၂၀-၂-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

လီဗာပူးလ် ။     ။ လီဗာပူးလ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ပွဲစဉ်မှာ ဘိုင်ယန်အသင်းကို အိမ်ကွင်းမှာ ဂိုးမရှိ သရေကျသွားခဲ့ပါတယ်။ လီဗာပူးလ်ရဲ့ခံစစ်ပိုင်းမှာ လိုဗရန်နဲ့ ဗန်ဒိုက် တို့အတွဲ မပါဝင်နိုင်ခဲ့လို့ ဖာဘင်ဟို၊ မာတစ် တို့နဲ့ ပွဲထွက်ခဲ့ပြီး ပြိုင်ဖက်အသင်းကို ဂိုးမပေးရဖို့ ဂရုစိုက်ကစားခဲ့ကြတာပါ။ ဘိုင်ယန်မြူးနစ်ကလည်း ခံစစ်မှာ ဘိုတန်မပါနိုင်လို့ ဟမ်းမဲလ်နဲ့ ဆူလီ တို့ကို ပွဲထုတ်ခဲ့ပြီး ဒဏ်ရာက ပြန်လည်သက်သာလာခဲ့တဲ့ ကိုမန်လည်းပါဝင်လာခဲ့ပါတယ်။ နှစ်သင်းစလုံး အခွင့်အရေးတွေ ကိုယ်စီ ရခဲ့ကြပြီး လီဗာပူးလ်ကစားသမားတွေဖြစ်ကြတဲ့ မာတစ်နဲ့ မာနေး တို့ အပိုင်အခွင့်အရေးတွေကို အံ့သြဖွယ်လွဲချော်ခဲ့ကြလို့သာ လီဗာပူးလ်အသင်း သရေကျခဲ့ရတာပါ။ လီဗာပူးလ်ဟာ ဒီရာသီမှာ ဂိုးမသွင်းနိုင်တဲ့ပွဲ (၄)ပွဲသာ ရှိသေးပြီး အဲဒီထဲက (၃)ပွဲဟာ ဥရောပပြိုင်ပွဲတွေမှာ မသွင်းနိုင်ပဲ ဖြစ်ခဲ့ရတာပါ။

ဘာစီလိုနာ ။    ။ ဘာစီလိုနာအသင်းဟာလည်းမနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ လိုင်ယွန်အသင်းကို ဂိုးမရှိသရေကျခဲ့ပါတယ်။ ဒမ်ဘီလီ၊ ဆွာရက်ဇ် ၊ မက်ဆီ တို့နဲ့ လူစုံပွဲထွက်လာခဲ့ပြီး ကော်တင်ဟို ကို အရန်စာရင်းမှာသာထားခဲ့တဲ့ ဘာစီလိုနာဟာ အခွင့်အရေးပေါင်းများစွာ ရရှိခဲ့ပြီး အသုံးမချနိုင်ဖြစ်ခဲ့ရတာပါ။ အထူးသဖြင့် ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီနဲ့ ဒမ်ဘီလီ တို့ဟာ တစ်ဦးကို (၃)ကြိမ်ထက်ပိုတဲ့အခွင့်အရေးတွေ ရခဲ့ပြီး အသုံးမချနိုင်ခဲ့လို့ ဘာစီလိုနာအသင်းဟာ ဂိုးမရှိသရေပွဲစဉ်ကို ရင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်။

READ
၎-၂-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ
REX

ခီဒီယာ ။         ။ ဂျူဗင်တပ်စ်အသင်း ကွင်းလယ်ကစားသမား ခီဒီယာ ဟာ နှလုံးခုန်နှုန်းပုံမှန်မဟုတ်တဲ့ အခြေအနေဖြစ်ပေါ်နေခဲ့ပြီး အက်သလက်တီကိုအသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်မှာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ဒီနေ့ညမှာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်အဖြစ် အက်သလက်တီကိုရဲ့ ကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပြီး ခီဒီယာ အနေနဲ့ ဆေးစစ်မှုတွေနဲ့ စမ်းသပ်မှုတွေ ဆက်လက်ခံယူဖို့ စပိန်ကို လိုက်ပါသွားနိုင်ခြင်းမရှိခဲ့ပါဘူး။

