၂၀-၉-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter "Mirror"

မန်ယူ ။ ။ မန်ယူအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ အက်စ်တာနာ အသင်းကို လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ်ရဲ့ သွင်းဂိုးတစ်ဂိုးတည်းနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ကို အထောင်ထားပြီး တာဟစ်ချောင်၊ ဂိုမက်ဇ် နဲ့ ဂရင်းဝုဒ်တို့ကို ကွင်းလယ်တိုက်စစ်ကစားသမားတွေအဖြစ် ကစားစေခဲ့တဲ့ ဆိုးလ်ရှားရဲ့တိုက်စစ်က ပထမပိုင်းမှာအလုပ်မဖြစ်ခဲ့ပဲ ဂိုမက်ဇ်နဲ့ တာဟစ်ချောင်တို့က အက်စ်တာနာကစားသမားတွေကို ကျော်ဖြတ်ဖို့ ခက်ခက်ခဲခဲကြိုးစားနေခဲ့ရပါတယ်။ ဒုတိယပိုင်းမှာမှ သူတို့နှစ်ဦးရဲ့နေရာကို လင်ဂတ်၊ မာတာ တို့ဝင်လာခဲ့လို့ မန်ယူကစားပုံပိုကောင်းသွားခဲ့ပြီး (၇၃)မိနစ်မှာ ဂရင်းဝုဒ်က မန်ယူအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းပေးခဲ့တာပါ။

အာဆင်နယ် ။   ။ ပရီးမီးယားလိဂ်မှာ ရလဒ်တွေဆိုးနေတဲ့ အာဆင်နယ်အသင်းကလည်း ဂျာမန်အသင်း ဖရန့်ဖတ်ကို (၀-၃)နဲ့ နိုင်ပြီး ယူရိုပါလိဂ်မှာ အဖွင့်လှသွားခဲ့ပါတယ်။ အူဘာမီယန်းကိုအထောင်ထားခဲ့ပြီး အင်္ဂလန်လူငယ်ကစားသမားလေးတွေဖြစ်ကြတဲ့ ၀ီလ်လော့ခ် ၊ စမစ်ရိုဝီ နဲ့ ဆာကာ တို့ကို ကွင်းလယ်တိုက်စစ်အဖြစ် ကစားစေခဲ့တဲ့ အမ်မရီရဲ့ ကစားကွက်က အလုပ်ဖြစ်ခဲ့ပြီး ပွဲချိန် (၃၈)မိနစ်မှာ ၀ီလ်လော့ခ်က အာဆင်နယ်အတွက် ဦးဆောင်ဂိုးသွင်းပေးခဲ့တာပါ။ ပွဲချိန် (၇၉)မိနစ်မှာ ဖရန့်ဖတ်ကွင်းလယ်လူ ဒိုမီနစ် ခိုအာ တစ်ယောက် နှစ်ဝါတစ်နီနဲ့ ထွက်သွားခဲ့ရလို့ ဖရန့်ဖတ်တို့ ပိုမိုအားနည်းသွားခဲ့ပြီး ပွဲချိန် (၈၅)မိနစ်မှာ ဆာကာ ရဲ့သွင်းဂိုး၊ ပွဲချိန် (၈၇)မိနစ်မှာ အူဘာမီယန်းရဲ့သွင်းဂိုးတွေကို ခွင့်ပြုခဲ့ရတာပါ။

အိုဒွိုင်း ။         ။ ချယ်လ်ဆီးအသင်းဟာ လူငယ်တောင်ပံကစားသမားလေး အိုဒွိုင်းကို တစ်ပတ်လုပ်ခ ပေါင် (၁၈၀၀၀၀)နဲ့ (၅)နှစ်စာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။ နည်းပြ ဆာရီလက်ထက်တုန်းက ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့တဲ့ ကစားသမားဟာ (၂၀၂၄)ခုနှစ်အထိ ချယ်လ်ဆီးအသင်းမှာရှိနေတော့မှာဖြစ်ပြီး သူ့ရဲ့အပြောင်းအရွှေ့ ပုံပြင်တွေကို အဆုံးသတ်လိုက်ပါပြီ။

READ
(၁၄-၃-၁၈)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

 

ဝုဗ် ။    ။ ပရီးမီးယားလိဂ်မှာ အဆင့်(၁၉)နေရာမှာ ရပ်တည်နေပြီး ရလဒ်တွေဆိုးနေတဲ့ ၀ုဗ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ်အိမ်ကွင်းပွဲစဉ်မှာလည်း ဘရာဂါအသင်းကို (၀-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့လို့ နည်းပြ ဆန်တို တစ်ယောက် ရာထူးကနေ ထွက်ရတော့မယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်မှာ သရေပွဲ(၃)ပွဲနဲ့ ရှုံးပွဲ(၂)ပွဲ ရရှိထားတဲ့ ၀ုဗ်ရဲ့ရလဒ်ပိုင်းကို ပရိသတ်တွေကလည်း စိတ်ပျက်နေကြပြီး အသင်းဘုတ်အဖွဲ့အနေနဲ့ အပြောင်းအလဲတစ်ခုခု ပြုလုပ်သွားဖို့ရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

ဖရက်ဒ် ။         ။ မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ မန်ယူတိုက်စစ်ကစားသမားတွေရဲ့ အဆုံးသတ် ညံ့ဖျင်းမှုကို ပရိသတ်တွေ ဝေဖန်ခဲ့ကြပေမယ့် ကွင်းလယ်မှာ ပွဲထွက်ကစားခဲ့တဲ့ ဖရက်ဒ်ရဲ့ခြေစွမ်းကိုတော့ ပရိသတ်တွေက ချီးကျူးခဲ့ကြပါတယ်။ တွစ်တာပေါ်မှာ မန်ယူပရိသတ်တွေက ဖရက်ဒ်ရဲ့ခြေစွမ်းနဲ့ပတ်သက်လို့ ချီးကျူးခဲ့ကြပြီး ဖရက်ဒ်ဟာ မန်ယူကွင်းလယ်ကို ထိန်းကျောင်းပေးခဲ့တဲ့ အဓိက ကစားသမားဖြစ်ခဲ့တယ်လို့ မှတ်ချက်တွေရေးခဲ့ကြတာပါ။ ဖရက်ဒ်ဟာ အဲဒီပွဲစဉ်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ဖန်တီးပေးခဲ့သူလည်း ဖြစ်ပါတယ်။

READ
၅-၁၂-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ရီးယဲလ် ။        ။ ရီးယဲလ်အသင်းအနေနဲ့ ဇီဒန်းကို ထုတ်ပယ်ခဲ့မယ်ဆိုရင် ယူရိုသန်း(၄၀)လောက်အထိ လျော်ကြေးပေးရဖို့ရှိနေတယ်လို့ Marca က ဖော်ပြပါတယ်။ ဇီဒန်းဟာ လက်ရှိမှာ တစ်နှစ်လုပ်ခ ယူရို (၁၃)သန်းအထိ ရရှိထားသူဖြစ်ပြီး သူ့ရဲ့(၃)နှစ်ခွဲ စာချုပ်ကြောင့် ရီးယဲလ်အနေနဲ့ စာချုပ်လျော်ကြေး (၃)နှစ်စာ ကို ဇီဒန်းအတွက် ပေးချေသွားရမှာပါ။

Linn

Source : TheSun , Goal , Mirror

SHARE