၅-၂-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

လီဗာပူးလ် ။     ။ လီဗာပူးလ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပွဲစဉ်မှာ ၀က်စ်ဟမ်းအသင်းကို သရေသာ ကစားနိုင်ခဲ့တာကြောင့် အမှတ်ပေးဇယား ဒုတိယနေရာက မန်စီးတီးနဲ့ (၃)မှတ်သာ ကွာတော့တဲ့ အနေအထားကို ရောက်ရှိသွားခဲ့ပါတယ်။ လီဗာပူးလ်ရဲ့ကွင်းလယ်မှာ လယ်လာနာ ပါဝင်လာခဲ့တာကလွဲလို့ လူစုံခဲ့ပြီး ပွဲချိန် (၂၂)မိနစ်မှာ သွင်းယူခဲ့တဲ့ မာနေးရဲ့ သွင်းဂိုးနဲ့ ပြိုင်ပွဲကို အရင်ဆုံး ဦးဆောင်ခဲ့တာပါ။ ဒါပေမယ့် ပွဲချိန် (၂၈)မိနစ်မှာ ချေပဂိုးပြန်ပေးခဲ့ရပြီး အန်တိုနီယိုက ဖိလစ်ပီအန်ဒါဆင် ရဲ့ ဖန်တီးပေးမှုကနေ သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာ လီဗာပူးလ်အသင်း အခွင့်အရေးတွေ ရခဲ့ပေမယ့်လည်း အဓိက တိုက်စစ်မှူး ဆာလက် ခြေမပေါ်ခဲ့လို့ နိုင်ပွဲနဲ့ဝေးကွာခဲ့ရတာပါ။ လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်ကတော့ အသင်းရဲ့ ကစားပုံကြောင့် အားမရဖြစ်နေပြီး ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်ကို တစ်ချိန်လုံးဖိအားပေးနေတာကို ပရိသတ်တွေ မြင်တွေ့ခဲ့ရပါတယ်။

အာဆင်နယ် ။   ။ အာဆင်နယ်အသင်းရဲ့ သတင်းရင်းမြစ်တွေက အာဆင်နယ်သာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ရင် အပြောင်းအရွှေ့အတွက် အသုံးစရိတ် ပေါင် သန်း(၄၀) သာ ရရှိလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ လက်ရှိမှာ အမှတ်ပေးဇယားရဲ့ အဆင့်(၆)နေရာမှာ ရပ်တည်နေတဲ့ အာဆင်နယ်အတွက် ချန်ပီယံလိဂ်ဝင်ခွင့်က မသေချာသေးတဲ့အခြေအနေမှာရှိနေတာဖြစ်ပြီး အပြောင်းအရွှေ့အသုံးစရိတ် နည်းပါးမှုက နည်းပြ အမ်မရီ အတွက် ပြဿနာ ဖြစ်လာမှာပါ။ ဒီ အပြောင်းအရွှေ့မှာ ဆွာရက်ဇ်တစ်ယောက်ကိုသာ အငှားနဲ့ခေါ်ယူနိုင်ခဲ့တဲ့ အမ်မရီဟာ လာမယ့် အပြောင်းအရွှေ့ကာလမှာ ကစားသမား (၅) ဦးအထိ အနည်းဆုံးခေါ်ယူချင်နေပြီး အသင်းကို ပိုမိုတောင့်တင်းအောင် ပြုလုပ်ချင်နေတာဖြစ်ပါတယ်။

READ
မော်ရင်ဟိုမန်ယူသို့ပြောင်းရွှေ့ ခြင်းက မှန်ကန်တဲ့လုပ်ရပ်ဟုCarlo Cudiciniပြောကြား
REX

ကာရေဂါ ။       ။ လီဗာပူးလ်အသင်းနောက်ခံကစားသမားဟောင်း ကာရေဂါက ၀က်စ်ဟမ်းအသင်းနဲ့ပွဲစဉ်မှာ ထွက်ပေါ်ခဲ့တဲ့ရလဒ်ပိုင်းဟာ ကလော့ပ်ရဲ့ အပြောင်းအရွှေ့စီမံခန့်ခွဲမှု ညံ့ဖျင်းတာကို ပြသလိုက်တာပဲ ဖြစ်တယ်လို့ ဝေဖန်သွားခဲ့ပါတယ်။ ကာရေဂါ က ဇန်န၀ါရီကာလမှာ ကစားသမားမဖြည့်တင်းခဲ့တဲ့ လီဗာပူးလ်ရဲ့အခြေအနေကို အပြစ်တင်သွားခဲ့ပြီး ကလိုင်း လို ကစားသမားမျိုးကို လက်လွှတ်လိုက်တာကလည်း မှားယွင်းကြောင်း ဝေဖန်သွားခဲ့တာပါ။ ဒါ့အပြင် အသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်ကြတဲ့ ဖာမီနို ၊ ဆာလာ တို့ကလည်း သူတို့ကိုယ်သူတို့ ပျောက်ဆုံးနေတဲ့ ပုံစံမျိုးနဲ့ ကစားနေကြတယ်လို့ ကာရေဂါက မှတ်ချက်ပေးပါတယ်။

