၎-၁-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

မန်စီးတီး ။       ။ မန်စီးတီးအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်မှာ (၂-၁)ဂိုးနဲ့ အနိုင်ယူပြီး အမှတ်ပေးဇယားရဲ့ ဒုတိယနေရာကို ပြန်လည်ရယူလိုက်ပါတယ်။ လီဗာပူးလ်အသင်းအတွက်ကတော့ ဒီရှုံးပွဲကြောင့် ဒီရာသီရဲ့ ပရီးမီးယားလိဂ်ရှုံးပွဲမရှိစံချိန်ကို ရပ်တန့်သွားစေခဲ့ပြီး ချန်ပီယံဆုအတွက် ဖိအားလည်း ရှိသွားခဲ့တာပါ။ မန်စီးတီးအသင်းက ပွဲချိန် ပထမပိုင်း မိနစ် (၄၀)မှာ အဂွီရိုရဲ့ သွင်းဂိုးတစ်ဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် ပွဲချိန် (၆၄)မိနစ်မှာ ဖာမီနိုက ပြန်လည်ချေပပေးခဲ့တာပါ။ ပွဲချိန် (၇၂)မိနစ်မှာတော့ မန်စီးတီးအတွက် ဆာနေးက ဒုတိယမြောက်သွင်းဂိုးကို သွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ မန်စီးတီးတို့ (၂-၁)ဂိုးနဲ့ အနိုင်ရရှိသွားခဲ့တာပါ။ မန်စီးတီးဟာ ဒီနိုင်ပွဲကြောင့် အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးလ်နဲ့ (၄)မှတ်သာ ကွာတော့တဲ့ အနေအထားကိုရောက်ရှိသွားခဲ့ပြီး ချန်ပီယံဆုအတွက် အကျိတ်အနယ်ယှဉ်ပြိုင်ရတော့မယ့် အခြေအနေကိုရောက်ရှိသွားခဲ့ပါတယ်။

ရမ်ဆေး ။        ။ ဂျူဗင်တပ်စ်အသင်းဟာ ဒီရာသီကုန်ရင် အာဆင်နယ်အသင်းကနေ ထွက်ခွာမယ့် ရမ်ဆေးကို ခေါ်ယူဖို့ အကြိုသဘောတူညီမှု စာချုပ် ချုပ်ဆိုနိုင်ခဲ့ပါပြီ။ ဂျူဗင်တပ်စ်ဟာ ရမ်ဆေးကို တစ်ပတ်လုပ်ခ ပေါင် (၁၄၅၀၀၀)ပေးရမှာဖြစ်ပြီး (၄)နှစ်စာချုပ်နဲ့ ခေါ်ယူသွားဖို့ အကြိုသဘောတူ စာချုပ် ရေးထိုးခဲ့ကြတာပါ။ အသက် (၂၈)နှစ်အရွယ် ကွင်းလယ်လူဟာ ရီးယဲလ်၊ ဘိုင်ယန်၊ ဂျူဗင်တပ်စ်နဲ့ PSG တို့အကြားမှာမှ ဂျူဗင်တပ်စ်အသင်းကို ရွေးချယ်ခဲ့တာဖြစ်ပြီး လာမယ့်ဘောလုံးရာသီမှာ သူ့ကို ဂျူဗင်တပ်စ်ကစားသမားတစ်ယောက်အဖြစ် မြင်တွေ့ကြရတော့မှာပါ။

READ
၃၀-၁၁-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
Twitter

ပိုချက်တီနို ။     ။ စပါးအသင်းနည်းပြ ပိုချက်တီနိုက သူ့အနေနဲ့ ကွင်းလယ်ကစားသမား အဲရစ်ဆင် ကို စပါးက ထွက်ခွာမသွားအောင် တားဆီးနိုင်စွမ်းမရှိဘူးလို့ ၀န်ခံလိုက်ပါတယ်။ (၂၀၂၀)ခုနှစ်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် အဲရစ်ဆင်ကို ရီးယဲလ်အသင်းက ခေါ်ယူဖို့ ချိတ်ဆက်နေတာဖြစ်ပြီး တစ်ပတ်ကို ပေါင် (၇၅၀၀၀)ရရှိနေတဲ့ ကွင်းလယ်ကစားသမားဟာ အသင်းကနေ ထွက်ခွာသွားဖို့ရှိနေတာပါ။ ပိုချက်တီနိုက အဲရစ်ဆင်ဟာ အသင်းရဲ့အဓိက ကစားသမားဖြစ်ပေမယ့်လည်း သူ့ရဲ့အနာဂတ်ကို သူကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

