၃၁-၁-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ချယ်လ်ဆီး ။     ။ ချယ်လ်ဆီးအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘုန်းမောက်အသင်းကို (၄-၀)ဆိုတဲ့ အံ့အားသင့်ဖွယ် ဂိုးရလဒ်မျိုးနဲ့ ရှုံးနိမ့်သွားခဲ့ရပါတယ်။ မားကို့စ်အလွန်ဆို နေရာမှာ အီမာဆင် ပါဝင်ခဲ့တာကလွဲရင် ချယ်လ်ဆီးဟာ အကောင်းဆုံးလူစာရင်းကို ပွဲထုတ်ခဲ့တာဖြစ်ပြီး တိုက်စစ်မှာ ဟီဂူအင် ၊ ဟာဇက်နဲ့ ပက်ဒရို တို့ကို ပွဲထွက်စေခဲ့တာပါ။ ပွဲစဉ်တစ်လျှောက်မှာ ချယ်လ်ဆီးအသင်းကပဲ ဖိကစားခဲ့ပြီး ဂိုးကန်သွင်းခွင့်တွေလည်း ရခဲ့ပေမယ့် တိုက်စစ်မှူးတွေ ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ပဲ ဘုန်းမောက်က ရတဲ့အခွင့်အရေးတိုင်းကို ဂိုးအဖြစ် ပြောင်းလဲသွားနိုင်ခဲ့တာပါ။ ဘုန်းမောက်အသင်းအတွက် သွင်းဂိုးတွေကိုတော့ ပွဲချိန် (၄၇)နဲ့ (၇၄)မိနစ်တွေမှာ ဂျိုရှုဝါကင်း ၊ ပွဲချိန် (၆၃)မိနစ်မှာ ဘရွတ်ခ်နဲ့ ပွဲချိန် (၉၅)မိနစ်မှာ ဒန်နီယယ်စ်တို့က သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ် ။     ။ ဂျာဂန်ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းကလည်း သူတို့ရဲ့ အိမ်ကွင်းမှာ လက်စတာအသင်းကို တစ်ဂိုးစီ သရေသာ ကစားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ်မှာ မန်စီးတီးအသင်း ရှုံးပွဲကြုံထားခဲ့ရတာကြောင့် ဒီပွဲကိုသာ အနိုင်ရရင် (၇)မှတ်အထိ ပြတ်ပြီး ချန်ပီယံဆုအတွက် အခြေအနေကောင်းသွားမှာဖြစ်ပေမယ့် လီဗာပူးလ်ကစားသမားတွေကတော့နိုင်ပွဲတစ်ပွဲကို မဖော်ဆောင်နိုင်ခဲ့ကြပါဘူး။ လီဗာပူးလ်ရဲ့ခံစစ်မှာ ဗန်ဒိုက် ပါဝင်လာခဲ့ပြီး ရှာကွီရီလည်း ပွဲထွက်ခဲ့တာပါ။ ပွဲအစ (၃)မိနစ်မှာတင် မာနေးရဲ့ သွင်းဂိုးနဲ့ လီဗာပူးလ်တို့ ဦးဆောင်နိုင်ခဲ့လို့ ဒီပွဲမှာ အမှတ်ပြည့်ရပြီလို့ ထင်ခဲ့ကြပေမယ့် လက်စတာအသင်းရဲ့ တန်ပြန်တိုက်စစ်တွေကို အသည်းအသန်ကာကွယ်နေခဲ့ရပြီး ပထမပိုင်းပြီးခါနီး နာကျင်အချိန်ပိုမှာ မက်ဂွိုင်းယားက လက်စတာအတွက် ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူပေးသွားခဲ့ပါတယ်။ ပွဲချိန် ဒုတိယပိုင်းမှာ လယ်လာနာ ၊ ဖာဘင်ဟို ၊ စတူးရစ်ခ်ျတို့ ၀င်လာခဲ့ပေမယ့်လည်း လိုအပ်နေတဲ့ အနိုင်ဂိုးတစ်ဂိုးကို မသွင်းယူနိုင်ခဲ့ပဲ အိမ်ကွင်းမှာ ရမှတ်(၁)မှတ်သာ စုဆောင်းနိုင်ခဲ့တာဖြစ်ပါတယ်။