Twitter

ဟယ်ရီကိန်း ။   ။ စပါးအသင်းရဲ့တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ ဒဏ်ရာဟာ ဒေါ့တ်မွန်နဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမတိုင်မီ ပြန်ကောင်းလာဖို့ရှိနေတယ်လို့ အသင်းရဲ့ ဆေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ ပိုချက်တီနို ရဲ့ စပါးအသင်းဟာ ဖေဖော်ဝါရီ (၁၃) ရက်နေ့မှာ ဒေါ့တ်မွန်အသင်းနဲ့ ချန်ပီယံလိဂ်ရှုံးထွက်၊ ပထမအကျော့ပွဲစဉ်ကို ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ ဂိုး(၂၀) သွင်းထားခဲ့တဲ့ တိုက်စစ်မှူးဟာ စပါးအတွက် အရေးပါနေတာပါ။ ကိန်းရဲ့ ဒဏ်ရာဟာ မတ်လအတွင်းမှာမှ ပြန်လည်ကောင်းမွန်လာဖွယ်ရှိတယ်လို့ ဆေးအဖွဲ့က တွက်ချက်ထားခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာတော့ ဒဏ်ရာက ထင်ထားတာထက်ပိုပြီး မြန်မြန်ဆန်ဆန် သက်သာလာလို့ ဒေါ့တ်မွန်နဲ့ပွဲမှာ ပါဝင်နိုင်ဖွယ်ရှိနေတာပါ။

ဘာနာဒိုဆေးလ်ဗား ။    ။ မန်စီးတီးအသင်းရဲ့ ကွင်းလယ်ကစားသမား ဘာနာဒို ဆေးလ်ဗား က မန်စီးတီးကစားသမားတွေဟာ နိုင်ပွဲရချင်ရင် ဂွာဒီယိုလာရဲ့စကားကို နားထောင်ရမယ်လို့ မှတ်ယူထားကြကြောင်း ဖွင့်ဟလိုက်ပါတယ်။ ဆေးလ်ဗားက ဂွာဒီယိုလာ ဟာ နည်းစနစ်ပိုင်းကို လိုသလို ပြောင်းလဲနိုင်တဲ့ နည်းပြတစ်ယောက်ဖြစ်ပြီး သူ ညွှန်ကြားတဲ့အတိုင်း ကစားနိုင်ရင် ပြိုင်ပွဲကို အနိုင်ရဖို့ အခွင့်အရေး (၈၀) ရာခိုင်နှုန်းလောက် ရှိနေပြီဖြစ်ကြောင်း ပြောဆိုသွားခဲ့တာပါ။ ဒီတစ်ပတ် ကစားခဲ့တဲ့ အာဆင်နယ်နဲ့ပွဲစဉ်ကို ဂိုးပြတ်နိုင်ခဲ့တဲ့ မန်စီးတီးဟာ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးလ်နဲ့ (၃)မှတ်သာ ကွာတော့တာကြောင့် ချန်ပီယံဆုရရှိဖို့ မျှော်လင့်ချက်တွေ ပြန်လည်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

READ
၂-၉-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
AFP

ဟီဂူအင် ။       ။ ချယ်လ်ဆီးအသင်းတိုက်စစ်မှူးသစ် ဟီဂူအင် က နည်းပြ ဆာရီဟာ သူ့ကိုကွင်းထဲမှာ အကောင်းဆုံးဖြစ်အောင် ဘယ်လိုကစားစေရမလဲဆိုတာ သိတဲ့သူဖြစ်တယ်လို့ ချီးကျူးလိုက်ပါတယ်။ ဟက်ဒါဖီးအသင်းနဲ့ပွဲမှာ သွင်းဂိုး (၂) ဂိုး သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူးက သူ့ရဲ့စွမ်းဆောင်ရည်အတွက် ဂုဏ်ယူနေပြီး ဆာရီရဲ့နည်းစနစ်ပိုင်းကိုလည်း ချီးကျုးသွားခဲ့တာပါ။ ဟီဂူအင် က သူ့ရဲ့ ဘောလုံးသမားဘ၀မှာ အလုပ်ကောင်းကောင်းတွဲလုပ်လို့ရတဲ့ တစ်ဦးတည်းသောနည်းပြက ဆာရီပဲ ဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Linn

Source : TheSun , Goal , Dailymail

SHARE