ပေါ်တူဂီ ။ ။ ပေါ်တူဂီအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ Nations League ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဆွစ်ဇာလန်အသင်းကို (၃-၁)ဂိုးနဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲဆီ တက်လှမ်းသွားနိုင်ခဲ့ပါပြီ။ ပေါ်တူဂီအသင်းရဲ့အသင်းခေါင်းဆောင် ရော်နယ်ဒိုက ဒီပွဲမှာရရှိခဲ့တဲ့ ပေါ်တူဂီရဲ့သွင်းဂိုး(၃)ဂိုးစလုံးကို သွင်းယူပေးခဲ့ပြီး အထူးခြေစွမ်းပြခဲ့တာပါ။ ပေါ်တူဂီအသင်းဟာ ပွဲချိန် (၂၅)မိနစ်မှာ ရော်နယ်ဒိုရဲ့သွင်းဂိုးနဲ့အတူ စတင်ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းပွဲချိန် (၅၇)မိနစ်မှာတော့ ဆွစ်ဇာလန်အသင်း ပင်နယ်တီရခဲ့လို့ ရော်ဒရီဂွက်ဇ်က ချေပဂိုးပြန်သွင်းနိုင်ခဲ့ပါတယ်။ အဲဒီနောက် ပွဲပြီးခါနီး ပွဲချိန် (၈၈)မိနစ်နဲ့ မိနစ်(၉၀)မှာ ရော်နယ်ဒိုက သွင်းဂိုး(၂)ဂိုး ထပ်သွင်းပေးခဲ့လို့ ပေါ်တူဂီအသင်း ဗိုလ်လုပွဲဆီ တက်ရောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။
ရော်နယ်ဒို ။ ။ ပေါ်တူဂီအသင်းတိုက်စစ်မှူး ရော်နယ်ဒိုက မနေ့ညက ကစားခဲ့တဲ့ Nations League ပွဲစဉ်အပြီး အင်တာဗျူးမှာ သူတို့ရရှိခဲ့တဲ့ အနိုင်ရလဒ်ဟာ ထိုက်တန်ကြောင်းနဲ့ ပေါ်တူဂီမှာ ဗိုလ်လုပွဲစဉ်ကို ကစားရမယ့်အတွက်လည်း ယုံကြည်မှုအပြည့်ရှိနေကြောင်းပြောဆိုသွားခဲ့ပါတယ်။ မနေ့က ပွဲစဉ်မှာ အသင်းအတွက် Hat-Trick သွင်းဂိုး သွင်းယူပေးသွားခဲ့တဲ့ ရော်နယ်ဒိုက သူသွင်းယူခဲ့တဲ့ သွင်းဂိုးတွေဟာ လှပတဲ့ ဂိုးတွေဖြစ်ကြပြီး အသင်းအတွက် အရေးပါတယ်လို့ ခံစားရကြောင်းကိုလည်း ပြောဆိုသွားခဲ့ပါသေးတယ်။

မန်စီးတီး ။ ။ မန်စီးတီးအသင်းဟာ နောက်ခံကစားသမား ဒါနီလိုအတွက် အင်တာမီလန်အသင်းရဲ့ ပေါင်(၁၃)သန်းနဲ့ ကမ်းလှမ်းမှုကို ပယ်ချလိုက်ပါတယ်။ မန်စီးတီးဟာ ဒါနီလိုကိုရောင်းချဖို့ ပြင်ဆင်နေခဲ့ပေမယ့်လည်း ပြောင်းရွှေ့ကြေးအဖြစ် အနည်းဆုံး ပေါင်သန်း(၂၀)လောက် လိုချင်နေခဲ့တာပါ။ မန်စီးတီးဟာ အခြားနောက်ခံလူတစ်ဦးဖြစ်တဲ့ ဖေဘီယန်ဒဲ့ဖ်ကိုလည်းရောင်းချဖို့ ပြင်ဆင်နေပြီး ပေါင်(၁၅)သန်းလောက်ရဖို့ မျှော်လင့်နေပါတယ်။
ဘူဖွန် ။ ။ PSG အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားပြီဖြစ်တဲ့ ဂိုးသမားကြီး ဘူဖွန်ဟာ အသင်းနဲ့ လမ်းခွဲလိုက်ပြီဖြစ်ပြီး PSG အသင်းအနေနဲ့ ဂိုးသမားသစ်တစ်ဦးကို အမြန်ဆုံးခေါ်ယူဖို့ ပြင်ဆင်နေပါပြီ။ သတင်းတွေမှာတော့ PSG ဟာ မန်ယူအသင်းဂိုးသမား ဒီဂီယာကိုခေါ်ယူဖို့ ကြိုးစားလိမ့်မယ်လို့ ရေးသားနေကြပြီး ဒီဂီယာ ကိုယ်တိုင်ကလည်း မန်ယူအသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေပါတယ်။
အဲရစ်ဆင် ။ ။ စပါးအသင်း ကွင်းလယ်ကစားသမား အဲရစ်ဆင်က သူ့အနေနဲ့ အသင်းကနေ ထွက်ခွာချင်ကြောင်းကို စပါးတာဝန်ရှိသူတွေဆီ အသိပေးလိုက်ပါတယ်။ အသင်းနဲ့အတူ စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်တော့တဲ့ အဲရစ်ဆင်ဟာ သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖို့ကို ငြင်းပယ်ထားခဲ့ပေမယ့် စပါးအသင်းကတော့ ကစားသမားကို ဆက်လက်ထိန်းသိမ်းထားဖို့ ဆန္ဒရှိနေခဲ့တာပါ။ ဒီအပြောင်းအရွှေ့မှာ ရီးယဲလ်အသင်းရဲ့ အပြောင်းအရွှေ့ပစ်မှတ်အဖြစ် ရှိနေတဲ့ အဲရစ်ဆင်က စပါးအသင်းတာဝန်ရှိသူတွေဆီ အသိပေးခဲ့တာဖြစ်ပြီး သတင်းတွေကတော့ အဲရစ်ဆင်ရဲ့တန်ကြေးဟာ ပေါင်သန်း(၈၀)လောက်ရှိလိမ့်မယ်လို့ ဖော်ပြနေကြပါတယ်။

ဘေးလ် ။ ။ အင်တာမီလန်အသင်းနည်းပြသစ် ဖြစ်လာခဲ့တဲ့ ကွန်တီက ရီးယဲလ်အသင်းကနေ ထွက်ခွာဖို့ရှိနေတဲ့ ဘေးလ်ကိုခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။ ရီးယဲလ်အသင်းမှာ ဘေးလ်တစ်ယောက် ပုံစံကောင်းမပြနိုင်ခဲ့ပေမယ့်လည်း ကွန်တီကတော့ စီးရီးအေမှာသာ လာကစားရင် သူ့ရဲ့အကောင်းဆုံးပုံစံကို ပြန်လည်ရရှိလာနိုင်တယ်လို့ ယုံကြည်နေပြီး ဘေးလ်အတွက်ပေးချေရမယ့် မြင့်မားတဲ့ပြောင်းရွှေ့ကြေးနဲ့ လစာကိုတော့ ထည့်သွင်းစဉ်းစားရဖွယ်ရှိနေပါတယ်။

Linn