၆-၇-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Juventus Twitter

ဂျူဗင်တပ်စ် ။    ။ ဂျူဗင်တပ်စ်အသင်းဟာ ဆက်ဆူအိုလိုအသင်းရဲ့ နောက်ခံကစားသမား ဒီမီရယ် ကို ပေါင်(၁၆)သန်းနဲ့ ခေါ်ယူလိုက်ပြန်ပါပြီ။ အသက် (၂၁)နှစ်အရွယ်သာ ရှိသေးတဲ့နောက်ခံလူကို ဂျူဗင်တပ်စ်က (၅)နှစ်စာချုပ်နဲ့ခေါ်ယူလိုက်တာဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီတုန်းက ဆက်ဆူအိုလိုအတွက် (၁၄)ပွဲကစား၊ (၂)ဂိုးသွင်းပေးခဲ့သူပါ။

ပေါ့ဂ်ဘာ ။       ။ မန်ယူအသင်းကွင်းလယ်ကစားသမား ပေါ့ဂ်ဘာရဲ့ အေးဂျင့်က ပေါ့ဂ်ဘာဟာ မန်ယူကနေ ပြောင်းရွှေ့ဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်းနဲ့ အသင်းမှာဆက်ရှိနေဖို့လည်းမသေချာတော့ကြောင်း ပြောဆိုလိုက်ပြန်ပါတယ်။ ပေါ့ဂ်ဘာတစ်ယောက် မန်ယူအသင်းကနေ ထွက်ခွာချင်အောင် သူ့ရဲ့အေးဂျင့် ရိုင်အိုလာ က အဓိက တွန်းအားပေးနေခဲ့တယ်လို့ သတင်းတွေက ဖော်ပြနေကြပြီး လက်ရှိအချိန်မှာလည်း ပေါ့ဂ်ဘာကို မန်ယူအသင်းကနေ ထွက်ခွာသွားအောင် ရိုင်အိုလာ က ဂျူဗင်၊ ရီးယဲလ်တို့နဲ့ ဆက်သွယ်မှုတွေ ပြုလုပ်နေတယ်လို့ ရေးသားဖော်ပြနေကြပါတယ်။

(AP Photo)

ဂရစ်ဇ်မန်း ။      ။ အက်သလက်တီကိုနဲ့ ဘာစီလိုနာတို့ဟာ တိုက်စစ်မှူး ဂရစ်ဇ်မန်းကို ရောင်းချဖို့ မတ်လအတွင်းမှာကတည်းက သဘောတူညီခဲ့ပြီးဖြစ်တယ်လို့ အက်သလက်တီကိုတာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုလိုက်ပြီး လက်ရှိအချိန်အထိ အပြောင်းအရွှေ့ ဖြစ်ပေါ်မလာသေးတဲ့အပေါ် နားမလည်နိုင်ပဲ ဖြစ်မိတယ်လို့ ဆိုလိုက်ပါတယ်။ အက်သလက်တီကိုရဲ့ တာဝန်ရှိသူတစ်ယောက်က ဂရစ်ဇ်မန်းနဲ့ ပတ်သက်တဲ့အခြေအနေကို ပြောဆိုသွားခဲ့တာဖြစ်ပြီး ဘာစီလိုနာဥက္ကဌ ဘာတိုမြူဟာ သူတို့ရဲ့ကစားသမားကိုခေါ်ဖို့ လက်ရှိအချိန်အထိ အပြီးသတ် ဆုံးဖြတ်ချက် မချနိုင်သေးဘူးလို့ ဝေဖန်သွားခဲ့တာပါ။

READ
ဇီဒန်းဟာ အနိုင်နဲ့ ပိုင်းသွားခဲ့တာလား
(AP Photo/Manu Fernandez, File)

