၆-၁၂-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

မန်ယူ ။          ။ မန်ယူအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အာဆင်နယ်အသင်းနဲ့ (၂) ဂိုးစီ သရေကျသွားခဲ့ပါတယ်။ ပေါ့ဂ်ဘာ၊ လူကာကူ တို့ကို အရန်စာရင်းမှာသာထားပြီး ပွဲထွက်လာခဲ့တဲ့ မန်ယူဟာ ဇာခါမပါတဲ့ အာဆင်နယ်ကွင်းလယ်ကို အသာစီးရဖို့ ကြိုးစားခဲ့ပေမယ့်လည်း အာဆင်နယ်အသင်းရဲ့ ဦးဆောင်ဂိုးတွေကို အရင်ဆုံးခွင့်ပြုခဲ့ရပြီး အနောက်ကနေ လိုက်ကစားခဲ့ရတာပါ။ အာဆင်နယ်အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် (၂၆)မိနစ်မှာ မူစတာဖီက သွင်းယူပေးခဲ့တာဖြစ်ပြီး နောက်ထပ် (၄) မိနစ်အကြာမှာပဲ မာရှယ်က ချေပဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန် (၆၈)မိနစ်မှာ အာဆင်နယ်အသင်း ဦးဆောင်ဂိုးတစ်ကြိမ်ထပ်မံရရှိခဲ့ပြီး ရိုဟို က ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့တာပါ။ အာဆင်နယ်ရဲ့ ဦးဆောင်ဂိုးက တစ်မိနစ်ပဲကြာပြီး မန်ယူတိုက်စစ်ကစားသမား လင်ဂတ်က ပွဲချိန် (၆၉)မိနစ်မှာ ပြန်လည်ချေပသွားခဲ့တာပဲဖြစ်ပါတယ်။

ဆာရီ ။ ။ ချယ်လ်ဆီးအသင်းနည်းပြ ဆာရီက ၀ုဗ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ကစားသမားတွေရဲ့ခြေစွမ်းကို အားမရဖြစ်မိကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ ၀ုဗ်နဲ့ချယ်လ်ဆီးတို့ရဲ့ ပွဲစဉ်မှာ ၀ုဗ်အသင်းက (၂-၁)နဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ချယ်လ်ဆီးဟာ ပထမပိုင်း (၁၈)မိနစ်မှာ လော့ဖ်တပ်ချိခ်ရဲ့ ဦးဆောင်ဂိုးနဲ့ အသာရနေခဲ့ပေမယ့် ဒုတိယပိုင်းမှာ ချေပဂိုးရော၊ အနိုင်ဂိုးတွေကိုပါ ပေးလိုက်ရတာပါ။ ဆာရီက ချယ်လ်ဆီးကစားသမားတွေဟာ ယုံကြည်မှုပျောက်ဆုံးနေခဲ့ပြီး သူတို့ဘာလုပ်ရမလဲဆိုတာ စဉ်းစားမရအောင်ဖြစ်နေကြတယ်လို့ ဆိုလိုက်ပါတယ်။

READ
အပြစ်ရှိကြောင်းတွေ့ရှိပြီးနောက် ထောင်ဒဏ်၁၀နှစ်ကျခံရဖို့ရှိနေတဲ့အဒမ်ဂျွန်ဆင်
AFP

ဂိုမက်ဇ် ။         ။ လီဗာပူးလ်အသင်းနည်းပြ ဂျာဂန်ကလော့ပ်က ဘန်လေနဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တဲ့ နောက်ခံလူ ဂိုမက်ဇ်ရဲ့အနေအထားဟာ စိုးရိမ်စရာဖြစ်နေတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဂိုမက်ဇ်ဟာ အဲဒီပွဲရဲ့ ပွဲချိန် (၂၃)မိနစ်မှာတင် ဘောလုံးရယူဖို့ ကြိုးစားရင်း ကွင်းဘေးက ဘုတ်ပြားကို တိုက်မိခဲ့တာဖြစ်ပြီး အခြားနောက်ခံလူတစ်ဦးဖြစ်တဲ့ အာနိုးနဲ့ ချက်ချင်းပဲ လူစားလဲခဲ့ရပါတယ်။ ကလော့ပ်က ဂိုမက်ဇ်ရဲ့ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး သေချာပေါက်မပြောနိုင်သေးပေမယ့်လည်း ဆေးအဖွဲ့ကတော့ အသေးအဖွဲဒဏ်ရာမျိုးမဟုတ်ဘူးလို့ သုံးသပ်ထားကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

