၂၃-၂-၂၀၂၀ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Twitter / Goal

မက်ဆီ ။         ။ ပြီးခဲ့တဲ့ ပွဲစဉ် (၄)ပွဲဆက် ဂိုးပေါက်ပျောက်နေခဲ့တဲ့ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီ ကတော့ မနေ့ညက ကစားခဲ့တဲ့ အီဘာ အသင်းနဲ့ ပွဲစဉ်မှာ တစ်ဦးတည်း (၄)ဂိုးသွင်းယူပြီး သူ့ရဲ့အကောင်းဆုံးပုံစံကို ပြန်လည်ပြသလိုက်ပါတယ်။ လက်ရှိအချိန်အထိ သွင်းဂိုး (၆၉၆)ဂိုးနဲ့ ဂိုးဖန်တီးမှု (၃၀၆)ကြိမ် ပြုလုပ်နိုင်ခဲ့ပြီဖြစ်တဲ့ မက်ဆီ ဟာ ဂိုး(၁၀၀၀)အထိ ပါဝင်ပတ်သက်နိုင်တဲ့ ပထမဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်လာခဲ့ပါတယ်။

ရီးယဲလ် ။        ။ ရီးယဲလ်အသင်းကတော့ မနေ့ညက ကစားခဲ့တဲ့ လီဗန်တေးနဲ့ပွဲစဉ်မှာ (၁-၀)နဲ့ အရှုံးပေးလိုက်ရပြီး အမှတ်ပေးဇယား ဒုတိယနေရာကို ဆင်းပေးလိုက်ရပါပြီ။ ဟာဇက် ပြန်ပါလာတဲ့ ရီးယဲလ်အသင်းဟာ လီဗန်တေးကို ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးကန်သွင်းခွင့်အသာနဲ့ ကစားနိုင်ခဲ့ပေမယ့်လည်း ပွဲချိန် မိနစ် (၆၀)ကျော်မှာ ဟာဇက် ဒဏ်ရာရရှိသွားခဲ့သလို  ပွဲချိန် (၇၉)မိနစ်မှာ လီဗာတေးကွင်းလယ်လူ မိုရာလက်စ်ရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့ရလို့ ပွဲအပြီးမှာ (၁-၀)ရလဒ်နဲ့ ရှုံးနိမ့်သွားခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို ။     ။ မနေ့ညက ကစားခဲ့တဲ့ SPAL အသင်းနဲ့ပွဲစဉ်မှာ သွင်းဂိုး တစ်ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒို ကတော့ စီးရီးအေမှာ စံချိန်သစ်တွေ တင်လိုက်ပြန်ပါတယ်။ စီးရီးအေမှာ (၁၁)ပွဲဆက် ဂိုးသွင်းနိုင်ခဲ့သူ (၂)ယောက်သာ ရှိခဲ့ပြီး ဘာတစ္စတူတာ က (၁၁)ပွဲမှာ (၁၃)ဂိုး ၊ ဂွာဂရီယယ်လာ က  (၁၁)ပွဲမှာ (၁၄)ဂိုး အသီးသီး သွင်းယူထားတဲ့ မှတ်တမ်းရှိခဲ့တာပါ။ လက်ရှိအချိန်မှာတော့ ရော်နယ်ဒိုက (၁၁)ပွဲမှာ သွင်းဂိုး(၁၆)ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး မှတ်တိုင်တစ်ခုကို စိုက်ထူလိုက်ပြီပဲဖြစ်ပါတယ်။

ဘက်ခမ် ။       ။ ကမ္ဘာ့နံပတ်(၁)တိုက်စစ်မှူးတွေဖြစ်ကြတဲ့ မက်ဆီနဲ့ ရော်နယ်ဒို တို့ကို သူ့ရဲ့အသင်းမှာ လာပြီး ကစားသမားဘ၀အဆုံးသတ်ကြဖို့ ဒေးဗစ်ဘက်ခမ် က ကမ်းလှမ်းနေတယ်လို့ ESPN က ဖော်ပြပါတယ်။ မေဂျာလိဂ်ကလပ် အင်တာမီယာမီ အသင်းပိုင်ရှင်ဖြစ်တဲ့ ဘက်ခမ် က မက်ဆီနဲ့ရော်နယ်ဒို တိုက်စစ်အတွဲကို သူ့ရဲ့အသင်းမှာ ပုံဖော်ဖို့  စိတ်ကူးနေခဲ့တာဖြစ်ပြီး အသက် (၃၅)နှစ်အရွယ် ရော်နယ်ဒိုနဲ့ (၃၂)နှစ်အရွယ် မက်ဆီ တို့ဟာ သူ့ရဲ့အသင်းဆီကို နောက်ထပ် နှစ်အနည်းငယ်အကြာမှာ ရောက်လာဖို့ရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေကြတာပါ။

မာတစ် ။         ။ မန်ယူအသင်းကွင်းလယ်ကစားသမား မာတစ် က  သူ့အနေနဲ့ မန်ယူအသင်းအတွက် ဆက်လက်ကစားချင်သေးကြောင်း ၀န်ခံလိုက်ပြီး အပြောင်းအရွှေ့နဲ့ပတ်သက်လို့ ထွက်ပေါ်နေတဲ့ ကောလာဟလတွေကို အဆုံးသတ်လိုက်ပါတယ်။ ဒီရာသီမှာ မန်ယူနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် မာတစ် ဟာ မန်ယူအသင်းရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို စောင့်ဆိုင်းနေဆဲဖြစ်ပြီးမန်ယူအသင်းကသာ သူ့ကို အလိုရှိနေရင် မန်ယူမှာပဲ ဆက်ရှိနေဖို့ဆုံးဖြတ်ထားတယ်ဆိုတဲ့အကြောင်း အသိပေးလိုက်တာပါ။

READ
၃၀-၁-၂၀၂၀ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Linn

Source : TheSun , ESPN , Goal

SHARE