ်တန်းကစားသမား တစ်ယောက်ဆိုတာ လက်မခံနိုင်စရာမရှိကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

 

အာဆင်နယ် ။   ။ အာဆင်နယ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ အိုလံပီယာကော့စ်အသင်းကို (၀-၁)ဂိုးနဲ့ အနိုင်ယူပြီး နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းတွေ ပိုင်ဆိုင်သွားခဲ့ပါတယ်။ လာကာဇက် ကို အထောင်တိုက်စစ်မှူးအဖြစ် ပွဲထုတ်ခဲ့ပြီး မာတီနယ်လီ၊ အူဘာမီယန်း တို့ကို အသုံးပြုခဲ့တဲ့ အာတီတာရဲ့နည်းစနစ်ပိုင်းက မှန်ကန်ခဲ့တယ်လို့ ပြောရမှာဖြစ်ပြီး အာဆင်နယ်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို တိုက်စစ်မှူး လာကာဇက် က ပွဲချိန် (၈၁)မိနစ်မှာ သွင်းယူပေးသွားခဲ့တာပါ။ မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ် ရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်တွေမှာ အင်္ဂလန်အသင်းတွေ ရလဒ်ကောင်းခဲ့ကြပြီး မန်ယူအသင်းက ဘရုဂေးအသင်းကို အဝေးကွင်းမှာ (၁-၁)ဂိုးနဲ့ သရေ ၊ ၀ုဗ်အသင်းက အက်စ်ပန်ညိုအသင်းကို အိမ်ကွင်းမှာ (၄-၀)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့ကြပါတယ်။

READ
ဂရစ်ဇ်မန်းကိုနောက်ထပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ခေါ်ဖို့ အသင့်ရှိနေတဲ့မော်ရင်ဟို

မန်စီးတီး ။       ။ မန်စီးတီးအသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် (၂)ရာသီ ပိတ်ပင်ခံရပေမယ့်လည်း အသင်းရဲ့ ကြယ်ပွင့်ကစားသမားတွေကို ရောင်းမထုတ်ပဲစိတ်အေးလက်အေးနေနိုင်ကြောင်း ဘောလုံးကမ္ဘာရဲ့ငွေကြေးလည်ပတ်မှုကို သုံးသပ်သူတစ်ယောက်ဖြစ်တဲ့ မက်ဂွိုင်းယား က မှတ်ချက်ပေးလိုက်ပါတယ်။ မန်စီးတီးအသင်းအနေနဲ့ ဥရောပပြိုင်ပွဲတွေမှာ ၀င်ရောက်ကစားခွင့်မရတာကြောင့် ယူရိုသန်းချီပြီး ၀င်ငွေထိခိုက်ဖို့ရှိပေမယ့်လည်း ပရီးမီးယားလိဂ်ကနေ ရရှိနေတဲ့ ၀င်ငွေပမာဏ ဟာ မန်စီးတီးအသင်းကို ကောင်းကောင်းထောက်ပံ့ပေးနိုင်တာမို့ ကစားသမားတွေကို ရောင်းချဖို့မလိုအပ်ဘူးလို့ မက်ဂွိုင်းယားက မှတ်ချက်ပေးတာပါ။

ဘိုင်ယန် ။       ။ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ယာယီနည်းပြအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဟန်ဆယ် ဖလစ် ကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ဖို့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကစားသမားဟောင်းတွေနဲ့ နည်းပြဟောင်းတွေက တိုက်တွန်းနေကြပါပြီ။ ဘိုင်ယန် ကို တာဝန်ယူကိုင်တွယ်ခဲ့တဲ့ ပွဲစဉ် (၁၆)ပွဲမှာ (၁၃)ပွဲအထိ အနိုင်ယူထားတဲ့ ဖလစ် ရဲ့ စွမ်းဆောင်ရည်ကို အားလုံးက သဘောကျနေကြပြီး အမြဲတမ်း နည်းပြအဖြစ် အမြန်ဆုံးခန့်အပ်ဖို့ တိုက်တွန်းနေကြတာပါ။

ခရီနီယာ ။       ။ အင်တာမီလန်အသင်းနောက်ခံလူ ခရီနီယာ ကို ခေါ်ယူဖို့ ကြိုးစားနေကြတဲ့ မန်စီးတီးနဲ့ ဘာစီလိုနာအသင်းတို့ဟာ ခရီနီယာ ရဲ့ မြင့်မားတဲ့ပြောင်းရွှေ့ကြေးကြောင့် အခက်တွေ့နေကြတယ်လို့ CalcioMercato က ဖော်ပြပါတယ်။ အင်တာမီလန်နောက်ခံလူရဲ့ ပြောင်းရွှေ့ကြေးကို ယူရို(၆၅)သန်းလောက်နဲ့ ရဖို့ ဘာစီလိုနာနဲ့ မန်စီးတီးတို့က မျှော်လင့်ထားခဲ့ကြပေမယ့်လည်း လက်တွေ့မှာတော့ အင်တာမီလန် က ခရီနီယာ အတွက် ယူရိုသန်း(၉၀) အနည်းဆုံး လိုချင်နေခဲ့လို့ ခေါ်ယူဖို့ ခက်ခဲတဲ့အနေအထားနဲ့ ရင်ဆိုင်နေရတာပါ။

READ
(၂၃-၃-၁၈)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Linn

Source : TheSun , Goal , Mirror

SHARE