၂၃-၁၁-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Mirror

မော်ရင်ဟို ။     ။ စပါးအသင်းနည်းပြသစ် မော်ရင်ဟို ဟာ စပါးအသင်းဂျာစီကြီးဝတ်ဆင်ပြီး လန်ဒန်မြို့ထဲမှာ လှည့်ပတ်သွားနေပုံကို မီဒီယာတွေက ဖော်ပြနေကြပါတယ်။ လန်ဒန်မြို့ခံအသင်းတစ်သင်းဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့နည်းပြဟောင်းဟာ ဒီနေ့မှာတော့ ပြိုင်ဖက်အသင်းနည်းပြအဖြစ် ပြန်လည်ရောက်ရှိလာခဲ့ပြီး စပါးအသင်းဂျာစီနဲ့ လန်ဒန်မြို့အတွင်းမှာ မြင်တွေ့နေရတာဟာ ချယ်လ်ဆီး ပရိသတ်တွေအတွက် နာကျည်းဖွယ်ဖြစ်တယ်လို့ မှတ်ချက်ပေးမှုတွေလည်း ရှိနေပါတယ်။

ဆာဗေ့ခ်ျ ။       ။ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွက် ရော်ဘီဆာဗေ့ခ်ျရဲ့ ခန့်မှန်းချက်မှာတော့ မန်ယူအသင်းက ရှက်ဖီးအသင်းကို သရေသာ ကစားနိုင်လိမ့်မယ်လို့ ခန့်မှန်းလိုက်ပြီး နည်းပြသစ် မော်ရင်ဟိုရဲ့ စပါးအသင်းကလည်း ၀က်စ်ဟမ်းကို ရှုံးနိမ့်သွားလိမ့်ဦးမယ်လို့ ခန့်မှန်းလိုက်ပါတယ်။ ဒါ့အပြင် ခြေစွမ်းအနည်းငယ် ကျဆင်းနေတဲ့ မန်စီးတီးကို ချယ်လ်ဆီးအသင်းက အနိုင်ရသွားလိမ့်မယ်လို့ ခန့်မှန်းထားပြီး အာဆင်နယ်လည်း အိမ်ကွင်းမှာ နိုင်ပွဲပြန်ရလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

ဆွာရက်ဇ် ။      ။ လီဗာပူးလ်အသင်းတိုက်စစ်မှူးဟောင်း ဆွာရက်ဇ်က လီဗာပူးလ်ဟာ အမှတ်ပေးဇယားကို အမှတ်တွေဖြတ်ထားပြီး ဦးဆောင်နေပေမယ့် လက်ရှိအခြေအနေအရတော့ ဘာမှ သေချာပြောလို့မရသေးကြောင်း မှတ်ချက်ပေးလိုက်ပါတယ်။ လီဗာပူးလ်ဟာ ပြီးခဲ့တဲ့ ရာသီကလည်း အလားတူ အခြေအနေမျိုးနဲ့ ကြုံခဲ့ပြီး မန်စီးတီးကပဲ နောက်ဆုံးမှာ ဆုဖလားရရှိသွားခဲ့တယ်ဆိုတာကို ဆွာရက်ဇ်က ထောက်ပြခဲ့ပြီး လီဗာပူးလ်ရဲ့ လက်ရှိရာသီကစားပုံနဲ့ လူစာရင်းက အကောင်းဆုံး ပုံစံမှာတော့ ရှိနေကြောင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။

ဇီဒန်း ။ ။ ရီးယဲလ်အသင်းနည်းပြ ဇီဒန်းက ဝေးလ်အသင်း ပရိသတ်တွေဟာ ဂါရက်ဘေးလ်ကို အငြင်းပွားဖွယ်စာသားတွေပါတဲ့ အလံနဲ့  ကြိုဆိုခဲ့ပေမယ့်လည်း ရီးယဲလ်ပရိသတ်တွေကတော့ အဲဒီအတွက် အမုန်းပွားနေမှာမဟုတ်ဘူးလို့ မှတ်ချက်ပေးလိုက်ပါတယ်။ ဝေးလ်အသင်း ပရိသတ်တွေဟာ ယူရို ခြေစစ်ပွဲစဉ်မှာ မက်ဒရစ်မှာဂေါက်သီးပဲကစားနေ ဆိုတဲ့ အဓိပ္ပာယ်ရှိတဲ့ စာသားတွေကို ရိုက်နှိပ်ဖော်ပြခဲ့ပြီး ဇီဒန်းက အဲဒီအပေါ်မှတ်ချက်ပေးလိုက်တာပါ။ ဇီဒန်းက ရီးယဲလ်အသင်းပရိသတ်တွေဟာ ဘေးလ်ကို ဆက်လက်ပြီး အားပေးနေကြလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

အေစီ ။ ။ အေစီမီလန်အသင်းနည်းပြ ပီအိုလီ က အသင်းဆီကို တိုက်စစ်မှူး မိုဗစ်ရောက်လာမယ်ဆိုတဲ့ သတင်းတွေကြောင့် စိတ်လှုပ်ရှားမိပေမယ့် ဇန်န၀ါရီမှာ အေစီမီလန်အနေနဲ့ ကစားသမားသစ်တွေ ခေါ်ဖို့ အစီအစဉ်မရှိသေးကြောင်း ပြောဆိုလိုက်ပါတယ်။

READ
ပြိုင်ဘက်ကွင်းလယ်ကစားသမားတွေထက်စွမ်းဆောင်ရည်သာလွန်နေတဲ့ ဖာဘရီဂက်စ်

ချယ်လ်ဆီး ။     ။ ချယ်လ်ဆီးအသင်းပိုင်ရှင် အေဗရာမိုဗစ် အနေနဲ့ ချယ်လ်ဆီးအသင်းကို ရောင်းချဖို့ ဆွေးနွေးနေတယ်ဆိုတဲ့ သတင်းတွေဟာ မဟုတ်မှန်ကြောင်း တယ်လီဂရပ်က ဖော်ပြပါတယ်။ (၂၀၀၃) ခုနှစ်ကတည်းက ချယ်လ်ဆီးအသင်းကို ၀ယ်ယူထားခဲ့တဲ့ ရုရှားဘီလီယံနာ ဟာ အသင်းအပေါ် အပြည့်အ၀ တာဝန်ယူနေဆဲဖြစ်ပြီး အသင်းရဲ့ ပွဲစဉ်တွေကိုလည်း စောင့်ကြည့်နေဆဲဖြစ်တယ်လို့ တယ်လီဂရပ်က ဖော်ပြခဲ့တာပါ။

Linn

Source : TheSun , Goal , Mirror

SHARE