READ
၇-၉-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
AFP

ဘာစီလိုနာ  ။   ။ ဘာစီလိုနာအသင်းဟာ ကိုပါဒယ်ရေးဖလား ကွာတားဖိုင်နယ်ပွဲစဉ်ရဲ့ ဒုတိယအကျော့မှာ ဆီးဗီးလားအသင်းကို (၆-၁)ဆိုတဲ့ရလဒ်နဲ့ ဂိုးပြတ်သွင်းပြီး ချေမှုန်းလိုက်ပါတယ်။ ပထမအကျော့၊ ဆီးဗီးလားအသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားစဉ်တုန်းက (၂-၀)ရလဒ်နဲ့ အရှုံးပေးထားရတဲ့ ဘာစီလိုနာ ဟာ ဒီပွဲစဉ်မှာတော့ မက်ဆီ ၊ ဆွာရက်ဇ်နဲ့ ကော်တင်ဟို တို့ကို တိုက်စစ်မှာ ထည့်သွင်းသွားခဲ့တာပါ။ ဒီပွဲမှာ ဘာစီလိုနာအတွက် ခြေစွမ်းပြခဲ့တဲ့ ကစားသမားကတော့ ကော်တင်ဟိုပဲ ဖြစ်ပြီး ဘာစီလိုနာမှာ အံဝင်ဖို့ ရုန်းကန်နေရတယ်ဆိုတဲ့ ကွင်းလယ်လူဟာ သွင်းဂိုး (၂) ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းအတွက် သွင်းဂိုးတွေကို ပွဲချိန် (၁၃)မိနစ်နဲ့ (၅၃)မိနစ်တွေမှာ ကော်တင်ဟို ၊ ပွဲချိန် (၃၁)မိနစ်မှာ ရာကီတစ် ၊ ပွဲချိန် (၅၄)မိနစ်မှာ ရော်ဘတ်တို ၊ ပွဲချိန် (၈၉)မိနစ်မှာ ဆွာရက်ဇ် နဲ့ ပွဲချိန် (၉၂)မိနစ်မှာ မက်ဆီ တို့က သွင်းယူပေးခဲ့တာပါ။ ပွဲချိန် (၂၇)မိနစ်မှာ ဆီးဗီးလားအသင်း ပင်နယ်တီရခဲ့ပေမယ့်လည်း ကွင်းလယ်လူ ဘာနီဂါ လွဲချော်သွားခဲ့ပါတယ်။ ဆီးဗီးလားအတွက် တစ်လုံးတည်းသော ချေပဂိုးကို ပွဲချိန် (၆၇)မိနစ်မှာ အာရာနာ က သွင်းယူပေးခဲ့တာပါ။

READ
ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို မန်ယူ၊ချယ်လ်ဆီးအပါအဝင် ဥရောပအသင်းကြီး၅သင်း စိတ်ဝင်စားနေ
AP

ဂျူဗင်တပ်စ် ။    ။ ဂျူဗင်တပ်စ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ကိုပါအီတာလီယာဖလား ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်မှာ အတ္တလန္တာအသင်းကို (၃-၀)ဂိုးနဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ရပါတယ်။ ဂျူဗင်တပ်စ်ဟာ ပုံမှန်ပွဲထွက်လူစာရင်းမှာ (၂)နေရာသာ အပြောင်းအလဲလုပ်ခဲ့ပြီး ကန်ဆယ်လိုနဲ့ ပီဂျာနစ် တို့နေရာမှာ ဒီဆစ်ဂလီယိုနဲ့ ဘန်တန်ကာ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းပွဲချိန်အတွင်းမှာပဲ ဂျူဗင်တပ်စ်တို့ ဦးဆောင်ဂိုး(၂)ဂိုးပေးခဲ့ရပြီး ပွဲချိန် (၃၇)မိနစ်မှာ ကက်စတာနီ ၊ ပွဲချိန် (၃၉)မိနစ်မှာ ဇပါတာ တို့က သွင်းယူခဲ့ကြတာပါ။ ရော်နယ်ဒို ဦးဆောင်တဲ့ ဂျူဗင်တပ်စ်တိုက်စစ်ပိုင်းက ဂိုးရဖို့ ကြိုးစားခဲ့ကြပေမယ့် တကယ်တမ်းဂိုးရသွားတာက အိမ်ရှင်အသင်းပဲဖြစ်ပြီး ပွဲချိန် (၈၆)မိနစ်မှာ တစ်ပွဲလုံး ခြေစွမ်းပြနေတဲ့ ဇပါတာ ကပဲ တတိယမြောက်အနိုင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

DailyMail

ဆာရီ ။ ။ ချယ်လ်ဆီးအသင်းနည်းပြ ဆာရီ က ဘုန်းမောက်အသင်းကို ရှုံးနိမ့်ခဲ့ရခြင်းဟာ သူ့ရဲ့အမှားကြောင့် ဖြစ်ကြောင်းနဲ့ သူ့အနေနဲ့ ကစားသမားတွေကို စိတ်ဓာတ်တက်ကြွအောင် လုပ်မပေးနိုင်ခဲ့ကြောင်း ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။ ဆာရီဟာ ဘုန်းမောက်ကို (၄-၀)နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီး ချယ်လ်ဆီးအ၀တ်လဲခန်းထဲမှာ ကစားသမားတွေနဲ့ တစ်နာရီလောက်ကြာအောင် စကားပြောခဲ့ပြီး အသင်းရဲ့အခြေအနေတွေနဲ့ ပတ်သက်လို့ အဖြေရှာခဲ့ကြပါတယ်။ ချယ်လ်ဆီးအသင်းပရိသတ်တွေကလည်း ဆာရီကို ပထမဆုံးအကြိမ်အဖြစ် လှောင်ပြောင်ခဲ့ကြပြီး ဆာရီရဲ့ လူစားလဲမှုတွေကို အော်ဟစ်လှောင်ပြောင်ခဲ့ကြပါတယ်။

Linn

Source : TheSun , Dailymail , Soccerway

SHARE