AFP

အိုဒွိုင်း ။         ။ ဘိုင်ယန်မြူးနစ်အသင်းဟာ ချယ်လ်ဆီးလူငယ်ကစားသမားလေး အိုဒွိုင်းအတွက် ပေါင်သန်း(၃၀)အထိ တိုးမြင့်ပေးပြီး ထပ်မံကမ်းလှမ်းလိုက်ပါတယ်။ အသက် (၁၈)နှစ်အရွယ်သာရှိသေးတဲ့ ချယ်လ်ဆီးကွင်းလယ်ကစားသမားလေးဟာ နည်းပြဆာရီရဲ့လက်ထက်မှာ ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်နေရပြီး ဒီရာသီမှာ အသင်းအတွက် (၆)ပွဲသာ ကစားပေးရသေးတာပါ။ ရာသီကုန်ရင် ရစ်ဘာရီ ကို လက်လွှတ်ရမယ့်အပြင်၊ ရမ်ဆေးကိုလည်း မခေါ်ယူနိုင်ခဲ့တဲ့နောက် ဘိုင်ယန်ရဲ့ပစ်မှတ်ဟာ ချယ်လ်ဆီးရဲ့ အိုဒွိုင်းဖြစ်လာခဲ့ပြီး တတိယအကြိမ်ကမ်းလှမ်းမှု ထပ်မံပြုလုပ်လိုက်တာပါ။ ဘိုင်ယန်ဟာ အိုဒွိုင်းအတွက် ပေါင် (၂၅)သန်း၊ (၂၈)သန်း တို့နဲ့ နှစ်ကြိမ်ကမ်းလှမ်းခဲ့ဖူးပြီး နှစ်ကြိမ်စလုံးကို ချယ်လ်ဆီးက ပယ်ချခဲ့ပါတယ်။

EPA

ဟီဂူအင် ။       ။ ချယ်လ်ဆီးအသင်းဟာ သူတို့အလိုရှိနေတဲ့ တိုက်စစ်ကစားသမား ဟီဂူအင်ကိုခေါ်ယူမယ့် အစီအစဉ်ကို လက်လျော့လိုက်ပါပြီ။ ဂျူဗင်တပ်စ်နဲ့ အေစီမီလန်တို့အကြား ပိုင်ဆိုင်မှု အရှုပ်အရှင်းဖြစ်နေတဲ့ အခြေအနေတွေက အဓိက ပြဿနာဖြစ်နေခဲ့ပြီး ချယ်လ်ဆီးအသင်းအနေနဲ့ နောက်ဆုတ်သွားခဲ့ပြီဖြစ်တယ်လို့ အသင်းရဲ့တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ချယ်လ်ဆီးဟာ ဆောက်သမ်တန်အသင်းကို သရေကျခဲ့တဲ့ ပွဲစဉ်အပြီးမှာ တိုက်စစ်မှူးတစ်ဦး ၀ယ်ယူဖို့အတွက် ဈေးကွက်ထဲ ၀င်ရောက်လာခဲ့ပေမယ့်လည်း ဟီဂူအင်ကိုတော့ ခေါ်ယူတော့မှာမဟုတ်ပါဘူး။

READ
မန်စီးတီး VS စပါး ပွဲကြိုသုံးသပ်ချက်
Twitter

မိုနာကို ။         ။ မိုနာကို အသင်းဟာ ရှော်လ်ကေးအသင်းရဲ့ ဘရာဇီးနောက်ခံလူ နယ်လ်ဒို ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်ပါတယ်။ အသက် (၃၆)နှစ်အရွယ် နောက်ခံကစားသမားဟာ (၂၀၂၀) ခုနှစ်အထိ မိုနာကိုနဲ့ စာချုပ် ချုပ်ဆိုခဲ့ပြီး နည်းပြ အွန်နရီရဲ့ ရာသီဝက်ခေါ်ယူမှု ဖြစ်လာခဲ့တာပါ။ နယ်လ်ဒို ဟာ ဒီရာသီမှာ ရှော်လ်ကေးအသင်းအတွက် (၇) ပွဲ ကစားပေးခဲ့ပြီးတဲ့နောက် အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာပါပဲ။ မိုနာကို ဟာ ချယ်လ်ဆီးကွင်းလယ်လူ ဖာဘရီဂက်စ်ကို ခေါ်ယူနိုင်ခဲ့ပြီလို့လည်း သတင်းတွေ ထွက်ပေါ်နေပါသေးတယ်။

ပါဗက် ။ ။ ဘာစီလိုနာအသင်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ စတုဂတ်နောက်ခံလူ ပါဗက် ကိုခေါ်ယူဖို့အတွက် အေးဂျင့်ဖြစ်သူနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီလို့ Di Marzio သတင်းစာက ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းနဲ့အတူ ခြေစွမ်းပြခဲ့တဲ့ နောက်ခံလူကို ဘိုင်ယန်အသင်းကလည်း အလိုရှိနေပြီး ဘာစီလိုနာအသင်းနဲ့အပြိုင် ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

Linn

Source : TheSun , Dailymail , Goal

SHARE