AFP

မန်စီးတီး ။       ။ မန်စီးတီးရဲ့ နောက်ခံလူ ဂျွန်စတုံးနဲ့ တိုက်စစ်မှူး ဂျီးဆပ် တို့ဟာ ရှော်လ်ကေးနဲ့ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်မှာဖြစ်တယ်လို့ ဂွာဒီယိုလာက ဆိုပါတယ်။ ဂျာမနီမြေမှာသွားရောက်ကစားရမယ့် အဲဒီပွဲစဉ်အတွက် ဒီကစားသမားနှစ်ယောက်က လွဲရင် လူစုံပါဝင်နိုင်မှာဖြစ်တယ်လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဂွာဒီယိုလာက ဆိုပါတယ်။ ဂျွန်စတုံးဟာ ပေါင်ခြံဒဏ်ရာရနေခဲ့တာဖြစ်ပြီး ဂျီးဆပ်ကတော့ တံကောက်ကြောဒဏ်ရာရနေခဲ့တာပါ။ သူတို့ရဲ့ဒဏ်ရာက သိပ်မကြီးမားပေမယ့်လည်း စွန့်စားမှု မပြုလုပ်ချင်တာကြောင့် အနားပေးခဲ့ရတယ်လို့ ဂွာဒီယိုလာက ပြောပါတယ်။

READ
၂၈-၃-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ
AS

မန်ယူ ။ ။ မန်ယူအသင်းဟာ ရီးယဲလ်အသင်းနဲ့အဆင်မပြေဖြစ်နေတဲ့ တိုက်စစ်ကစားသမား ဂါရက်ဘေးလ်ကို ပေါင် (၁၃၁)သန်းနဲ့ခေါ်ယူမယ်လို့သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။ စပိန်ရုပ်သံသတင်းဌာန တစ်ခုက ရီးယဲလ်ဥက္ကဌ ပီရက်ဇ်ဟာ ဘေးလ် ကိုရောင်းချသွားဖို့အဆင်သင့်ဖြစ်နေပြီး မန်ယူအသင်းနဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ တင်ပြသွားခဲ့တာပါ။ အသက် (၂၉)နှစ်အရွယ် တိုက်စစ်ကစားသမားဟာ (၂၀၁၃)ခုနှစ်ကတည်းက ရီးယဲလ်အသင်းဆီရောက်ရှိခဲ့တာဖြစ်ပြီး ပေါင် (၈၆)သန်းနဲ့ပြောင်းရွှေ့ခဲ့တာပါ။

AP

ဆွာရက်ဇ် ။      ။ ဘာစီလိုနာအသင်းတိုက်စစ်မှူး ဆွာရက်ဇ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အဝေးကွင်းပွဲစဉ်တွေမှာ ဂိုးမသွင်းနိုင်တော့တာ ရက်ပေါင်း (၁၂၅၂)ရက်အထိ ရှိခဲ့ပြီလို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ အသက် (၃၂)နှစ်အရွယ် တိုက်စစ်မှူးဟာ (၂၀၁၅) စက်တင်ဘာက ရိုးမားနဲ့ ကစားခဲ့ရတဲ့အဝေးကွင်းပွဲစဉ်မှာ နောက်ဆုံး အဝေးဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး အဲဒီနောက်မှာတော့ ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်တွေမှာ ဂိုးပေါက်ပျောက်ဆုံးနေခဲ့တာပါ။ ဘာစီလိုနာရဲ့တိုက်စစ်မှာ ဆွာရက်ဇ် ၊ မက်ဆီ တို့ အသက်ရလာမှုနဲ့အတူ ပြဿနာတွေရင်ဆိုင်နေရပြီး ဆွာရက်ဇ်ကိုယ်တိုင်က သူ့နေရာမှာအစားထိုးဖို့ တိုက်စစ်မှူးတစ်ယောက်ကို ခေါ်ယူစေချင်ကြောင်း ဘာစီလိုနာ တာဝန်ရှိသူတွေကိုပြောဆိုထားခဲ့တာပါ။

Linn

Source : TheSun , Dailymail , Mirror

SHARE