အိုဒွိုင်း ။         ။ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာချင်နေခဲ့တဲ့ ကွင်းလယ်ကစားသမား အိုဒွိုင်းဟာ နည်းပြသစ် လမ်းပတ်နဲ့ စကားပြောဆို ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီးတဲ့နောက် အသင်းနဲ့စာချုပ်သစ် ချုပ်ဖို့တောင် နီးစပ်နေခဲ့ပြီလို့ Goal က ဖော်ပြပါတယ်။ (၂၀၂၀)ခုနှစ်မှာ ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် (၁၈)နှစ်အရွယ် တောင်ပံကစားသမားလေးဟာ စာချုပ်သစ်မှာ တစ်ပတ်လုပ်ခ ပေါင်(၁၀၀၀၀၀)အထိ ရရှိဖွယ်ရှိနေပြီး လမ်းပတ်က အသင်းမှာဆက်ရှိနေအောင် ဆွဲဆောင်နိုင်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

ဒါနီအဲလ်ဗက်စ် ။                   ။ မန်ယူအသင်းနဲ့ ဘရာဇီးအသင်းကစားသမားဟောင်း ကလီဗာဆင် က PSG ကနေ ထွက်ခွာလာခဲ့တဲ့ ဘရာဇီးအသင်းဖော်ဟောင်း အဲလ်ဗက်စ်ဟာ လီဗာပူးလ်အသင်းဆီ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေကြောင်း ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့လက PSG နဲ့ စာချုပ်သက်တမ်းကုန်ပြီး လမ်းခွဲခဲ့တဲ့ အသက် (၃၆)နှစ်အရွယ် ကစားသမားဟာ ဂျာဂန်ကလော့ပ်ရဲ့အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ရောက်ရှိလာဖို့ ရှိနေတယ်လို့ ကလီဘာဆင်က ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

READ
ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြနေရခြင်းရဲ့အကြောင်းရင်းကိုဖော်ထုတ်လိုက်တဲ့ ဟယ်ရီကိန်း
(AP Photo/Victor R. Caivano)

ပေါ်တို ။         ။ ပေါ်တိုအသင်းဟာ အသက် (၂၄)နှစ်အရွယ် ဂျပန်လက်ရွေးစင်ကစားကမား နာကာဂျီးမား ကို (၅)နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။ ပေါ်တူဂီကလပ် ပေါ်တီမိုနန့်စ်အသင်းမှာ (၂၀၁၈-၁၉)ဘောလုံးရာသီကို ဖြတ်သန်းခဲ့တဲ့ ဂျပန်ကွင်းလယ်ကစားသမားဟာ (၂၉)ပွဲကစား (၁၀)ဂိုးသွင်းပေးနိုင်ခဲ့ပြီးနောက် ကာတာကလပ် အယ်လ်ဒူဟေးလ်အသင်းကိုပြောင်းရွှေ့သွားခဲ့တာပါ။ လက်ရှိအချိန်မှာတော့ ဖော်ပြမထားတဲ့ပြောင်းရွှေ့ကြေးနဲ့ ပေါ်တိုအသင်းကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

 

မော်ရင်ဟို ။     ။ တရုတ်စူပါကလပ်အသင်း ဂွမ်ဇူး အဲဗားဂရန်ဒီရဲ့ နည်းပြအဖြစ် ကမ်းလှမ်းမှုကို မော်ရင်ဟို က ငြင်းဆန်လိုက်ကြောင်း ဂါးဒီးယန်းသတင်းစာက ဖော်ပြပါတယ်။ တရုတ်စူပါလိဂ်ကလပ်အသင်းဟာ မန်ယူမှာ မော်ရင်ဟို ရရှိခဲ့တဲ့ တစ်နှစ်လုပ်ခ ပေါင်(၁၅)သန်းထက် ကျော်လွန်တဲ့ ငွေကြေးပမာဏကို ပေးချေသွားမယ်လို့ ကမ်းလှမ်းခဲ့ပေမယ့်လည်း မော်ရင်ဟိုကတော့ မိသားစုကိစ္စအကြောင်းပြချက်နဲ့ ငြင်းပယ်သွားခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြသွားခဲ့ပါတယ်။

Linn

Source : TheSun , Goal , Mirror

SHARE