ဆာလာ ။ ။ အင်္ဂလိပ်ရေလက်ကြားမှာ ပျောက်ဆုံးသွားခဲ့တဲ့ ကာဒစ်ဖ်တိုက်စစ်မှူး ဆာလာရဲ့ လေယာဉ်အစိတ်အပိုင်းတွေကို ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း ရှာဖွေရေးပြုလုပ်နေသူတွေက အတည်ပြုလိုက်ပါတယ်။ ဆာလာ လိုက်ပါသွားတဲ့ Piper Malibu လေယာဉ်ရဲ့ အပျက်အစီးတွေကို ရေအောက်မှာ ရှာတွေ့ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆာလာရဲ့မိသားစုဆီ အကြောင်းကြားခဲ့ပြီး ဆယ်ယူနိုင်ဖို့ ပြုလုပ်နေပြီဖြစ်ပါတယ်။ ဆာလာရဲ့လေယာဉ်ပျောက်ဆုံးသွားချိန်မှာ ကမ်းလွန်ရဲတပ်ဖွဲ့ဝင်တွေက (၂)ရက်တာရှာဖွေမှု ပြုလုပ်ခဲ့ပြီးတဲ့နောက် ဆိုးရွားတဲ့ရာသီဥတုဒဏ်ကြောင့် ရှာဖွေရေးကို ရပ်နားခဲ့ကြတာပါ။ အဲဒီအတွက် ဘောလုံးသမားတွေနဲ့ ပရိသတ်တွေက ရန်ပုံငွေထည့်ဝင်ခဲ့ကြရပြီး လုံလောက်တဲ့ ငွေကြေးပမာဏရရှိခဲ့ကြလို့ ရှာဖွေရေးကို ပြန်လည်စတင်နိုင်ခဲ့ကြတာဖြစ်ပါတယ်။
PSG ။ ။ PSG အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ လိုင်ယွန်အသင်းနဲ့ ပွဲစဉ်မှာ ရှုံးပွဲကြုံခဲ့ရပြီးနောက် ဒီရာသီ လီဂူးပြိုင်ပွဲရဲ့ ပထမဆုံးရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရပြီ ဖြစ်ပါတယ်။ PSG အသင်းမှာ နေမာ မပါခဲ့တာကလွဲရင် ဘက်ပီ ၊ ကာဗာနီ တို့က တိုက်စစ်ကို ဦးဆောင်ခဲ့ကြပြီး ဒရက်စ်လာ ၊ ဒီမာရီယာ တို့က ကွင်းလယ်မှာ ပွဲထွက်ခဲ့ကြတာပါ။ ပွဲအစ (၇)မိနစ်မှာတင် PSG အသင်း ဦးဆောင်ဂိုးရခဲ့ပြီး ဒီမာရီယာက သွင်းယူပေးခဲ့ပေမယ့် ပွဲချိန် (၃၃)မိနစ်မှာ ဒမ်ဘီလီရဲ့ချေပဂိုး ၊ ပွဲချိန် (၄၉)မိနစ်မှာ ဖီကီယာ ရဲ့ ပင်နယ်တီဂိုးတွေကို ခွင့်ပြုခဲ့ရလို့ ပွဲအပြီးမှာ (၂-၁)ဂိုးနဲ့ အရှုံးပေးလိုက်ရတာဖြစ်ပါတယ်။

အဂွီရို ။ ။ မန်စီးတီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ပွဲစဉ်မှာ Hat-Trick သွင်းယူခဲ့တဲ့ မန်စီးတီးတိုက်စစ်မှူး အဂွီရိုက သူသွင်းယူခဲ့တဲ့ တတိယမြောက်ဂိုးဟာ လက်ထိဘောဖြစ်ကြောင်း ၀န်ခံ ပြောဆိုလိုက်ပါတယ်။အဂွီရို ဟာ ပွဲအစ (၄၈)စက္ကန့်မှာပဲ လာပေါ်တေးရဲ့ ဖြတ်တင်ဘောကို ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပြီး ၊ ပွဲချိန် (၄၄)မိနစ်နဲ့ (၆၁)မိနစ်တွေမှာ မန်စီးတီးအတွက် သွင်းဂိုးတွေကို ထပ်မံသွင်းယူပေးခဲ့ပါတယ်။ အဂွီရိုဟာ တတိယမြောက်သွင်းဂိုးကို ပိတ်သွင်းယူချိန်မှာ လက်နဲ့ထိပြီး ၀င်သွားခဲ့တာဖြစ်ပြီး အာဆင်နယ်အသင်းသားတွေ စောဒကတက်ခဲ့ကြပေမယ့် ကွင်းလယ်ဒိုင် မာတင်အက်ကင်ဆန်ကတော့ ဂိုးအဖြစ်ခွင့်ပြုသွားခဲ့တာပါ။

ဆိုးလ်ရှား ။ ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက အသင်းရဲ့ ကစားသမားတွေဖြစ်ကြတဲ့ ပေါ့ဂ်ဘာနဲ့ ရက်ရှ်ဖို့ဒ်တို့ကြားမှာ အကောင်းဆုံးနားလည်မှုတွေရှိနေပြီး တစ်ခါတစ်လေမှာ စိတ်ချင်းဆက်နွယ်နေကြသလားလို့တောင် ထင်မိတယ်လို့ ချီးကျူးလိုက်ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ လက်စတာအသင်းနဲ့ပွဲစဉ်မှာ ရက်ရှ်ဖို့ဒ်က မန်ယူအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး ပေါ့ဂ်ဘာက အဲဒီဂိုးကို လှလှပပ ဖန်တီးပေးခဲ့တာပါ။ ဆိုးလ်ရှားက ကစားသမားတွေအကြားက နားလည်မှုမြင့်မားခြင်းဟာ အသင်းနိုင်ပွဲတွေအတွက် အရေးပါကြောင်း ပြသလိုက်တာပဲဖြစ်တယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

လစ်စတိုင်နာ ။ ။ အာဆင်နယ်အသင်းပရိသတ်တွေဟာ မန်စီးတီးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ အသင်းနောက်ခံလူ လစ်စတိုင်နာ ရဲ့ ကစားပုံကို ဝေဖန်သွားခဲ့ကြပါတယ်။ ဆွစ်ဇာလန်အသင်းရဲ့ နောက်ခံကစားသမားဟာ မန်စီးတီးအသင်းရဲ့ သွင်းဂိုးတွေကို သူ့ဖက်ခြမ်းကနေ စတင်ခွင့်ပြုခဲ့ရတာဖြစ်ပြီး အဲဒီအတွက် ဝေဖန်ခြင်းခံနေရတာပါ။ အာဆင်နယ်ပရိသတ်တွေက လစ်စတိုင်နာ ဟာ အာဆင်နယ်ရဲ့ အဆိုးရွားဆုံးခေါ်ယူမှုဖြစ်ပြီး သူဟာ စတာလင် ပြေးတာကို အမှီမလိုက်နိုင်ပဲ ရပ်ကြည့်နေခဲ့ရတယ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။

Linn
Source : TheSun , Dailymail , Goal