PA

ဟိုးလ်ဒင်း ။      ။ အာဆင်နယ်အသင်းနောက်ခံလူ ရော့ဘ်ဟိုးလ်ဒင်းဟာ မန်ယူအသင်းနဲ့ပွဲစဉ်မှာ ပြင်းထန်တဲ့ ဒူးဒဏ်ရာရရှိသွားခဲ့ပြီး ဒီနှစ်အတွင်းမှာ ပြန်ကစားနိုင်ဖို့ မလွယ်တော့ဘူးလို့ နည်းပြ အမ်မရီက အတည်ပြုလိုက်ပါတယ်။ ပွဲချိန် (၃၆)မိနစ်မှာ လစ်ခ်ျစတိုင်နာနဲ့ လူစားလဲခဲ့ရတဲ့ နောက်ခံလူဟာ မားကပ်ရက်ရှ်ဖို့ဒ်နဲ့ ထိခိုက်မိခဲ့တာဖြစ်ပြီး သူ့ရဲ့ဒဏ်ရာပြင်းထန်တယ်လို့ အမ်မရီက အတည်ပြုပေးခဲ့တာပါ။ ဟိုးလ်ဒင်းရဲ့ ဒဏ်ရာအခြေအနေဟာ အာဆင်နယ်အတွက်တော့ ထိုးနှက်ချက်ပဲဖြစ်ပြီး နည်းပြအမ်မရီရဲ့ အဓိက ခံစစ်ကစားသမားအများစုဟာ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရပါပြီ။

READ
PFA အကောင်းဆုံးဆုရခဲ့တဲ့ မိုဆာလက်ကို ဆော်ဒီမြို့တော် မက္ကာတွင် မြေတစ်ကွက်ချီးမြင့်ဖို့ရှိ
PA

နေမာ ။ ။ PSG အသင်းတိုက်စစ်မှူး နေမာ က သူ့အနေနဲ့ ပရီးမီးယားလိဂ်အသင်းတစ်သင်းဆီကို ပြောင်းရွှေ့ကစားဖွယ်ရှိတယ်လို့ အရိပ်အမြွက်ပြောဆိုသွားခဲ့ပါတယ်။ နေမာက ပရီးမီးယားလိဂ်မှာ ကစားနေတဲ့ ကစားသမားတွေဟာ အရည်အသွေးမြင့်သူတွေဖြစ်ကြပြီး တစ်နေ့မှာ ပရီးမီးယားလိဂ်မှာ ကစားဖို့ ဖြစ်လာပါလိမ့်မယ်လို့ ဆိုလိုက်တာပါ။ နေမာဟာ ဘာစီလိုနာကနေ PSG အသင်းကို ယူရို (၂၂၂) သန်းနဲ့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ခဲ့သူဖြစ်လို့ သူ့ရဲ့ပြောင်းရွှေ့ကြေးကို ပေးချေနိုင်မယ့် အသင်းဟာ ပရီးမီးယားလိဂ်မှာ မရှိနိုင်လောက်ဘူးလို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

ဟိုင်ဆက်ခ်ျ ။    ။ ချယ်လ်ဆီးအသင်းဟာ နာပိုလီအသင်းရဲ့ ညာနောက်ခံကစားသမား ဟိုင်ဆက်ခ်ျကို လာမယ့်ဇန်န၀ါရီအပြောင်းအရွှေ့မှာခေါ်ယူဖို့ ကြိုးစားနေပါတယ်။ ချယ်လ်ဆီးနည်းပြ ဆာရီဟာ ခံစစ်ပိုင်းနဲ့ တိုက်စစ်ပိုင်းကို အပြောင်းအလဲတွေပြုလုပ်ဖို့ စီစဉ်နေတာဖြစ်ပြီး သူ့ရဲ့အသင်းဟောင်း နာပိုလီ အသင်းက ကစားသမားတွေကိုခေါ်ယူဖို့ ကြိုးစားနေတာပါ။ ဟိုင်ဆက်ခ်ျနဲ့ နာပိုလီအသင်းတို့ရဲ့ စာချုပ်ကြားမှာ ယူရို သန်း(၅၀) တန် စာချုပ်လျော်ကြေးရှိနေလို့ ချယ်လ်ဆီးအနေနဲ့ ဟိုင်ဆက်ခ်ျကိုခေါ်ယူချင်တယ်ဆိုရင် အဲဒီငွေပမာဏကိုပေးချေရမှာပဲဖြစ်ပါတယ်။

Linn

Source : TheSun , Dailymail , Goal

SHARE