၂၃-၆-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

(AP Photo/Andre Penner)

ဘရာဇီး ။        ။ ဘရာဇီးအသင်းဟာ ဒီနေ့ နံနက်ပိုင်းက ကစားခဲ့တဲ့ ကိုပါအမေရိကဖလား အုပ်စုနောက်ဆုံးပွဲစဉ်မှာ ပီရူးအသင်းကို (၅-၀)ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူပြီး နောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ်တုန်းက ဗင်နီဇွဲလားအသင်းကို သရေသာ ကစားနိုင်ခဲ့တဲ့ ဘရာဇီးအသင်းဟာ ပွဲချိန် (၁၂)မိနစ်မှာတင် ကာဆီမီယိုရဲ့ ဦးဆောင်ဂိုးနဲ့ စတင်ခဲ့တာဖြစ်ပြီး ပွဲချိန် (၁၉)မိနစ်မှာ ဖာမီနို ၊ ပွဲချိန် (၃၂)မိနစ်မှာ အဲဗာတန် တို့က ဂိုးတွေသွင်းယူပေးခဲ့လို့ ပထမပိုင်းမှာတင် (၃-၀)ဂိုးနဲ့ နိုင်နေခဲ့တာပါ။ ပွဲချိန် ဒုတိယပိုင်းမှာလည်း အဲလ်ဗက်စ်ရဲ့ဂိုး၊ မိနစ်(၉၀)မှာ ၀ီလီယံရဲ့ဂိုးတွေ ထပ်မံရရှိခဲ့တာကြောင့် ပွဲအပြီးမှာ ဂိုးပြတ်နိုင်ပွဲတစ်ပွဲနဲ့ ကွာတားဖိုင်နယ်အဆင့်ဆီ တက်လှမ်းသွားနိုင်ခဲ့တာပဲဖြစ်ပါတယ်။

ရော်နယ်ဒို ။     ။ ဂျူဗင်တပ်စ်အသင်းနည်းပြသစ် ဆာရီ က လာမယ့်ရာသီသစ်မှာ တိုက်စစ်မှူး ရော်နယ်ဒို ကို နေရာပြောင်းလဲပြီးကစားဖို့ ဆွေးနွေးခဲ့တယ်လို့ Goal က ဖော်ပြပါတယ်။ ဆာရီက သူ့ရဲ့ကစားကွက်မှာ ရော်နယ်ဒိုကို ကွင်းလယ်အထိ ဘောလုံးဆင်းယူတာမျိုး၊ တောင်ပံမှာကစားစေတာမျိုး မဖြစ်စေချင်ပဲ အထောင်တိုက်စစ်မှူး သီးသန့်အဖြစ်သာ အသုံးပြုသွားချင်နေတာဖြစ်တယ်လို့ ဖော်ပြခဲ့တာပါ။

Twitter

ဆိုးလ်ရှား ။      ။ မန်ယူအသင်းနည်းပြဆိုးလ်ရှားဟာ လင်ဂတ်ရဲ့ ဆိုရှယ်မီဒီယာပေါ်က ဗီဒီယို ပေါ်ပေါက်လာပြီးနောက် လာမယ့်ရာသီသစ်မှာ မန်ယူကစားသမားတွေအတွက် စည်းကမ်းချက်အသစ်တွေ ထုတ်ဖို့ ပြင်ဆင်နေပါပြီ။ ဒီ စည်းကမ်းချက်တွေထဲမှာ ဆိုရှယ်မီဒီယာအသုံးပြုမှုနဲ့ ပတ်သက်တာတွေ၊ အ၀တ်လဲခန်းထဲမှာ နေထိုင်မှုနဲ့ ပတ်သက်တာတွေနဲ့ စီနီယာကစားသမားတွေကို လေးစားမှုရှိဖို့ စတာတွေ ပါဝင်မှာဖြစ်ပြီး လာမယ့်ရာသီမှာ မန်ယူအသင်းကို ပိုမိုတင်းကျပ်တဲ့ပုံစံမျိုးနဲ့ ကိုင်တွယ်သွားဖို့ စီစဉ်နေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

READ
၇-၃-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ပဲလေ့စ် ။         ။ မန်စီးတီးအသင်းပိုင်ရှင်ဟောင်း သက်ဆင် ပါဝင်တဲ့ စီးပွားရေးလုပ်ငန်းစု တစ်ခုဟာ ပဲလေ့စ်အသင်းကို ပေါင်သန်း(၃၅၀)နဲ့ ၀ယ်ယူဖို့ ဆွေးနွေးမှု ပြုလုပ်နေတယ်လို့ TheSun  က ဖော်ပြပါတယ်။ မန်စီးတီးအသင်းကို (၂၀၀၈)ခုနှစ်တုန်းက ၀ယ်ယူခဲ့ဖူးတဲ့ ထိုင်းဝန်ကြီးချုပ်ဟာ ပရီးမီးယားလိဂ်ကလပ်အသင်း တစ်သင်းကို ထပ်မံပိုင်ဆိုင်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး အမေရိကန် စီးပွားရေးလုပ်ငန်းရှင် (၃)ယောက်က သူနဲ့အတူ လက်တွဲပြီး ၀ယ်ယူဖို့ စီစဉ်နေကြတာပါ။

 

ဆာနေး ။        ။ မန်စီးတီးအသင်းကွင်းလယ်ကစားသမား ဆာနေး က ဘိုင်ယန်အသင်းဟာ ၎င်းကိုခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီဖြစ်ကြောင်း အသင်းဖော်တွေကို ပြောဆိုသွားခဲ့ပါတယ်။ အသက် (၂၃)နှစ်အရွယ် တောင်ပံကစားသမားအတွက် မန်စီးတီးအသင်းက ပေါင်သန်း(၉၀)အထိ အလိုရှိနေပြီး လက်ရှိမှာ ဆာနေးနဲ့မန်စီးတီးရဲ့ စာချုပ်သက်တမ်းက (၂)နှစ်အထိ ကျန်ရှိနေသေးတာပါ။

READ
(၇-၃-၁၈)အတွက် ညနေခင်းပိုင်း ဦးဦးဖျားဖျား အားကစားသတင်းများ
(AP Photo/Martin Meissner)

မန်ယူ ။ ။ မန်ယူအသင်းရဲ့ ဂျာစီစပွန်ဆာကုမ္ပဏီဖြစ်တဲ့ Adidas ကုမ္ပဏီဟာ အသင်းရဲ့ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကို ဆက်လက်ထိန်းသိမ်းထားဖို့ မန်ယူအသင်းတာဝန်ရှိသူတွေကို တိုက်တွန်းနေကြောင်း Daily Mirror က ဖော်ပြပါတယ်။ မန်ယူအသင်းနဲ့ ပေါင်သန်း(၇၅၀)တန် စာချုပ် ချုပ်ဆိုထားတဲ့  Adidas ကုမ္ပဏီဟာ အသင်းရဲ့ပုံရိပ်အဖြစ် ပေါ့ဂ်ဘာကို ဆက်လက်ရှိစေချင်နေတာဖြစ်ပြီး လက်ရှိအနေအထားအရ မန်ယူအနေနဲ့ ပေါ့ဂ်ဘာကိုရောင်းထုတ်ဖို့ ခက်ခဲသွားပြီလို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

Linn

Source : TheSun , Goal , Mirror

SHARE